အခန်း (၅)
ရွာစွန် ရှိ အိမ်ငယ် လေး တလုံး အား လူများ စိတ်ဝင်စားလာကြသည်။ သံသယ ရှိသည့် မျက်လုံးများ နှင့် ကြည့်ခြင်း ခံလာရသည်။ ကောလဟသ မျိုးစုံလည်း ထွက်ပေါ်လာနေသည်။
လူတွေက ချောက်ကမ်းပါး ဘေးက အိမ်ထဲမှာ ဘာလျို့ဝှက် ချက်တွေ ရှိနေလဲဆိုသည်ကို ထုတ်ဖေါ်ဖို့ ကြိုးစားလာသည်။ ညဖက်များ တွင် ပြတင်းပေါက် နား ကပ်ပြီးပင် ချောင်းကြည့်ခဲ့ကြသည်။ မကြာခဏ ဆိုသလို ပြတင်းပေါက်မှန် ကို ခေါက်ပြီး အလန့်တကြား နှင့် အမြန် ပြန် ထွက်ပြေးသွားသည်များလည်း ရှိလာသည်။
တရက်တွင် အရက်ဆိုင် ပိုင်ရှင်သည် အမေအား လမ်းတွင် ရပ်ပြီး စကားစ လာခဲ့သည်။ သူသည် ကိုယ်လုံးကိုယ်ဖန် သေးပြီး သွက်လက် ဖြတ်လတ်သော အဖိုးအို တဦး ဖြစ်သည်။ သူ၏ လည်ပင်း တွင် အနက်ရောင် ပိုးပုဝါ ကို အမြဲလို ချည်နှောင်ထားတတ်သည်။ ကိုယ်ပေါ်တွင် ခရမ်းဖျော့ရောင် ကတ္တီပါ ခါးတို အပေါ် အင်္ကျီ ဝတ်ထားသည်။ သူ၏ ချွန်မြပြီး အရည်လဲ့နေတတ်သည့် နှာတံ ပေါ်တွင် လိပ်ခွံ ကိုင်း နှင့် လုပ်ထားသော မျက်မှန် တလက်က အမြဲလို နေရာယူထား လေ့ ရှိ၍ "အရိုးမျက်လုံး" ဟု နာမည်ပြောင် ရလာခဲ့သည်။
အမေ့ထံမှ ထွက်လာမည့် စကားကိုပင် မစောင့်တော့ပဲ သူ ပြောချင်သည်များက ဒလစပ် ပြောတော့သည်။
"ကျန်းမာပါစ ပယ်လာဂေးယား နီးလိုဗ်နာ၊ ခင်ဗျားသားကော၊ မိန်းမပေးစားဖို့ စိတ်ကူးနေလား၊ အိမ်ထောင် ပြုရမယ့် အရွယ် ရောက်နေပြီ၊ မြန်မြန် ပေးစားနိုင်လေ၊ မိဘတွေ ရင်အေးရလေပဲ၊ မိသားစု နဲ့ ဖြစ်သွားရင် စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ပိုပြီး တည်တည်ငြိမ်ငြိမ် နဲ့ နေတတ် ထိုင်တတ် သွားမှာဗျ။ မိသားစု ရှိရင် သူလည်း ရှာလကာရည်ထဲ ထည့်ထားတဲ့ မှိုလို မပျက်စီးတော့ဖူး ပေါ့။
ကျွန်တော်သာ ခင်ဗျား နေရာမှာ ဆို အိမ်ထောင်ချပေးလိုက်ပြီ၊ ကျွန်တော်တို့ ခေတ်တုံးက ဆို လူဆိုတဲ့ သတ္တဝါတွေကို မျက်ခြေ မပြတ် စောင့်ကြည့် နေကြရတာ မျိုးလား၊ အခု ဆို လူတွေက ခံစားချက် ဦးစား မပေးဘဲ ဦးနှောက်နဲ့ စဉ်းစား လာတတ်စ ပြုလာနေပြီ၊ ဘာဖြစ်လာလဲ ဆိုတော့ စိတ်ရိုင်းတွေ ဝင်လာပြီး ရာဇဝတ်မှု မကင်းတာ တွေ အကောင်းအောက်မေ့ပြီး လုပ်လာကြရော၊ လူငယ်တွေဆို ဘုရားကျောင်း ကို ရှောင်လာကြတယ်၊ လူတွေကြားထဲလည်း ရောရောနှောနှော မနေတော့ဘဲ လူသူကင်းတဲ့ ချောင်တချောင် ထဲမှာ တိုးတိုးတိတ်တိတ် ဝိုင်းဖွဲ့လာတတ်ကြတယ်။ စကားပြောရင်လည်း တိုးတိုး လေး၊ ဘာကြောင့် တိုး တိုး တိုးတိုး ပြောနေကြတာလဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ အခုလို အရက်ဆိုင်လို နေရာမျိုး မှာ လူသိရှင်ကြား မပြောရဲကြလို့ပေါ့၊
ဥပမာ ကျွန်တော်က မေးမယ်၊ ဘာတွေ လဲ၊ လျို့ဝှက်ချက်တွေလား၊ လျို့ဝှက်ချက် ဆိုရင် ဟိုး တမန်တော်တွေ ခေတ်ထဲက ဘုရားကျောင်းပဲ ရှိတယ်လေ၊ ချောင်တချောင်ထဲမှ ကြိတ်ပုံးခုတ်နေတဲ့ လျို့ဝှက်ချက် ဆိုရင် မဟုတ်တန်း တရား တွေပဲ ဖြစ်မှာပေါ့ဗျာ၊ ပြောချင်တာက အဲ့တာပဲ၊ ကျန်းမာ ချမ်းသာပါစေဗျာ"
ပြောရင်းက သရုပ်ပါအောင် ဆောင်းထားသည့် ဦးထုတ်ကို ချွတ်ပြီး လေထဲ ဝှေ့ပြရင်း ထွက်သွားသည်။အမေသာ သူ့စကားကြောင့် စိတ်ရှုပ်ပြီး ကျန်ခဲ့သည်။
ပန်းပဲသမား နှင့် ရကာ မုဆိုးမ ဖြစ်ကျန်ရစ်ပြီး ယခုအခါ စက်ရုံ တွင် မုန့်များ သွားရောင်းပြီး ပြန်လာသည့် အိမ်နီးချင်း ဖြစ်သူ မာရာ ကာဆူနိုဗာ က အမေ နှင့် ဈေး တွင် ဆုံခဲ့ရာ....
"တော့် သား ကိုလည်း လွှတ်မထားနဲ့အုံး ပယ်လာဂေရား ရေ" ဟု ပြောပြန်သည်။
"ဘာများ ဖြစ်နေလို့လဲ တော်"
မာရာ က လေသံ တိုးတိုး ဖြင့် "အခု ရွာထဲမှာ ပြောနေကြတယ်တော့၊ ကြားရတာတော့ မကောင်းဘူး၊ တော့်သား က ဖလယ်ဂျဲလန့်စ် လို ဂိုဏ်းမျိုး ဖွဲ့နေကြတာတဲ့၊ (Flagellants ဆိုသည်က ၁၃ ရာစု နှစ် အီတလီ တွင် စတင်ခဲ့သော ကိုယ် ခန္ဓာကို ဒဏ်ပေးပြီး မိမိကိုယ်ကို ကြိမ်ဒဏ်ပေးခြင်း အပါအဝင် ပြင်းထန်တဲ့ ဝတ်ပြုမှုပုံစံတွေကို ကျင့်သုံးကြခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ကက်သလစ် ဘုရားကျောင်းမှ အယူမှား အဖြစ် ရှုတ်ချခဲ့သည်။)
"မာရာ တော်တော့၊ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့"
"ကျမ ပေါက်ကရ တွေ ပြောနေတာ မဟုတ်ဘူး၊ ကျမ သိလာတာ ပြောပြတာ"
အမေသည် သူ သိလာခဲ့သမျှ ကို သား ဖြစ်သူအား ပြန်ပြောပြခဲ့သည်။ သားကတော့ ဘာမျှ ပြန်မပြောဘဲ ပုခုံးသာ တွန့်ပြခဲ့သည်။ ရုရှားလေး ကတော့ တဟားဟား ရယ်နေသည်။
"မိန်းကလေး တွေ ဖက်ကလည်း သားတို့ နဲ့ ရင်းနှီး ကျွမ်း ဝင် ချင်ကြတယ်။ သားတို့က အလုပ်ကြိုးစားတဲ့ လူတွေ ဆိုတော့ သူတို့ အတွက်က ဘယ်သူပဲ ဖြစ်ဖြစ် အများက အားကျကြမယ့် သတိုးသားလောင်း တွေ ဖြစ်နေကြမှာပဲ၊ ပြီးတော့ သားတို့က အရက်သေစာ လည်း မသောက်စားတတ်ကြဘူး၊ သားတို့ကလည်း သူတို့ကို အရေးမစိုက်ကြပြန်ဘူး၊ အဲ့ဒီတော့ အကျင့်စာရိတ္တ မကောင်းတဲ့ မိန်းကလေး တွေပဲ သားတို့ဆီ ရောက်လာကြမယ်လို့ လူတွေက ပြောနေကြတာ မျိုး ကွယ့်"
"တော်ပါတော့ အမေရာ" ဟု ပါဗယ်က ရွံရှာ စက်ဆုပ်သံ ဖြင့် ပြောလိုက်သည်။
"ရွံတော ထဲ ကျသွားရင်တော့ ရွှံစော် နံဟောင်နေမှာပဲပေ့ါ' ဟု ရုရှားလေးက သက်ပြင်း တချက် ချရင်း ဝင်ပြောလိုက်သည်။
"အမေကလဲဗျာ ဒီ ရူးရူး မိုက်မိုက် မိန်းကလေး တွေကို ရှင်းမပြဘူးလား၊ ယောက်ျား ယူတော့ ဘာဖြစ်လဲ၊ စောစောစီးစီး အရိုးကွဲ အောင် အရိုက်ခံရတာပဲ ရှိတော့ မပေါ့လို့၊ အရိုက်ခံရဖို့ အဲ့ဒီလောက် အလော သုံးဆယ် ဖြစ်မနေသင့်ဘူး လို့ ပြောရမှာ" ဟု ပြောပြန်သည်။
"အင်း...လေ၊ သူတို့လည်း ဒီလို ဒုက္ခတွေ ရောက်မယ် ဆိုတာ သိကြ၊ နားလည်ကြမှာပဲ၊ ဒါပေမယ့် ဘာတတ်နိုင်မလဲကွယ်၊ အခြားရွေးစရာ လမ်း မှ မရှိဘဲကိုး"
”သူတို့ နားလည် ထားပုံက ထူးဆန်းနေတယ်၊ မဟုတ်ရင်တော့ ရွေးစရာ တခုခု တော့ ရှာမိမှာပဲ" ဟု ပါဗယ်က ပြောလာသည်။
အမေ သည် သားဖြစ်သူ၏ ရိုးရှင်းသော မျက်နှာကို စိုက်ကြည့်ရင်းက...
"ဒါဆို သားက သူတို့ကို သင်ပြပေးပေါ့၊ သူတို့ထဲက ထက်ထက်မြက်မြက် ရှိမယ် လို့ ထင်ရတဲ့ အချို့ကို ဖိတ်လိုက် ပါလားကွယ်"
"အဲ့လိုမျိုး လုပ်လို့ မဖြစ်ပါဘူး အမေရာ"
ရုရှားလေးက "ကြိုးစားကြည့်ရင်ကော"
ပါဗယ်က တတော်ကြာ စဉ်းစားနေပြီး "အတွဲတွေ ဖြစ်လာကြမယ်၊ ပြီးရင် အတူတူ တွဲ လျောက်ကြ၊ အဲ့ဒီအထဲ မှာ အချို့က ယူ ဖြစ်သွားတယ်၊ ဒါပါပဲ လေ"
အမေသည် ရိုးရှင်းပြီး ခြိုးခြိုးခြံခြံ ကျင့်ကြံတတ်သော ပါဗယ်၏ စရိုက် ကို လေးလေးနက်နက် တွေးလိုက်မိရင်းက စိုးရိမ်လာမိသည်။ သူ၏ အကြံဉာဏ် ကို ရုရှားလေးကဲ့သို့ ရဲဘော်ဟောင်းများကပင် လက်ခံခဲ့ကြသည်ကို သိမြင်နေရသည်။ အားလုံးကလည်း သူ့ကို ကြောက်ကြပုံရသည်။ မျက်နှာထိ မျက်နှာထား နှင့် နေတတ်၍ ချစ်ကြပုံတော့မရ။