ဒေါ်နယ် ထရမ့်သည် ဩဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား၍ ဗလာဒီမာ ပူတင် အား စစ်ကို ရပ်မလား၊ ပိတ်ဆို့ဒဏ်ခတ် တာ ခံမည်လားဟု ရွေးချယ်ရန် သတ်မှတ် ပေးခဲ့သည်။ သို့သော် သတ်မှတ်ထားသည့် ရက်သာ ရောက်လာသည် ထရမ့်၏ ရာဇသံက လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။
ညနေ ၆ နာရီ ခန့်တွင် ထရမ့် နှင့် ပူတင်တို့ ဩဂုတ်လ ၁၅ ရက်နေ့တွင် အလာ့စကား တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော်မှ ကြေညာချက် ထွက်ပေါ်လာခဲ့သည်။ ထိုထိပ်သီး အစည်းအဝေးသို့ ယူကရိန်း သမ္မတ ဗော်လိုဒီမီယာ ဇလန်စကီး က ၎င်းကိုပါ ဖိတ်ခေါ်သင့်သည်ဟု ပြောလာသည်၊ ပြင်သစ် သမ္မတ မာခရောင်က ယူကရိန်းတို့ မပါဘဲ ယူကရိန်း အနာဂတ်ကို ဆုံးဖြတ်၍ မရဟု ပြောလာသည်။
ပူတင်ကတော့ အမေရိကန် မှ လွှတ်လိုက်သော သံတမန် များ နှင့် လိမ္မာပါးနပ်စွာ ပြောဆိုနိုင်ခဲ့ခြင်းကြောင့် သံတမန်ရေးအရ အောင်ပွဲ ခံသွားခဲ့ပြီ ဖြစ်သည်။ ထရမ့်၏ မိုးကြီးလေကြီး ပြော၊ မရလျင် ပြန် လျောချ ဆိုသည့်အထာကိုလည်း ပူတင်က ကောင်းစွာ ကျေညက်ထားပြီးလည်း ဖြစ်သည်။
သို့သော် အပေါ်ယံ ဟန်ဆောင်ပန်ဆောင် တွေ့ကြမည့် ပွဲမျိုးတော့ မဟုတ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် မကြာသေးမီအထိ သေနေပြီဟု ယူဆ နေရာမှ ပြန်လည် အရှိန် ရလာနေပြီ ဖြစ်သည်။ ပူတင်ဖက်က ဆွေးနွေးပွဲ မတိုင်မီ လေကြောင်း နှင့် ရေကြောင်းမှ တိုက်ခိုက်နေမှု များ ရပ်ဆိုင်းပေးမည်ဟု ကမ်းလှမ်းထားပုံရသည်။ ပဋိပက္ခ လုံးဝ အဆုံးသတ်သွားရေး အတွက် အခြေခံ အချက်များ ထည့်သွင်းထားသည့် သဘောတူညီချက်မျိုးလည်း ရုပ်လုံးပေါ်လာနိုင်သည်ဟု သတင်းရပ်ကွက်များက ပြောဆိုနေကြသည်။
သို့သော် ပူတင်၏ အစစ်အမှန် သဘောထား၊ ရပ်တည်ချက်သည် အမေရိကန်၊ ယူကရိန်း တို့ နှင့် အလှမ်းကွာနေဆဲ ဖြစ်သည်။ လက်ရှိတွင်တော့ ဗုံးကြဲ တိုက်ခိုက်နေဆဲပင် ဖြစ်သည်။
သုံးနိုင်ငံစလုံး လိုလားသည့် ငြိမ်းချမ်းရေး သဘောတူညီချက် မျိုး ပုံပေါ်လာဖို့က ခက်ခဲနေဆဲဖြစ်သည်။ သတင်းပေါင်းစုံကလည်း ပုံစံ အမျိုးမျိုး နှင့် ထွက်နေ၍ ရှူပ်ထွေးလာနေသည်။
ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် မော်စကို သို့ မမျှော်လင့်ပဲ ပေါက်ချလာသည့် ဩဂုတ်လ ၆ ရက်နေ့ မတိုင်မီ အထိ ရုရှား နှင့် ယူကရိန်း အကြား သဘောတူ နိုင်မည့် အချက်များကို နေ့စဉ်လို ဖလှယ်နေခဲ့ကြသည်။
ထိုအထဲတွင် တိုက်ပွဲများကို လက်ရှိ နှစ်ဖက် ရင်ဆိုင် ထိတွေ့နေသည့် မျဉ်း တလျောက် ရပ်ဆိုင်းထားရမည် ဟု ပါရှိသည်။ သို့သော် ယူကရိန်းသည် ရုရှားတို့ ၎င်းတို့ နယ်မြေ အစိတ်အပိုင်းများ သိမ်းပိုက်ထားမှု ကို အသိအမှတ် မပြုနိုင် ဖြစ် နေသည်။ နှစ်နိုင်ငံ လက်နက်ကိုင် တပ်များ၏ အရွယ်အစားကို ကန့်သတ်ထားဖို့လည်း ပါရှိသည်။ နေတိုး အဖွဲ့ဝင် ဖြစ်ဖို့ လုံးလုံးလျားလျား ခွင့်မပြုသော်လည်း အီးယူ တွင်တော့ ဝင်ခွင့် ပြုသည်ဟုလည်း ဆိုသည်။
ဝစ်ကော့ဖ် ၏ သံခင်းတမန်ခင်းကြောင့် ကမ်းလှမ်းလာသည့် သဘောသဘာဝ ပြောင်းလဲ သွားပုံရသည်။ ပူတင် နှင့် သုံးနာရီကြာ ဆွေးနွေးခဲ့စဉ် အတွင်း ဝစ်ကော့ဖ်သည် ရုရှားအား ကမ္ဘာစီးပွားရေး အသိုင်းအဝန်း အတွင်းသို့ ပြန်လည် ပေါင်းစည်းပေး မည်ဟု မက်လုံးပေးခဲ့ပုံရပြီး ၎င်းတို့၏ ရေနံ ကုန်သွယ်ရေး အပေါ် တားမြစ်ထားမှုများ အဆုံးသတ် ပေးမည်ဟု ဆိုသည်။ ပူတင်ဖက်ကလည်း ထိုအစည်းအဝေး မှာပင် ယူကရိန်း သည် ဒိုနက်စ် နှင့် လူဟန့်စ် ပြည်နယ် တဖက်အထိ ဆုတ်ပေးရမည်ဟု ပူတင်က ကမ်းလှမ်းခဲ့သည်။
ထိုသို့ ဆုတ်ပေးရမည်ဆိုက ၎င်းတပ်များ သုံးနှစ်ခွဲလောက် ကြာအောင် တိုက်ယူ၍ မရသည့် နယ်မြေများ အချောင်ရသွားမည့် ကမ်းလှမ်းချက်မျိုး ဖြစ်နေသည်။ ထို့အတွက် ပူတင်၏ ကမ်းလှမ်းချက်ကို ဇလန်စကီးက လက်မခံခဲ့ခြင်းမှာလည်း သဘာဝ ကျပေသည်။ ယူကရိန်းသည် မိမိတို့ နယ်မြေ တစိတ်တဒေသ ကိုမျှ ကျုးကျော် သိမ်းပိုက်လာသူများ ကို လက်ဆောင် ပဏ္ဍာ အဖြစ် ပေးအပ်မည် မဟုတ်ဟု ဆိုသည်။ ဝစ်ကော့ဖ်သည် ပူတင်၏ အဆိုပြုချက်များကို ယူကရိန်း နှင့် ၎င်း၊ အမေရိကန် လုပ်ဖေါ်ကိုင်ဖက်များ နှင့် ၎င်း စီစစ် ခဲ့ပြီး ဖြစ်သည်။ သတင်းစုံ ရပ်ကွက် တခုက "လုံးဝ မူမမှန်သည့် ပွဲ" ဟု ကင်ပွန်း တပ်ခဲ့သည်။
ထရမ့်၏ အစိုးရ အဖွဲ့ အတွင်းတွင်လည်း အတွင်းကျိတ် ပြဿနာများ ရှိနေသည်။ ကသောင်းကနင်း ဖြစ်မှု၊ မသိနားမလည် မှု နှင့် အချင်းချင်း အတ္တချင်းပြိုင် ပွတ်တိုက်မှု များက အမြဲလို ရှိ နေသည်။
ထရမ့်သည် အငြိမ်းစား ဗိုလ်ချုပ်ကြီး ကီးသ် ခဲလော့ ကိုလည်း အထူးသံတမန် အဖြစ် ခန့်ထားပြန်သည်၊ ၎င်းက ရုရှား၏ စစ်ရေး အနေအထားကို အဓိကထား ချဉ်းကပ်သူ ဖြစ်သည်။ ထို့အတွက် အိမ်ဖြူ တော်တွင် ရုရှား နှင့် ပတ်သက်၍ ဝစ်ကော့ဖ် အဖွဲ့ နှင့် ခဲလော့ အဖွဲ့ဟူ၍ နှစ်ခြမ်းကွဲနေသည်။
ပူတင်က အလာ့စကား ထိပ်သီး တွေ့ဆုံ့ပွဲ ကို ၎င်းဖက်က မယ်မယ်ရရ လိုက်လျောစရာ မလိုပဲ နှင့် ဖြစ်မြောက်သွားသည် အတွက် အောင်ပွဲ အဖြစ် သတ်မှတ်မည် ဖြစ်သည်၊ ထို့ပြင် ဇလန်စကီးအား ၎င်းနှင့် တန်းတူ ရည်တူ အဖြစ် ရောက်လာမည့် အရေး ကန့်ကွက်ထားမှု ကိုလည်း ထရမ့်က လိုက်လျော ပေးခဲ့ပြန်သည်။
ပူတင် အတွက်လည်း ငွေရေးကြေးရေးပိုင်း တွင် ရှားပါးလာနေသည်၊ စစ်သားစု ဆောင်းရာတွင်လည်း ဘောနပ်စ်များ နင့်နေအောင် ပေး၍ ခေါ်ယူ နေရသည်။ အစိုးရ ဘဏ္ဍာရေးလည်း အခြေအနေ ဆိုးလာနေ၍ လက်ရှိ ပုံစံမျိုး နှင့် တပ်သားသစ် ဆက်၍ စုဆောင်းဖို့ အခြေအနေ မပေး ဖြစ်လာနေသည်။
ပူတင်သည် ယခု လို ပုံစံမျိုး နှင့် စစ်ကို ရပ်လိုက်ပြီး ယူကရိန်းအား မတည်မငြိမ် ဖြစ်အောင် အတွင်းကနေ ဒုက္ခပေးမည် ဆိုလည်း ၎င်း၏ နိုင်ငံသားများကို အောင်ပွဲခံခဲ့သည်ဟု ပြောဖို့ အခက်တွေ့နေရပြီ ဖြစ်သည်။ လက်ရှိတွင် ရုရှားသည် နယ်မြေလေး မဆိုသလောက် အသာရ ဖို့ အတွက် အကျအဆုံး များစွာ ပေးဆပ်နေရသည်။ ၎င်း ဗိုလ်ချုပ်ကြီး များ ပြောသလို ယူကရိန်း သုံးလ အတွင်း ပြိုလဲသွားရမည် ဆိုသော စကားကိုသာ မျက်စိမှိတ် ယုံဖို့သာ ရှိပေတော့သည်။
(၂၀၂၅ ဩဂုတ်လ ၉ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "Instead of sanctions, Donald Trump announces a summit with Russia" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)