သမိုင်း တရားခံသည် မိမိတို့ ဖြစ်လာတော့မည်လော

by Hla Soewai - Aug 10 2025

မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရန် ဆိုကာ လေးနှစ်ခွဲကြာ အရေးပေါ် အခြေအနေ ကို ရုတ်သိမ်းလိုက်ပြီ ဆိုသော သတင်း အပေါ် ဗွေဆော်ဦး ဝေဖန် ပြစ်တင် လာသည်က ၎င်းတို့ နှင့် မကင်းရာ မကင်းကြောင်း ဖြစ်နေသည့် ဂျပန် ပင် ဖြစ်သည်။

 

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တာခဲရှီ အီယာဝါက ကြေညာချက် ထုတ်ပြန်ရာတွင် ယခုလို ရွေးကောက်ပွဲ မျိုးသည် လက်ရှိ ဖြစ်ပွားနေသော ပြည် တွင်း စစ်ကို အဆုံးသတ် နိုင်မည့် အလားအလာ များ ကို အနှောက်အယှက် ဖြစ်စေသည်ဟု ပါရှိလာခဲ့သည်။

 

နိုင်ငံရေး အရ တိုးတက်မှု ရှိလာစေရန် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးပြီး သက်ဆိုင်သူ များ နှင့် စိတ်ရင်းကောင်း ဖြင့် ‌‌ဆွေးနွေးရမည့် အချိန် ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့ အလားအလာ များ မဖေါ်ဆောင်ဘဲ ရွေးကောက်ပွဲ လုပ်မည် ဆိုက မြန်မာပြည်သူများ၏ ပြင်းထန်စွာ တုန့်ပြန်လာမှု နှင့် အတူ ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ဖို့ ပို၍ ခက်ခဲသွားမည်ဟု လည်း ဖေါ်ပြထားသည်။

 

သို့သော်လည်း ၎င်းတို့ အဖို့က လူထုကို ခြိမ်းခြောက်ထားသော ဥပဒေ အမျိူမျိုး ထုတ်ပြန်ပြီး ဖြစ်၍ မှုစရာ မလိုဟု ယူဆထားပြီး သေနတ် ပြောင်းဝ ဒီမိုကရေစီ ကို ဆက်၍ အကောင်အထည် သွားမည်သာ ဖြစ်သည်။ ၎င်းတို့၏ ရွေးကောက်ပွဲ ကို ဆန့်ကျင် ပြောဆိုသူကိုပင် ကြီးလေးသော ထောင်ဒဏ်များ ချမှတ်သွားမည်ဟု သတိပေး ထားပြီး ဖြစ်သည်။

 

တာခဲရှီက ဂျပန် အနေဖြင့် "ယုံကြည်ရလောက်သော" အပစ်အခတ် ရပ်စဲရေး ရရှိအောင် ကြိုးပမ်းသွားမည် ဖြစ်ပြီး အာဆီယံ၏ ကြိုးပမ်းနေမှု များကို အစွမ်းကုန် ထောက်ခံမှု ပေးသွားမည်ဟု ကတိပြုထားသည်။

 

၎င်း၏ လုပ်ရပ် အပေါ် ဝေဖန်မှု မျိုးစုံ ထွက်ပေါ်လာနေခဲ့ပြီ ဖြစ်သည်၊ လေ့လာသူ တဦးက မပီပြင်သော မျက်လှည့် ပြကွက် မျိုး နှင့် မျက်နှာပြောင်တိုက်လိုက်သည့် လုပ်ရပ် ဖြစ်ပြီး ပွဲ့ကြည့် ပရိသတ်ထဲမှ တရုတ်၊ ရုရှား နှင့် ဘဲလာရုစ်တို့ကသာ လက်ခုပ် တဖျောင်းဖျောင်း တီး အားပေးကြမည့် ပွဲ ဟု ဆိုသည်။

 

မင်းအောင်လှိုင် အဖို့က နေပြည်တော်တွင် နေနေ ရသရွေ့ တိုင်းပြည် အာဏာ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်သွား နိုင်ဖို့သာ အရေးကြီးသည်၊ တရုတ်က လက်ရှိ ပုံစံ ဖြင့် ဆက်သွားလျင် ၎င်းတို့ လည်း နိုင်ငံတကာ တွင် မျက်နှာပြောင် တိုက်ပြီး အကာအကွယ် ပေးနေ၍ မဖြစ်တော့ဟု ခြိမ်းခြောက်လာသဖြင့် ရွေးကောက်ပွဲ ဖြင့် အရပ်သား အရေခြုံရန် ကြိုးပမ်းခဲ့ရခြင်းသာ ဖြစ်သည်။

 

မင်းအောင်လှိုင် အတွက် နေပြည်တော်တွင် ဆက်နေနိုင်ဖို့ကား ပြဿနာ တခုပဲ ရှိနေရသည်က စစ်တပ်ကို ‌ဆက်၍ အပြည့်အဝ ချုပ်ကိုင်သွား နိုင်ရေးပင် ဖြစ်သည်။ ထို့အတွက် အဖြစ်နိုင်ဆုံးက ရှီကျင့်ပင် ကဲ့သို့ သမ္မတ ရာထူး နှင့် ဗဟို စစ်ကော်မရှင် ဥက္ကဌ ဆိုကာ ဖန်တီးလာနိုင်သည်။

 

နေပြည်တော်ရှိ ဗိုလ်ချုပ်ဟောင်းတဦးက သူ့ တွင် တခုတည်းသာ ကျန်သည့် လေကြောင်း လက်နက်ကို တိုး၍ အသုံးချသွားမည် ဟု ဆိုသည်။ နိုင်ငံတွင် တရားဝင် အစိုးရ ဖြစ်ပေါ်လာသယောင် ပြသချင်သော်လည်း မည်သူမျှ အရူးမဟုတ်ဟု ပြောခဲ့သည်ဟု မြန်မာ နောင်း တွင် ပါရှိလာသည်။

 

အင်မတန်မှ အကုန်အကျ များနေသည့် လေကြောင်း ပစ်ကူ ကို မပေးဟု ဆိုက မည်သူမျှ စစ်တိုက်ရဲကြမည် မဟုတ်သည်ကို သိနေသည့် အတွက် မျက်စိစုံမှိတ် လုပ်နေရခြင်း ဖြစ်သည်။ ယခုလည်း ရိက္ခာပို့ ယာဉ်တန်း စေလွှတ်သည့် သာမန် စစ်ရေး ကိစ္စကိုပင် လေကြောင်းပစ်ကူ ပေးနေရပြီး ဧရာဝတီ နှင့် ချင်းတွင်း မြစ်ကျဉ်းဖက်တွင် အလူးအလဲ ခံနေကြရပြီ ဖြစ်သည်။

 

အောက်ခြေ အဆင့်ဆင့်ကလည်း မင်းအောင်လှိုင် ရှိနေသရွေ့ ၎င်းတို့ တနေ့မဟုတ် တနေ့ သေမင်း နှင့် ရင်ဆိုင်ကြရတော့မည်၊ ဇနီးသားသမီး များ နှင့်လည်း ဗီဒီယိုကော ဖြင့်သာ တွေ့ခွင့်ရတော့မည် ဆိုသည်ကို သိနားလည် ထားကြပြီး ဖြစ်သည်။ ၎င်းတို့ အဖို့ကား အောင်ပွဲ တပွဲ နှစ်ပွဲ ထုတ်ပြနိုင်ယုံ ဖြင့် စိတ်ဓါတ် တက်ကြွလာဖို့ မရှိ၊ လေးနှစ်ခွဲမျှ အသက်ကို ဖက်နှင့် ထုတ်၍ တိုက်နေရသော စစ်ပွဲ အဆုံးသတ် သွားရေး ကိုသာ မျှော်လင့်နေကြမည်ကား မလွဲဧကန်ပင် ဖြစ်သည်။

 

ရုပ်သေး လွှတ်တော် သည် မည်သို့ ပုံစံမျိုး နှင့် ပေါ်ထွက်လာမည်က ခန့်မှန်းရ ခက်နေသော်လည်း မင်းအောင်လှိုင် နှုတ်ထွက် စကားကိုသာ အကောင်အထည် ဖေါ်ကြရမည်ကား သေချာနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် သမ္မတ ရာထူးကို ကိုယ့်ဖာသာ ပြန်‌ ပေးပြီး ရယူသွားရ တော့မည် ဖြစ်သည်။အာဏာရှင် အဖြစ် သေတပန် သက်တဆုံး ရပ်တည်သွားနိုင်ရေး အတွက် နိုင်ငံရေး အရ ဖြေရှင်းရန် ဆန္ဒမရှိပဲ ၎င်းရှိရာ နေပြည်တော်သို့ ရောက်မလာ ရေး အတွက် အားလုံးကို အသေခံ တိုက်ရန် ညွှန်ကြားနေပြီ ဖြစ်သည်။ 

 

ယခုပင် သန်းကောင်စာရင်းကို မြို့နယ်ပေါင်း ၃၃၀ အနက် ၁၄၅ မြို့နယ်သာ ပြီးမြောက်အောင် ကောက်နိုင်ခဲ့သော်လည်း ၎င်း လုပ်ရမည် ဆိုသည့် ရွေးကောက်ပွဲ ဆိုသည်ကြီးကိုတော့ အသက်များရင်း၍ လုပ်ပေးကြရပေတော့မည်။

 

စစ်အုပ်စု မှ မင်းအောင်လှိုင်အား ယာယီ သမ္မတ အဖြစ် လွှဲပြောင်းခြင်းသည် အခြေခံဥပဒေပါ ပုဒ်မ ၄၁၂၊ ၄၁၇၊ ၄၁၈၊ ၄၁၉၊ ၄၂၄၊ ၄၃၁ များ နှင့် ညီကြောင်း ကာကွယ် ပြောဆိုသော်လည်း ဘီဘီစီ ကမူ ပုဒ်မ ၆ ခုလုံး တွင် ယာယီ သမ္မတတာဝန်လွှဲအပ်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပုဒ်မ တစ်ခုမှ ပါဝင်ခြင်း မရှိဟု ဥပဒေ ပညာရှင်များ အား ကိုးကားပြီး ‌ရေးသားထားသည်။

 

ဘာမဆို လုပ်ရဲသူ တဦး ဘာဆက်လုပ်မည် လဲ ဆိုသည်ကို စောင့်ကြည့်ဖို့သာ ရှိပေတော့သည်။ ထိုသို့သော လူမျိုး များက အရေးကြုံလာလျှင် သူရဲ‌ဘော ကြောင်ပြီး အရှက်နည်းသူများ ဖြစ်တတ်ကြ၍လည်း မထင်မှတ်သည်များ ဖြစ်လာနိုင်ပေသည်။ ဘောင်းဘီ နှင့် ကမှ ပြေးရတာ လွယ်ပေဦးမည်။

 

အမေရိကန် စာရေးဆရာကြီး ဂျက် လန်ဒန်၏ IRON HEEL ဝတ္ထုကြီးထဲမှ စာသား များက မင်း‌အောင်လှိုင်ကို ရည်ညွှန်း၍ ရေးထားလေရော့သလားဟု ပင် ထင်ရပေသည်။

 

He likes to dwell in a cosmo of his own making, created out of his own fancies and desires. He does not know the real world in which he lives, and his thinking has no place in the real world except in so far as it is phenomena of mental aberration.

 

(လူတဦးသည် သူနေထိုင်ရာ လက်တွေ့လောက နှင့် ကင်းကွာရုံမက တွေးပုံ ခေါ်ပုံ များသည်လည်း မည်သို့မျှ စပ်ဟပ်မှု မရှိ ဖြစ်လာသည့်အခါ စိတ်ပိုင်းဆိုင်ရာ ကမောက်ကမ ဖြစ်နေသူများ ကဲ့သို့ မိမိ ဖြစ်စေချင်သည်များကို စိတ်ကူး စိတ်သန်း များနှင့် အကောင်အထည်ဖေါ်၍ ရသည့် ကိုယ်ပိုင် ကမ္ဘာလေး တခုကို ဖန်တီးပြီး နေထိုင်လိုစိတ် ပေါက်လာ ပေသည်။)

 

အကယ်၍ မင်းအောင်လှိုင်သည် သာ သူရူးတယောက် သဖွယ် တိုင်းပြည်ကို ဆက်၍ အုပ်ချုပ်သွားခွင့် ရသွားမည့် အဖြစ်ရောက်လာလျှင် သမိုင်းသုတေသီ များကတော့ ထိုအဖြစ်ရောက်အောင် ခွင့်ပြုခဲ့ကြသူများကို ညှာတာစွာ ဆက်ဆံ လိမ့်မည်တော့ မဟုတ်၊ သမိုင်းပေး တာဝန် မကျေခဲ့သူများအဖြစ် မင်းအောင်လှိုင် နှင့် တန်းတူထား၍ ပြင်းပြင်းထန်ထန် စွဲချက်တင် ပြစ်တင်ရှုတ်ချ မှတ်တမ်း တင်သွားမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!