နိုင်ငံရေး လုပ်ကြံမှု များ နှင့် ရိုင်းခဲ့ရသော တိုင်းပြည် ကံကြမ္မာ

by Hla Soewai - Aug 10 2025

အကယ်၍ ဗိုလ်ချုပ် အောင်ဆန်း နှင့် ၎င်း၏ ဝန်ကြီး ခြောက်ဦး လုပ်ကြံခြင်း မခံခဲ့ရလျင် ယနေ့တွင် မြန်မာသည် မည်သို့သော နိုင်ငံမျိုး ဖြစ်နေပေမည်နည်း။

 

သို့မဟုတ်လည်း ဗိုလ်ကြီး အုန်းကျော်မြင့်သာ ၁၉၇၆ တွင် အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းအား လုပ်ကြံမှု အောင်မြင်သွားခဲ့လျင် မြန်မာသည် လွန်ခဲ့သည့် နှစ် လေးဆယ် ကျော် ကတည်းက စစ်အာဏာရှင် စနစ် အောက်မှ ရုန်းထွက် နိုင်ခဲ့မည်လော။

 

အထက်ပါ မေးခွန်းများကို ကိုကျော်ဇော်မိုးက ဧရာဝတီ၏ အင်္ဂလိပ်ပိုင်း သတင်း ကဏ္ဍ တွင် ဆောင်းပါးဖြင့် မေးခွန်းထုတ်ထားခဲ့သည်ကို ဗဟုသုတ ဖြစ်ဖွယ် ရာ များ ပါဝင်နေသဖြင့် ကောက်နှုတ် တင်ပြသွားမည် ဖြစ်သည်။

 

မိမိတို့ နိုင်ငံ၏ နိုင်ငံရေး လုပ်ကြံမှု ကြီးများကို ပြန်လည် စောင်းငဲ့ကြည့်မည် ဆိုက ဝမ်းနည်းဖွယ်ရာဖြစ်ရပ်များ ဆင့်ကဲဆင့်ကဲ ဖြစ်လာသည်ကို တွေ့ရမည် ဖြစ်သည်။ လုပ်ကြံ ခံခဲ့ရသူ များသည် အများအားဖြင့် လူတော်လူကောင်းများ ဖြစ်ပြီး တိုင်းပြည်၏ အနာဂတ်ကို အကောင်းဖက် ရောက်အောင် ဦးဆောင်ကောင်း ဦးဆောင်သွားနိုင်မည့် တာဝန်သိ ခေါင်းဆောင်များ ဖြစ်နေကြသည်။ သို့သော် တိုင်းပြည်ကို ဖျက်လို ဖျက်ဆီး လုပ်ခဲ့ကြသူများက ထိုကဲ့သို့ ကြမ္မာဆိုး မျိုး နှင့် ကြုံခဲလှသည်ဟု ဆိုရမည်သာ ဖြစ်သည်။

 

လုပ်ကြံ ခံခဲ့ရသူ များ မှာ ဗိုလ်ချုပ်အောင်ဆန်း နှင့် ၎င်း၏ ကက်ဘိနက် အဖွဲ့ဝင်များ၊ လွတ်လပ်ရေး ရပြီး ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာသူ ဦးတင်ထွဋ်၊ သမ္မတကြီး စပ်ရွှေသိုက်၊ စော်ဘွား ကြီး စပ်ကြာဆိုင်၊ ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး၊ ပြီးခဲ့သည့် ဆယ်စု နှစ်များ အတွင်းဆို က ကရင်အမျိုးသား သမဂ္ဂ (ကေအင်ယူ) ၏ အထွေထွေ အတွင်းရေးမှုးချုပ် ပဒို မန်းရှာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး ဦးကိုနီ တို့ ဖြစ်သည်။

 

ထိုပုဂ္ဂိုလ်များ အစား တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး လုပ်နေကြသည့် စစ်ခေါင်းဆောင်များကို ဖယ်ရှား နိုင်ခဲ့မည် ဆိုလျင် နိုင်ငံ၏ ကံကြမ္မာသည် အကောင်းဖက်သို့ လှည့်သွား နိုင်မည်လော။

 

ဤသည်ကား လုံးဝ ဖြစ်နိုင်ခြေ ရှိနေသည်။ သို့ရာတွင် ထိုထက် ပို၍ လေးနက် ခက်ခဲသော မေးခွန်း ရှိနေပြန်သည်။ လုပ်ကြံသတ်ဖြတ်ခြင်း မျိုးဖြင့် နိုင်ငံရေး စနစ်တခုကို ပြောင်းလဲသင့်သလား၊ ကျင့်ဝတ် သိက္ခာအရကော လုပ်သင့်သည်ဟု ကာကွယ် ပြောဆို နိုင်မည်လော၊ နိုင်ငံရေးအရကော ထိရောက်မှု ရှိလာနိုင်မည်လော။

 

နိုင်ငံ အတွက် သက်ရောက်မှု အရှိဆုံး လုပ်ကြံမှုကြီးကား ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့၊ လွတ်လပ်ရေး မရမီ ခြောက်လ အလိုတွင် ဗိုလ်ချုပ် နှင့် ဝန်ကြီး ခြောက်ဦး သေနတ်ဖြင့် လုပ်ကြံ ခံခဲ့ရခြင်းပင် ဖြစ်သည်၊ ဗိုလ်ချုပ်ကိုယ်တွင် ကျည် ၁၃ တောင့် စိုက်ဝင်သွားခဲ့သည်။

 

ဂဠုန် ဦးစောသာ ‌အောင်မြင်အောင် မလုပ်နိုင်ခဲ့ပဲ ဗိုလ်ချုပ်သည် တိုင်းပြည်ကို ဆက်၍ ဦးဆောင်ခွင့် ရခဲ့မည် ဆိုလျှင် နိုင်ငံ၏ အနာဂတ်သည် တမူ ထူးခြားစွာ ထွက်ပေါ်လာမည်သာ ဖြစ်သည်။ စစ်ဒဏ်ကြောင့် ပျက်စီးနေသော နိုင်ငံတစ်ခုကို အောက်ခြေကနေ အသစ် ပြန်လည်ထူထောင်ရန်အတွက် အလိုအပ်ဆုံးအရာ အရည်အချင်းသည်က ခိုင်မာပြတ်သားပြီး အနာဂတ်ကို ကြိုတင်တွေးမြင်နိုင်သော အမြင်ကျယ်ဝါဒရှိသည့် ဦးဆောင်မှုပင် ဖြစ်သည်။

 

သို့သော်လည်း နိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာသူ ဦးနုသည် ထိုကဲ့သို့သော အရည်အချင်း ပိုင်းတွင် အားနည်းသူ တဦး ဖြစ်သည်။ ထိုသို့ အားနည်းနေသည့် အပြင် နိုင်ငံရေး နှင့် ဘာသာရေးကိုလည်း ဒွေးရောယှက်တင် လုပ်လာသည်။ တန်းတူ ညီမျှရေး ကို အာမခံမည့် ဖက်ဒရယ် မူဝါဒ များ အကောင်အထည် ဖေါ်ရမည့် အချိန်တွင် တိုင်းရင်းသား လူနည်းစုများ၏ အသံကို လျစ်လျု ရှူခဲ့သည်။

 

ထိုသို့ ခေါင်းဆောင်နိုင်မှု အားနည်းခဲ့ခြင်းကြောင့် နိုင်ငံသည် စစ်အုပ်ချုပ်ရေး အောက်သို့ သက်ဆင်းသွားခဲ့ရခြင်း ဖြစ်သည်။ ကံဆိုး မိုးမှောင်ကျခဲ့ရသည်က ဗိုလ်ချုပ်တို့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရခြင်းသည် နောက်ဆုံး ဖြစ်မလာခဲ့ပဲ အစ ပျိုးလာခဲ့ခြင်း ဖြစ်နေသော ကြောင့်ပင်။

 

ဦးတင်ထွဋ်

 

လွတ်လပ်ရေး ရပြီး ကိုးလ အကြာ ၁၉၄၈ စက်တင်ဘာလ တွင် ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာသူ ဦးတင်ထွဋ် လုပ်ကြံ ခံခဲ့ရသည်။ ၎င်းသည် ဗိုလ်ချုပ် နှင့် အတူ လွတ်လပ်ရေး အတွက် လန်ဒန် သို့ သွား၍ အရေးဆိုရာတွင် အတူ လိုက်ပါသွားခဲ့သူ ဖြစ်သည်။

 

၎င်း၏ New Times of Burma သတင်းစာတိုက်မှ အပြန် ကားထဲသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း ခံရ၍ ကွယ်လွန်သွားခဲ့ရသည်။ ကျုးလွန်သူများကို ဖေါ်ထုတ်နိုင်ခြင်း မရှိသော်လည်း စစ်ဆေး တွေ့ရှိသော အချက်အချို့က ဒုကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည့် ဗိုလ်ချုပ်နေဝင်းကို ညွှန်ပြနေခဲ့သည်။

 

စောဘဦးကြီး

 

၁၉၅၀ တွင် ကင်းဘရစ်ခ်ျ တက္ကသိုလ် ကျောင်းထွက် နှင့် ဗြိတိသျှ အုပ်ချုပ်ရေး အောက်တွင် ဝန်ကြီး တဦး ဖြစ်ခဲ့သူ စောဘဦးကြီးသည် ကရင်ပြည်နယ် ကောကရိတ် အနီးတွင် အစိုးရတပ်များ၏ ခြုံခို တိုက်ခိုက်ခံရခြင်းကြောင့် ကျဆုံးသွားခဲ့ရသည်။ ထိုစစ်ဆင်ရေးကို ဦးဆောင်ခဲ့သူသည် ဗိုလ်ချုပ် နေဝင်း၏ လက်ရုံး ဗိုလ်မှုးကြီး စိန်လွင်ပင် ဖြစ်သည်။

 

သမ္မတ စောရွှေသိုက်

 

ဗိုလ်နေဝင်း၏ ၁၉၆၂ အာဏာသိမ်းယူပြီးနောက်တွင် လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။ သမ္မတကြီး စောရွှေသိုက်သည် ဆေးထိုး အသတ်ခံရ၍ အင်းစိန် အကျဉ်းထောင် အတွင်း ကွယ်လွန် သွားခဲ့ရသည်။

 

စော်ဘွား စပ်ကြာဆိုင်

 

‌၎င်းသည်လည်း အာဏာသိမ်းပြီး နောက်တရက်တွင်‌ တောင်ကြီး မြို့ အနီးရှိ စစ်တပ်၏ စစ်ဆေးရေး ဂိတ်တခု ၌ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။ ဗိုလ်နေဝင်း၏ စစ်‌ ကြောရေး လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်ဟု ယုံကြည်နေကြသည်။

 

သခင်သန်းထွန်း

 

ဗမာပြည် ကွန်မြူနစ် ပါတီ ဥက္ကဌ ဖြစ်သူ သခင် သန်းထွန်းသည် ၁၉၆၈ တွင် ပဲခူးရိုးမ တောတွင်း တနေရာ ရှိ ဌာနချုပ် အနီးတွင် စစ်တပ်မှ ဒလျို အဖြစ် လွှတ်ထားသူ တဦး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။

 

‌ဇော်ဆိုင်း၊ ဇော်တူး

 

ကချင် လွတ်လပ်ရေး တပ်တော်ကို တည်ထောင်ခဲ့သည့် ဇော်ဆိုင်း၊ ဇော်တူး ညီအကိုသည် ၁၉၇၅ တွင်အတွင်း ပဋိပက္ခ ကြောင့် လုပ်ကြံခံခဲ့ရသည်။

 

 

ဗိုလ်ကြီး အုန်းကျော်မြင့်

 

၁၉၇၆ တွင် အသက် ၃၆ နှစ်ရှိ ဗိုလ်ကြီး အုန်းကျော်မြင့်သည် အာဏာရှင် နေဝင်း နှင့် အထက်တန်း စစ်အရာရှိကြီး များကို သမ္မတ အိမ်တော်တွင် ပြုလုပ်မည့် တော်လှန်‌ ရေးနေ့ ညစာ စားပွဲတွင် လုပ်ကြံရန် အရဲ့စွန့် ကြံစည်ခဲ့သည်။ သို့သော်လည်း ပျက်ပြားသွားခဲ့ရသည်။

 

‌ဗိုလ်ကြီး အုန်းကျော်မြင့်သည် ၎င်း၏အကြံအစည်ကို သိရှိသွားပြီး နောက်တွင် အမေရိကန် သံရုံးတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သည်။ ထိုစဉ်က သံအမတ်ကြီး ဖြစ်သူ ဒေးဗစ် အော်စဘွန်းသည် ခိုလှုံခွင့် တောင်းခံခဲ့မှု ကို ငြင်းပယ်ခဲ့ယုံမက ထောက်လှန်းရေး အကြီးအကဲ ဖြစ်သူ ဗိုလ်မှုးကြီး တင်ဦးအား အကြောင်းကြားခဲ့သည်ဟု နယူးယောက်တိုင်းမ် သတင်းစာတွင် ရေးသားခဲ့သည်၊ သံတမန် ထုံးတမ်းအရ ထိုသို့သော ကိစ္စမျိုးကို နိုင်ငံခြားရေး ဝန်ကြီး ဌာန ကိုသာ အသိပေးရသော်လည်း နေဝင်း အစိုးရ နှင့် ဆက်ဆံရေး ပျက်ပြားမည့် အရေးကို အမေရိကန်သည် ရှောင်ရှားလိုပုံ ရသည်ဟု ယူဆရသည်။

 

နောက်ပိုင်းတွင် လုပ်ကြံမည့် အစီအစဉ် တွင် ပါဝင်သူများ ဖမ်းဆီးခံခဲ့ရပြီး ဗိုလ်ကြီး အုန်းကျော်မြင့်သည် ကွပ်မျက်ခံခဲ့ရသည်။

 

ဤသို့ဖြင့် မြန်မာ ပြည်သူများသည် နေဝင်း၏ စစ်ဖိနပ် အောက်တွင် နှစ်ပေါင်းများစွာ ခါးစည်း ခံခဲ့ရသည်။ အကယ်၍သာ ထိုအချိန်က ဗိုလ်ကြီး အုန်းကျော်မြင့်၏ အကြံအစည်သာ အထမြောက်သွားခဲ့မည် ဆိုသည့် အမေးက ဆက်၍ ခြောက်လှန့် ခံ‌ နေရဆဲ ဖြစ်သည်။

 

နှစ်ဆယ်တစ် ရာစု ကို ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်း တွင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှု ဖြင့် စတင် ဖွင့်လှစ်လာခဲ့သည်။

 

ဖဒို မန်းရှာ

 

၂၀၀၈ တွင် ကေအင်ယူ အထွေထွေ အတွင်းရေးမှုးချုပ် ဖဒို မန်းရှာအား မဲဆောက်ရှိ ၎င်း၏ နေအိမ်တွင် သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်၊ ကျုးလွန်သူများသည် မြန်မာ စစ်တပ်နှင့် မဟာမိတ် ပြုထားသော ကရင် ခွဲထွက်ရေး အဖွဲ့၏ လက်ချက် ဖြစ်သည်ဟု အများစုက ယုံကြည်ခဲ့ကြသည်။

 

ဦးကိုနီ

 

၂၀၁၇ တွင် ဖွဲ့စည်းပုံ ရေးရာ ကျွမ်းကျင်သူ နှင့် NLD ၏ ဥပဒေ အကြံပေး ဦးကိုနီ သည် ရန်ကုန် လေဆိပ်၌ နေခင်းကြောင်တောင် လူမြင်ကွင်း တွင် လုပ်ကြံ ခံခဲ့ရသည်။ လုပ်ကြံသူသည် အခကြေးငွေ ဖြင့် ငှားရမ်းထားသူ ဖြစ်ပြီး နောက်ကွယ်မှ ပါဝင် ပတ်သက်နေသူ များသည် စစ်ဖက် အရာရှိဟောင်းများ ဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသူများကို သည်းငြည်း ခံမည် မဟုတ်၊ မိမိတို့၏ နိုင်ငံရေး လမ်း‌ ကြောင်းကို ဝင်မစွက်နှင့် ဟု ကျောချမ်းဖွယ် အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား အမေရိကန်တွင် ရှိနေကြသည့် မြန်မာ နှစ်ဦးက လုပ်ကြံရန် ကြံစည်ခဲ့သည်၊ ၎င်းတို့အား ဖမ်းဆီးမိခဲ့ပြီး စစ်အုပ်စု မှ ၎င်းတို့နှင့် မပတ်သက်ဟု ငြင်းဆိုခဲ့သည်။

 

ယခုအခါ တိုင်းပြည်ကို ပြည်တွင်းစစ်ကြီး ဖြစ်အောင် တွန်းပို့ခဲ့သူ မင်းအောင်လှိုင် အား မြန်မာ ပြည်သူ အများစု က ဖယ်ရှားပစ်ချင်နေကြသည်။ သို့သော် မေးဖို့ ဖြစ်လာသည်က မင်းအောင်လှိုင်အား ဖယ်ရှားပစ်ယုံဖြင့် ၎င်းအား ပေါက်ဖွားပေးခဲ့သည် မကောင်းဆိုးဝါး စနစ်ကြီး ပြိုလဲသွားမည်လား ဆိုသည်ပင်၊ ဆိုးသွမ်း ယုတ်မာသည့် ဗိုလ်ချုပ်တဦး မရှိလျင် သူ့လို လူမျိုး နောက်တယောက် တက်လာမည်လား။

 

လုပ်ကြံ သတ်ဖြတ်မှု များသည် နိုင်ငံ၏ အတိတ်ကို ပုံဖေါ်နိုင်ခဲ့သော်လည်း အနာဂတ်ကိုမူ ပြဋ္ဌာန်းပေးနိုင်မည် မဟုတ်ပေ။ စစ်မှန်သော လွတ်မြောက်မှုဆိုသည်က အာဏာရှင်များအား ဖယ်ရှားရုံနှင့် မရနိုင်ဘဲ၊ ၎င်းတို့ တည်ရှိခွင့်ကို ပေးနေသည့် စနစ်ကြီးကိုပါ အမြစ်ကနေ ဖယ်ရှားပစ်မှသာ ရရှိနိုင်လိမ့်မည်။ ထိုသို့ မလုပ်နိုင်သေးသရွေ့ နိုင်ငံရေး လုပ်ကြံခံခဲ့ရမှု အစဉ်အလာ ဆိုးမွေများသည် နိုင်ငံ၏ ကံကြမ္မာကို ခြောက်လှန့်နေဦးမည်သာ ဖြစ်ပေသည်။

 

ပြည်သူတို့၏ တရား‌ သော တွန်းလှန်စစ် မုချ အောင်ရမည်!!!