အဘယ်ကြောင့် ထိုသို့ ဖြစ်ပျက် လာနေရသနည်း။
ယနေ့ ကမ္ဘာစနစ်ကြီး သည် အာဏာချိန်ခွင်လျှာ ရွေ့လျား လာနေမှု ကို ဖြေရှင်းနိုင်ရန် ရုန်းကန် နေရပြီ ဖြစ်သည်။ တရုတ်၏ ခေါင်းထောင်လာမှု၊ အလယ်အလတ် အင်အားရှိ နိုင်ငံများ ဖြစ်သော အီရန်၊ မြောက်ကိုရီယား ကဲ့သို့ နိုင်ငံများသည် ကမ္ဘာစနစ် ကြီး၏ အရေးပါသော အစိတ်အပိုင်းများကို ငြင်းပယ်လာခြင်း၊ မူးယစ်ဆေးဝါး ဂိုဏ်းကြီးများ၊ အကြမ်းဖက် ကွန်ယက်များ ထွက်ပေါ်လာခြင်း အစရှိသည့် အကြောင်းများသည် နိုင်ငံများ အတွင်း နှင့် နိုင်ငံများ အကြား တည်ရှိနေသော စနစ်ကို အပြင်းအထန် ခြိမ်းခြောက်လာခဲ့သည်။ ဆိုလိုသည်က အင်အား ကြီးထွားမှု သည် သမိုင်းတွင် မကြုံဖူး လောက်အောင် နေရာအနှံ့ ပျံနှံ့ သွားခဲ့ခြင်း ဖြစ်သည်။
နည်းပညာ နှင့် နိုင်ငံရေး ပိုင်းတွင်လည်း အရေးပါသော ပြောင်းလဲမှု များ ပေါ်ထွက်လာခဲ့သည်။ ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ရာသီဥတု ပြောင်းလဲမှု မှသည့် နည်းပညာ များ ကို နိုင်ငံ အများအပြား ပိုင်ဆိုင်ခွင့် ရလာခဲ့သည်။ ထို့အတွက် အုပ်စုများ နှင့် လူများသည် လက်ရှိ စနစ်ကြီးကို ဖျက်လို ဖျက်ဆီး လုပ်ရန် ကြံရွယ်လာကြသည်။
နိုင်ငံ များ အတွင်း လူတန်းစား မညီမျှ မှု များကြောင့်အမျိုးသားရေး နှင့် ပေါ်ပြူလစ် ဝါဒ များလည်း ထကြွ လာကြသည်။ ထိုသို့ ထကြွလာခြင်းသည်လည်း၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်း ကြီးနှင့် အတူ အိုးအိမ် များ လက်လွှတ် ဆုံးရှုံးသွားခဲ့ရခြင်း၊ ကုန်သွယ်ရေး နှင့် နည်းပညာများ ကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရခြင်း၊ ရွှေ့ပြောင်း ဝင်ရောက်လာသူများ နှင့် ဒုက္ခသည်များ များသည်ထက် များလာခြင်း၊ ဆိုရှယ်မီဒီယာ များ မှ အမုန်းတရားများ ဖြန့်ချီလာ နိုင်ခြင်းများ အစရှိသည်တို့ ကြောင့် ဖြစ်သည်။
ထိုသို့ ဖြစ်ပျက်နေစဉ် အတွင်း နိုင်ငံကို ထိထိရောက်ရောက် စီမံခန့်ခွဲမှု အတတ်ပညာပိုင်းတွင် သိသိသာသာ အားနည်းလာနေသည်။ အင်စတီကျုးရှင်းများကလည်း အခြေအနေ နှင့် လျှော်ညီအောင် ပြုပြင် ပြောင်းလဲနိုင်စွမ်း မရှိ ဖြစ်နေသည်။
ယနေ့တွေ့နေရသော ကုလ လုံခြုံရေး ကောင်စီ မျိုး ဖြစ်လာအောင် မည်သူမျှ ရည်ရွယ် ဖွဲ့စည်းခဲ့ကြမည် မဟုတ်သော်လည်း အစစ်အမှန် ပြုပြင်ပြောင်းလဲနိုင်ရန် စွမ်းဆောင် နိုင်စွမ်း မရှိ ဖြစ်နေသည်။ ထိုသို့ ပြုပြင် ပြောင်းလဲမည်ဆိုက ဩဇာအာဏာများ ယုတ်လျော့သွားမည့် နိုင်ငံများက သေချာပေါက် ပိတ်ဆို့ ကန့်ကွက်ကြမည်သာ ဖြစ်သည်။
ရာသီဥတု ပြောင်းလဲလိုက်လာနေမှု၊ ဆိုက်ဘာမှ တိုက်ခိုက်လာမှု များ အပါအဝင် ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ထွက်ပေါ်လာရသော စိန်ခေါ်မှု များကို ထိထိရောက်ရောက် ကိုင်တွယ် နိုင်မည့် လုပ်ငန်းဘောင်များ တည်ဆောက်နိုင်ရန် ကြိုးပမ်းမှု များသည်လည်း မည်ကာမတ္တာမျှသာ ဖြစ်လာခဲ့သည်။
ဥရောပ အစိုးရများ သို့မဟုတ် အီးယူ၏ ဆုံးဖြတ်ချက်များသည် လက်ရှိ အစိုးရများ၊ နယ်ခြား ဖွင့်လှစ်ရေး နှင့် အီးယူကိုယ်နှိုက်ကိုပင် အကြီးအကျယ် ထိခိုက်လာခဲ့ရသည်။
အမေရိကန်သည် အာဖဂန်နစ္စတန်ကို အသွင်ပြောင်းခြင်း၊ အီရတ်ကို ကျုးကျော်ခဲ့ခြင်း၊ လစ်ဗျား တွင် အစိုးရ အပြောင်းအလဲ ဖြစ်ရန် ကြိုးပမ်းလာခြင်းများဖြင့် မရဲပဲ ကျွဲပြဲ စီးလာခဲ့သည်။ သို့သော် ကမ္ဘာစနစ်ကြီး ထိန်းသိမ်းရမည့် အရေးတွင်မူ နောက်ခြေတလှမ်း ဆုတ်ခဲ့သည်။ အချို့ အရေး တွင် သိသိသာသာပင် မဆိုသလောက်သာ လုပ်ခဲ့သည်ဟု ပြော၍ ရသည်။
အမေရိကန်ပြည်ထောင်စု ခြေလှမ်းနှေးကွေးခဲ့ရတဲ့ အကြောင်းရင်းများသည် ဥရောပ သို့မဟုတ် အာရှတွင် အင်အားချိန်ခွင်လျှာကို ထိခိုက်စေသည့် အဓိကပြဿနာများကြောင့် မဟုတ်ဘဲ၊ ခေါင်းဆောင် နေသူ များက ကုန်ကျစရိတ်နှင့် မထိုက်တန်ဟု သတ်မှတ်ခဲ့သည့် အစွန်အဖျား ကိစ္စရပ်များကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ဆီးရီးယား ပဋိပက္ခတွင် ဆီးရီးယားက ဓာတုလက်နက် စတင်အသုံးပြုခဲ့ချိန် သို့မဟုတ် အစိုးရဆန့်ကျင်ရေး အဖွဲ့များ ကို ပိုပြီး ကူညီပေးရမည့် အချိန်မျိုး တွင် အမေရိကန်ပြည်ထောင်စုသည် အဓိပ္ပာယ်ရှိသော တုံ့ပြန်မှုမျိုး လုပ်ရန် ပျက်ကွက်ခဲ့သည်။
ဤသည်ကို တွေ့လာသော အချို့နိုင်ငံများက ပို၍ ရဲတင်းလာကြသည်။ အမေရိကန် ကို စိုးရိမ်စရာ မလိုတော့ဟု ယူဆလာပြီး လုပ်ချင်ရာ ကို လွတ်လွတ်လပ်လပ် လုပ်လာခဲ့သည်။ ဥပမာ ဆိုရက ဆော်ဒီ ဦးဆောင်ပြီး ယီမင် တွင် စစ်ရေး အရ စွက်ဖက်လာခဲ့ခြင်းမျိုး ဖြစ်သည်။ ဆီရီယား နှင့် ယူကရိန်းတွင် တွေ့ရသော ရုရှား၏ လုပ်ရပ်များသည်လည်း အလားတူပင် ဖြစ်သည်။
ကရိုင်းမီယား တွင် ဖြစ်ပျက်ခဲ့သည်များသည် စိတ်မချမ်းမြေ့စရာ သမိုင်းကြောင်း ပဲ့တင်ထပ်လာခဲ့ခြင်း ဖြစ်သည်။ ဆယ့်ကိုးရာစု နှစ်တွင် ဖြစ်ပွားခဲ့ သော ကရိုင်းမီယား စစ်ပွဲသည် ဥရောပ သဘောတူညီချက်ကို ပြတ်ပြတ်သားသား နိဂုံးချုပ်သွားစေခဲ့သည်။ လက်ရှိ တွင်လည်း ကမ္ဘာစနစ် သည် သိသာထင်ရှားစွာ နောက်ပြန် ဆုတ်သွား ခဲ့ရသည်။
ထရမ့် အစိုးရ လက်ထက်တွင် အမေရိကန်ကို စိတ်ချ ယုံကြည်ရပါ့မလား ဆိုသော သံသယ များ တိုးပွားသည်ထက် တိုးပွားလာခဲ့ရသည်။ ဤသည်ကလည်း အမေရိကန်သည် နိုင်ငံတကာ သဘောတူညီချက် အများအပြား မှ မပါဝင်တော့ဟု ဆိုကာ ရုတ်သိမ်း သွားခဲ့ခြင်း၊ တခါက အထိမခံ ဆိုကာ သည်းသည်း လှုပ်ခဲ့သော ဥရောပ နှင့် အာရှ မဟာမိတ် များ အတွက် ကတိကဝတ်များကို အခြေအနေအရ ဟု သဘောထားလာခဲ့ခြင်း၊ အရှေ့အလယ်ပိုင်းရှိ ပါတနာ များ နှင့်လည်း ခပ်ကင်းကင်း နေလာခဲ့ခြင်း၊ မြောက်ကိုရီယား နှင့် အီရန် တို့အား ကိုင်တွယ်ရာတွင် အပြောနှင့် အလုပ် မညီခြင်း အစရှိသည် တို့ကြောင့် ဖြစ်သည်။