အီဂေါ ဗလာ ဇယ်ဗစ် ရေးသည်။
စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ကို ကိုင်တွယ် နိုင်မည့် နည်းလမ်း နှစ်လမ်း ရှိနေသည်၊ သို့သော် ထိုနည်းလမ်းများသည် အခြေခံ အားဖြင့် ကွာခြားနေသည်။
ပထမ နည်းလမ်း သည်က စစ်အုပ်စု ရှေ့မှ ဦးဆောင်သွား နေသည်ကို နောက်မှ လိုက်ပြီး ရှုတ်ချခြင်း၊ ပျက်ပြားအောင် ဟန့်တားခြင်း၊ တရားမဝင်ဟု ကြေညာခြင်းများ ဖြင့် အသည်းအသန် တုံ့ပြန်ခြင်း မျိုး ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်လာသည်ကို တုံ့ပြန်သည့် သဘောထားသည် ထောင်ချောက်တခု ဖြစ်လာသည်။ အမြဲလို ခြေလှမ်း တလှမ်း နောက်ကျနေဖို့ အာမခံ ပေးသလို ဖြစ်နေသည်။ ၎င်းတို့ လုပ်ချင်သလို လုပ်လာနေသည်ကို အမြဲလို နောက်ကလိုက်ပြီး တုံ့ပြန်နေရမည် ဖြစ်သည်။ ၎င်းတို့၏ ဇာတ်ကြောင်းများက လူထု အကြား နှင့် နိုင်ငံတကာ တွင် အရင် သက်ရောက်နေအောင် ခွင့်ပြုလိုက်သလို ဖြစ်နေပေမည်။
နောက်ထပ် နည်းလမ်းသည်က စစ်အုပ်စု လုပ်သမျှ လိုက် တုံ့ပြန်မည့် အစား မိမိတို့ဖက်မှ ဦးဆောင်ဦးရွက် ပြုပြီး နိုင်ငံရေး နှင့် မဟာဗျူဟာ မြောက် ကစားကွက် များ ဖန်တီးဖို့ပင် ဖြစ်သည်။ ထိုသို့ လုပ်လာခြင်းဖြင့် မိမိတို့ ပုံဖေါ်လာသည့် လက်ရှိ အနေအထားကို စစ်အုပ်စုက နောက်မှ လိုက်ပြီး တုန့်ပြန်လာရတော့မည် ဖြစ်သည်။ ထိုသို့ တုံ့ပြန်နေရခြင်း ကြောင့် အာဏာချိန်ခွင်လျှာ ကို မှောက်လှန်ပစ် နိုင်ပြီး မိမိတို့ဖက်မှ အသာစီးရလာမည် ဖြစ်သည်။
၎င်းတို့လုပ်သမျှ လိုက်ပြီး တုံ့ပြန်မည် ဆိုက မိမိတို့ဖက် မှ အကန့်အသတ် နှင့်သာ လုပ်နိုင်ပြီး အောင်မြင်ဖို့က မသေချာလှပေ။ မိမိတို့ဖက်က လုပ်နိုင်သည်များက နိုင်ငံတကာ အား ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန် တိုက်တွန်းခြင်း၊ လူထု ကို သပိတ်မှောက်ရန် တောင်းဆိုခြင်း၊ ရွေးကောက်ပွဲ မအောင်မြင်ရန် ကိုယ်စားလှယ် အချို့အား ခြိမ်းခြောက်ခြင်း၊ မဲရုံများကို အင်အားသုံး၍ ဟန့်တားခြင်း များသာ ပြုလုပ်နိုင်မည် ဖြစ်သည်။
သို့သော် စစ်အုပ်စုသည် ၎င်းတို့ ထိန်းချုပ် နယ်မြေများ တွင် မရရအောင် ဆက်၍ လုပ်သွားမည်သာ ဖြစ်သည်။ မဲဆန္ဒရှင်များ လာသည် မလာသည်က လည်း အရေးမဟုတ်၊ ၎င်းတို့ သတ်မှတ်ထားပြီးသား ရလဒ်ကို ကြေညာမည်သာ ဖြစ်သည်။ ထို့ထက် ပို၍ ဆိုးသွားနိုင်သည်က ဖျက်လိုဖျက်ဆီး လုပ်မှု များကို အကြမ်းဖက် လုပ်ရပ်များ အဖြစ် တံဆိပ်ခပ်လာမည့် အရေးပင် ဖြစ်သည်။
တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ် တို့က မည်မျှပင် တရားမဝင် ဖြစ် နေစေကာမူ အသိအမှတ် ပြုလာကြမည်သာ ဖြစ်သည်။ အခြား အာဆီယံ နိုင်ငံများကလည်း တဖြေးဖြေး နှင့် နောက်က လိုက်လာကြပေတော့မည်။ ဂျပန်၊ တောင်ကိုရီယား နှင့် ဩစတေးလျှ တို့က လည်း နောက်ချန် ကျန်ခဲ့ချင်ကြမည် မဟုတ်၊ အမေရိကန်၊ ဗြိတိန် နှင့် အီးယူတို့ကပင် တရားဝင် အသိအမှတ် မပြုသည့် တိုင် "အစိုးရသစ်" ဖွဲ့စည်းပြီးပြီ ဆိုက စပြီး ပတ်သက်လာကြပေမည်။
ထိုနိုင်ငံများအားလုံးက ရွေးကောက်ပွဲသည် လုပ်ပွဲကြီးသာ ဖြစ်သည်ကို ကောင်းစွာ သိထားပြီး ဖြစ်သော်လည်း ရလဒ်တခုခု ထွက်လာလျင် ပြီးရော သဘောထားကြသူ များသာ ဖြစ်သည်။ စစ်အုပ်စုကလည်း မည်မျှ လာရောက်မဲထည့်သည်၊ မည်မျှ မဲအသာဖြင့် အနိုင်ရသည် ဆိုသည် တို့ကို ထုတ်ပြန် လာကြပေမည်၊ ထိုအခါတွင် ဘာမှ မရှိတာထက် စာလျင် ရလဒ် တခုခု ထွက်လာသည်က ကောင်းပေဦးမည် ဆိုကာ သံခင်းတမန်ခင်း လမ်းကြောင်း ဖွင့်ပေးပြီး အသိအမှတ် ပြုဖို့ ပြင်ဆင်လာကြမည်။
ထိုသို့ ဖြစ်လာနိုင်သည့် အရေးကို မိမိတို့ မဖြစ်မနေ ရှောင်ရှားနိုင်မှ ဖြစ်မည်၊ နောက်က လိုက်၍ တုံ့ပြန်နေယုံ လောက်နှင့် ဖြစ်မလာ။
၎င်းတို့ ရွေးကောက်ပွဲ ကို မည်သို့ တန်ပြန် ကြမလဲ ဆိုသည် အပေါ် အချိန်ကုန်ခံ၊ အင်အားတွေ အ ပြုန်းခံပြီး စဉ်းစား နေဖို့ မလို၊ မိမိတို့ဖက်မှ ခိုင်မာပြတ်သားသည့် လှုပ်ရှားမှုနှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားရမည်။ အဆိုပါ လှုပ်ရှားမှုနှစ်ခုစလုံးသည် မရှိမဖြစ် လိုအပ်သည်။
ပထမ ဦးစွာ စစ်မျက်နှာ အသီးသီး တွင် ထိုးစစ်များကို တပြိုင်တည်း ပူးတွဲ အကောင်အထည် ဖေါ်ရမည်။ နည်းဗျူဟာပိုင်း အောင်ပွဲများ ရလာသည် နှင့် စစ်အုပ်စု လက်အောက်ခံ တပ်များ ဆောက်တည်ရာ မရ သွေးပျက် ခြောက်ခြားကုန်ကြမည်။ ၎င်းတို့ ဖက်မှ ရှေ့လျောက် ထိန်းချုပ်နိုင်တော့မည် မဟုတ် ဆိုသည့် မက်ဆေ့ခ်ျကို ရှင်းလင်းပြတ်သားစွာ ပေးပြီးသားလည်း ဖြစ်သွားပေလိမ့်မည်။
ဒုတိယ လှုပ်ရှားမှုသည်လည်း ပထမလိုပင် လွန်စွာ အရေးပါသည်။
တော်လှန်ရေး ခေါင်းဆောင်မှု အား တရားဝင်မှု ပြန်လည် သက်ဝင်လာအောင် ပူးပေါင်း နိုင်ငံရေး လုပ်ငန်းစဉ် တခု ကို စတင် ရပေတော့မည်၊ ၂၀၂၀ ရွေးကောက်ပွဲ မှ ရရှိထားသည့် အခွင့် အာဏာ တခု တည်း အပေါ် မှီခိုနေ၍ မရတော့၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ရလဒ်သည် တရားမဝင်၊ ၂၀၂၀ ရွေးကောက်ပွဲသည်သာ တရားဝင်သည်ဟု ဆိုကာ ငြင်းခုန်နေ၍လည်း အကျိုး ထူးလာမည် မဟုတ်တော့။
နယ်မြေအပိုင်းအစအလိုက် ကန့်သတ်ထားတာမျိုး၊ တိုင်းရင်းသားပြည်နယ်တွေမှာပဲ ကန့်သတ်ထားတာမျိုး မဟုတ်ဘဲ အားလုံးနှင့် သက်ဆိုင်သည့်၊ ပိုမိုမြင်သာထင်ရှားပြီး၊ ယုံကြည်လက်ခံနိုင်သော နိုင်ငံရေး လုပ်ငန်းစဉ်အသစ်တစ်ခု လိုအပ်လာ နေသည်။ ယင်း လုပ်ငန်းစဉ်သည် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ စိတ်အာရုံကို ဖမ်းစားနိုင်ပြီး နိုင်ငံတကာက စောင့်ကြည့်သူများ၏ အာရုံ စိုက်မှုကိုလည်း ရရှိနိုင်မည့် အမျိုးသားအဆင့် ကြိုးပမ်းမှု တခု ဖြစ်ရပေမည်။
ဆိုလိုသည်က တစ်နိုင်ငံလုံးတွင် ပြည်နယ်ဆိုင်ရာ အတိုင်ပင်ခံကောင်စီ (State Consultative Councils) များ ဖွဲ့စည်းဖို့ ကြိုးစားရမည်။ နေရာတော်တော်များများ တွင် ထိုကဲ့သို့ လုပ်ငန်းစဉ် များ စတင်နေပြီဖြစ်သည်၊ အချို့ကောင်စီ များ ဖွဲ့စည်းပြီးစီးနေပြီ၊ အချို့ကတော့ ပြီးလုနီးပါး ဖြစ်နေသည်။ တချို့ဒေသ များတွင် ဒေသတွင်းခေါင်းဆောင်မှုသည် တရားဝင်မှု ရှိနေနှင့်ပြီးသား ဖြစ်သည်။ လိုအပ်သည့် နေရာများတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နိုင်ငံရေး အပြောင်းအလဲတစ်ခုကို တပြေးညီ ပြသနိုင်ရန်အတွက် ကောင်စီများကို လျင်မြန်စွာ ဖွဲ့စည်းသင့်သည်။
အထက်ပါ လုပ်ငန်းစဉ်များအားလုံး နှစ်လ မှ သုံးလ အတွင်း အပြီး ဆောင်ရွက်ရမည် ဖြစ်သည်။
ယာယီ သို့မဟုတ် အကူးအပြောင်းကာလ အတွက် သာ ဖွဲ့စည်းထားခြင်းဟု ရှူမြင်နိုင်သော်လည်း ယခုလို အတိုင်ပင်ခံ အဖွဲ့များ စုပေါင်းလာခြင်းသည် အင်အားကြီးမားသည့် နိုင်ငံရေး လှုပ်ရှားမှု ကြီး အဖြစ် အသုံးဝင်လာမည် ဖြစ်သည်၊ သို့မှသာ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ အောက်မှ နိုင်ငံရေး အခင်းအကျင်း တခုကို ဆွဲထုတ်ယူနိုင်မည် ဖြစ်သည်။
သို့သော် ကောင်စီများ ဖွဲ့စည်းယုံဖြင့် မလုံလောက်သေး၊ ထိုကောင်စီ များမှ တဆင့် ကိုယ်စားလှယ်များကို အမျိုးသား ညီလာခံသို့ စေလွှတ်ပေးရပေမည်။ ထိုညီလာခံ မှ တရားဝင်ပြီး အခွင့် အာဏာ ရှိမည့် အိမ်စောင့် အစိုးရ တစ်ရပ် ဖွဲ့စည်းပေးရမည် ဖြစ်သည်။
အုပ်စုတိုင်း ဒေသတိုင်းက ချက်ခြင်းလို ပါဝင်ချင်မှ ပါဝင်မည် ဖြစ်သော်လည်း ထိုသို့ စိတ်ပါလက်ပါ မရှိသေး၊ နှောင့်နှေး နေ၍ ကြန့်ကြာခြင်းမျိုး မဖြစ်သင့်၊ ရပ်တန့်သွားခြင်းမျိုး မဖြစ်သင့်၊ မိမိတို့ ကြိုးပမ်းနေမှုများကို ဘူတာရုံမှ ထွက်နေသည့် ရထားတစင်းလို သဘောထားရပေမည်၊ လိုလိုလားလား ရှိနေသူများကို အရင်တက်စေပြီး နောက်ကျနေသူများလည်း နောက်မှ လိုက်လာနိုင်ဖို့ တံခါးဖွင့်ထားပေးရန်သာ လိုအပ်သည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲ မတိုင်မီ ထိုလုပ်ငန်းစဉ်များအား စစ်ရေး အောင်မြင်မှု များ၊ လူထု ၏ အခိုင်အမာ ထောက်ခံမှု များ နှင့် ဒွန်တွဲ၍ အကောင်အထည် ဖေါ်နိုင်ခဲ့မည် ဆိုလျင် ထွက်ပေါ်လာမည့် ရလဒ်သည် အင်အားကြီးမားစွာ ဖြင့်သိမ့်သိမ့်တုန်ခါသွားပေလိမ့်မည်။
စစ်အုပ်စု အဖို့ ရွေးကောက်ပွဲ ဖြင့် တရားဝင်လာပါပြီဟု ပြော၍ မရတော့၊ တကယ်တမ်း ယုံကြည်စိတ်ချရသည့် အခြား နိုင်ငံရေး ဖွဲ့စည်းပုံကြီးက မားမားမတ်မတ် ထွက်ပေါ်လာ၍ ဖြစ်သည်။
ထိုအခါ မိမိတို့ဖက်မှ "၎င်းတို့ ရွေးကောက်ပွဲသည် အရေးမပါ၊ စိတ်ကူးယဉ် ဇာတ်လမ်းများသာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အစစ်အမှန် အာဏာဗဟိုချက်သည် ဒီမှာပါ" ဟု ယုံကြည်မှု အပြည့် ဖြင့် ပြောနိုင် ဆိုနိုင်လာမည် ဖြစ်သည်။
ထိုသို့ သော အခွင့် အလန်းက လက်တကမ်းတွင် ရှိနေဆဲ ဖြစ်သော်လည်း အချိန်က များများစားစား မကျန်တော့။
(ကွာလာလမ်ပူ တွင် ပြုလုပ်သည့် မြန်မာ အရေး ဆွေးနွေးပွဲ တက်ရောက်နေသည့် NUG, NUCC, CRPH, ERO တို့ ဆောင်းပါးပါ အကြံပြုချက် သို့မဟုတ် ထို့ထက် ကောင်းမည့် အစီအစဉ်များကို အချင်းချင်း ဆွေးနွေး တိုင်ပင် သင့်ပေသည်။)
ပြည်သူတို့ ၏ တရားသော စစ် မုချ အောင်ရမည်!!!
(၂၀၂၅ ဩဂုတ် ၄ ရက် ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် အီဂေါ ဗလာဇယ်ဗစ် ရေးသည့် "Beyond Reaction: A Revolutionary Strategy for Defeating Myanmar Junta’s Electoral Farce" ကို ပြန်လည် တင်ပြသည်။