မာဝီ နှင့် အင်တာဗျူး

by Hla Soewai - Aug 10 2025

စစ်အုပ်စု၏ အရှက်ပြေ တန်ပြန် ထိုးစစ် သည် သေချာပေါက် ပျက်သုံးသွားမည်သာ ဖြစ်သည်ဟု 

KNDF ၏ ဒုတပ်မှုးချုပ် မာဝီ က ဧရာဝတီ နှင့် အင်တာဗျုး တွင် ရဲရဲတောက် ပြောဆိုသွားခဲ့သည်။

 

ယခုလ အတွင်း KNDF မှ ၁၈ လ အကြာ ထိန်းချုပ်ထားသော ရှမ်းပြည် တောင်ပိုင်း မိုးဗြဲ မြို့ကို စစ်အုပ်စု မှ တန်ပြန် ထိုးစစ်ဆင်ကာ ပြန်လည် ရရှိသွားခဲ့သည်။

 

ထိုသို့ ဖြစ်ပျက် ခဲ့သည် နှင့် ပတ်သက်၍ မာဝီက ယခုလို ပြောသွားခဲ့သည်။

 

ကျွန်တော်တို့ စစ်တိုက်နေတာ၊ ရှေ့ကို တက်နိုင်တာ ရှိသလို နောက်ပြန်ဆုတ် ပေးရတာမျိုးလည်း ရှိတယ်၊ တိုက်ပွဲ တပွဲ ကို ကြည့်ပြီး အနိုင် နဲ့ အရှုံး ဆုံးဖြတ် လို့ မရဘူး၊ ဒါက အပြီးသတ် ရလဒ် မဟုတ်ဘူး၊ နိုင်ငံ တဝှမ်း တော်လှန်ရေး တပ်တွေက အခွင့်ရရင် ရှေ့တိုးမယ်၊ အခွင့် မသာရင် နောက်ဆုတ်မယ်။

 

စစ်တပ်က အခု သိက္ခာဆယ်လို့ ရအောင်ပဲ တိုက်နေရတာ၊ သူတို့ ကျွန်တော်တို့ကို အနိုင်တိုက်လို့ မရဘူး၊ အရှက်ပြေ လုပ်ပြီး တိုက်လို့ ရတာလေး တွေ လူသိရှင်ကြား ထုတ်ပြနေရတဲ့ အဆင့်ပဲ ရှိတယ်။

 

ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ကို ကျွန်တော်တို့ မြေပေါ် ခြေတလှမ်း မချစေရဘူး၊ ဘယ်လို ထိုးစစ် မျိုး ဖြစ်ဖြစ် သူတို့ အတွက် သင်္ချိုင်းပဲ၊ ကျွန်တော်တို့က အခြေအနေ၊ အချိန်အခါ နဲ့ အခွင့်အရေး ပေါ် မူတည်ပြီး အင်နဲ့ အားနဲ့ တုန့်ပြန်သွားမှာပဲ။

 

Q - တရုတ် နဲ့ ရုရှားတို့ ပံ့ပိုးပေးလို့ အောင်မြင်တာလား

 

တရုတ် နဲ့ ရုရှား က သူတို့ကို ငွေ၊ နည်းပညာ နဲ့ လူအရင်း အမြစ်က စ ပံ့ပိုးနေတယ် ဆိုတာ ကျွန်တော်တို့ မြင်နေ၊ ကြားနေ၊ ဖတ်နေရတယ်။ စစ်အုပ်စု က ဒီ နိုင်ငံ တွေ အကူအညီ နဲ့ ပြန်ပြီး အင်အား ကောင်းလာလိမ့်မယ် လို့ ထင်‌ကောင်းထင်နေမယ်၊ ကျွန်တော်တို့ ဖက်က စိတ်ရှည်ရှည် နဲ့ အချိန်ကောင်းကို စောင့်ရမှာပဲ၊

 

သူတို့ ဘယ်လောက်ပဲ ပြည်ပ အကူအညီတွေ အားကိုး နေပစေ၊ ကျွန်တော်ဖက်က ကိုယ့် အနာဂတ်၊ ကိုယ့်မျိုးဆက် တွေ အတွက် ကိုယ် တိုက်နေတာ၊ ဘယ်သူတဦးတယောက် အတွက်၊ ဘယ်အုပ်စု အတွက်၊ ဘယ်နိုင်ငံ အကျိုး အတွက် မှ တိုက်နေတာ မဟုတ်ဘူး၊ ဒီ စိတ်ဓါတ်၊ ခံယူချက် နဲ့ပဲ ကျွန်တော်တို့ အသာစီး ကနေ ရည်မှန်းချက် ရအောင် တိုက်သွားမှာပဲ။

 

အရင်တုံးက လုပ်သေနတ်‌ တွေနဲ့ စတိုက်ခဲ့ရာက အခု လက်နက်ကောင်းတွေ ရှိနေပြီ၊ စစ်အုပ်စု ကို ဘာမှ ကြောက်နေစရာ အကြောင်းမရှိဘူး၊ ကျွန်တော်တို့ လုပ်စရာ ရှိတာ ဆက်လုပ်သွားမှာပဲ။

 

Q: မိုးဗြဲ လက်လွှတ်ခဲ့ရမှု အပေါ်

 

စစ်အုပ်စုက မိုးဗြဲ ကို ရှစ်လ လောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်၊ ဓါတု လက်နက်ကော၊ ဒရုန်းတွေ ပါ ပါတယ်။ ဒါကြောင့် အသေအပျောက် အရမ်းများ နိုင်လို့ ဆုတ်ပေးခဲ့ရတယ်။ တိုက်ပွဲ နောက်တဆင့်ကျရင် ကျွန်တော်တို့ ရှေ့ပြန်တိုးမှာပဲ။ ဒေသခံ တွေ အဖို့ အခက်အခဲ အကျပ်အတည်းတွေ ရှိနေမှာပဲ၊ ဒါပေမယ့် ကျွန်တော်တို့ က ရေရှည် တည်တံ့ မယ့် ဖြေရှင်းချက်မျိုး ရဖို့ စစ်တိုက်နေတာ။

 

Q: စစ်မှု ထမ်း ဥပဒေ ဆိုပြီး စစ်အင်အား ဖြည့်တင်းလာတာ တော်လှန်ရေး အတွက် အန္တရာယ် ရှိလာသလား။

 

သူတို့ တရားဝင်ကော၊ တရားမဝင်ကော နည်းလမ်း ပေါင်းစုံ နဲ့ လူစု လာတဲ့အတွက် အင်အား များလာတာတော့ အမှန်ပဲ၊ ကျွန်တော်တို့ဖက်က ပိုပြီး အားစိုက်ရဖို့ ဖြစ်လာတယ်၊ ပိုပြီး သတိကြီးကြီး ထားရမယ်၊ စစ်ပွဲ မှ စစ်အင်အားက အရေးကြီးတာမို့ ဂရုစိုက်ရမယ့် ပြဿနာလို့ ယူဆတယ်။

 

Q: စစ်တပ် ထိုးစစ်ကို ဘယ်လို တွန်းလှန်မလဲ။

 

အရင်တုံးက တော့ တိုက်စရာ ဘာမှ မရှိဘူး၊ အခု လက်နက်တွေ ရှိလာတဲ့ အတွက် အခု သူတို့ ထိုးစစ်ဘာဖြစ်လာမလဲ ဆိုတာ စောင့်သာ ကြည့်ပါ၊ လောလောဆယ်တော ဒါပဲ ပြောနိုင်ပါတယ်။

 

Q: စစ်အုပ်စု ရဲ့ ရွေးကောက်ပွဲ ကရင်နီ ပြည်နယ်ထဲ ရောက်လာရင် ဘာဖြစ်လာနိုင်လဲ။

 

စစ်အုပ်စု လုပ်မယ့် ရွေးကောက်ပွဲကို ကျွန်တော် အ‌ထွေ အထူး စဉ်းစားမနေဘူး၊ ဘယ်သူ နိုင်မယ် ဆိုတာ သိနေမှပဲ၊ သူတို့က သူတို့ အလုပ် သူတို့လုပ်၊ ကျွန်တော်တို့ အလုပ် ကျွန်တော်တို့ လုပ်သွားမှာပဲ။

 

ကျွန်တော်တို့က တဦးတယောက်၊ အဖွဲ့အစည်း တခု အတွက် တိုက်နေတာ မဟုတ်ဘူး၊ စစ်အာဏာရှင် စနစ်ကို တိုက်နေတာ၊ သူတို့ဖက်က မျက်နှာတွေသာ ပြောင်း‌ ကောင်း ပြောင်းသွားမယ် စစ်အာဏာရှင်စနစ်က ကျန်နေဦးမှာပဲ၊ 

 

တိုင်းပြည်ရဲ့ အနာဂတ်ကို သေနတ်ပြပြီး ထိန်းချုပ်ထားတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ ထပ်ပြီးလက်မခံနိုင်တော့ဘူး၊ ဒါကြောင့် ကျွန်တော်တို့ တိုက်နေတာ၊ ‌သူတို့ဖက်က ခေါင်းဆောင်တွေ ပြောင်းသွားလဲ စနစ် တခုလုံး ပြိုလဲ မသွားမချင်း တိုက်နေရဦးမှာပဲ။

 

Q: NUG က ၂၀၂၅ ကို စစ်အုပ်ချုပ်ရေး နိဂုံးချုပ်မယ့် နှစ်လို့ ကြေညာထားတယ်၊ အဲ့ဒါကော တကယ် ဖြစ်လာနိုင်တဲ့ ခန့်မှန်းချက်လား။

 

ဒီလို ဖြစ်လာဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန် ရှိတယ်၊ ရှေ့တန်းမှာ တိုက်နေတဲ့ လူတွေကော၊ NUG ကောပဲ၊ အခုလို လူသိရှင်ကြား ကတိပေးပြီးရင် တော့ ဖြစ်အောင် လုပ်ကြရမှာပဲ၊ အခု လက်ရှိ ကျွန်တော်တို့ ကြိုးစားနေတာက ၅၀ ရာနှုန်းပဲ ရှိသေးတယ် ဆိုရင်၊ ၁၀၀ ရာနှုန်း အထိ ရောက်အောင် ထပ် အားစိုက်ဖို့ လိုတယ်၊ နှစ်ဆတိုးပြီး ကြိုးစားမယ် ဆိုရင် မအောင်မြင်နိုင်စရာ ဘာမှ မရှိဘူး၊ 

 

Q: နိုင်ငံ နဲ့ အဝှမ်း တော်လှန် တိုက်ခိုက်လာနေတာ လေးနှစ်ခွဲ ရှိလာပြီ ဆိုတော့ ပြည်သူတွေကို ဘာ စကား ပါးချင်ပါလဲ။

 

ကျွန်တော်တို့က ပြည်သူ တရပ်လုံး ထောက်ခံမှု ရှိမှသာ စစ်အုပ်စု ကို တိုက်နိုင်တာပါ၊ အဲ့ဒါ မရှိပဲ ကျွန်တော်တို့ မစ်ရှင်က မဖြစ်နိုင်ပါဘူး၊ အခက်အခဲတွေ ရှိလာနေလည်း ပြည်သူတွေက ဆက်ပြီး ကြံ့ကြံခံနေဆဲပါ၊ ကျွန်တော်တို့ ကို အခုလို မယိမ်းမယိုင် ထောက်ခံမှု ပေးနေတာကို အသိအမှတ်လည်း ပြုပါတယ်၊ ကျေးဇူး ဥပကာရ လည်း တင်ပါတယ်လို့ ပြောချင်ပါတယ်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!