ညွန်ပေါင်းအစိုးရ ဆိုသည်က ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများက အာဏာရ ပါတီအား ယင်းတို့ဘာသာ မည်သို့မျှ နိုင်ခြေ မရှိ မှန်း သိလာသည့် အခါ အချင်းချင်း အကျိုးတူ ပူးပေါင်းပါမည်ဟူသော ကတိဖြင့် ၎င်းတို့အနိုင်ရရှိထားသော မဖြစ်စလောက်သော အရည်အတွက် ရှိသည့် အမတ်နေရာဖြင့် စုပေါင်းစပ်ပေါင်းကာ အစိုးရ ဖွဲ့ရန် ကြံစည်ကြခြင်းမျိုးသာ ဖြစ်သည်။
ဤသို့သော အဖြစ်မျိုးက အဆန်းတကြယ်တော့မဟုတ် ကမ္ဘာနိုင်ငံများစွာ တွင် ဖြစ်ပျက် နေခဲ့ပြီးလည်း ဖြစ်သည်။
Magic formula ဟူ၍ ကား မရှိ။ ထုံးစံအားဖြင့် ဆိုလျှင် အတိုက်အခံများထဲမှ အမတ်နေရာ အများဆုံး ရရှိထားသည့် ပါတီသည် အာဏာရ ပါတီထက် အမတ်နေရာ
သာလွန်၍ အစိုးရ ဖွဲ့နိူင်ကြောင်း ပြသနိုင်ရန် ပါတီငယ်လေးများအား ၎င်းတို့နှင့် ပေါင်း၍ အစိုးရ ဖွဲ့ရန် အောက်ကျနောက်ကျ ခံစည်းရုံးကြရသည်။
ထိုအခါ ပါတီငယ်လေးများကလည်း ၎င်းတို့ရွေးကောက်ပွဲ ဝင်စဉ်က မဲဆန္ဒရှင်များကို ချပြထားသော ပါတီမူဝါဒ ကို ထိုပါတီကြီးမှ အကောင်အထည် ဖေါ်ပေးရန် ဈေးဆစ်ကြသည်။ အတိုက်အခံ လုပ် ပြောကြ ဆိုကြနှင့် တခါတရံ လပေါင်းများစွာပင် ကြာမြင့်တတ်သည်။
သို့သော် လက်ရှိ မြန်မာပြည်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ရာသီဉတုက ထိုသို့မဟုတ်။ အာဏာကို လက်ဝယ်ရရေး လူတွင်ကျယ် လုပ်နိုင်ခွင့်ရရေး အတွက် အထက်တွင် ပြောခဲ့သလို အောက်ကျနောက်ကျ ခံစည်းရုံးစရာမလို၊ ပါပရစေ ဆိုသည့် လူများချည်းသာ ဖြစ်သည်။
နောက်တချက်က မူဝါဒ ရေးရာနှင့် ပတ်သက်၍ ပါတီ ဖွဲ့စည်းပုံအရသာ ရည်မှန်းချက်များ အကောင်အထည် ဖေါ်မည်ဟု ရေးဆွဲထားသော်ငြားလည်း တကယ်တမ်းတွင် ဘယ်ကစလို့ ဘာလုပ်ရမှန်း မသိသည့် ယောင်ဝါးဝါးများသာဖြစ်သည်။ ၎င်းတို့အဖို့က လက်ရှိ NLD ကို အပုတ်ချ ပြောပြီး မဲဆွယ်ခြင်းသည်သာ အလွယ်ဆုံးဟု ယူဆထားကြသူများဖြစ်ဟန်ရှိသည်။ အာဏာရလာပါကလည်း စစ်တပ်နှင့် အလိုလိုက် အကြိုက်ပေးကာ နေသွားမည်ဟု ရည်မှန်းထားကြသူများ ဖြစ်ပြန်သဖြင့် ပြည်ခိုင်ဖြိုးနှင့် လက်မတွဲနိုင်စရာအကြောင်းမရှိပေ။ ထို့အတွက်လည်း အစိုးရဖွဲ့ရေး အတွက် ကြီးကြီးကျယ်ကျယ် ဆွေးနွေးနေစရာ အကြောင်းမရှိ၊ အမြန်ဆုံး ဖွဲ့နိုင်ကြ
မည်ကား သံသယ ဖြစ်စရာ မလိုပေ။
၎င်းတို့ အားလုံး ၏ တူညီသော ရည်မှန်းချက်ကား ပြည်သူ အစိုးရ ကို ဖြုတ်ချရေးသာ ဖြစ်သည်။
အစိုးရ ဖွဲ့ပြီး မကြာမီမှာပင် ၎င်းတို့ စိတ်ကူးယဉ်ထားသည်များ အကောင်အထည်ဖေါ်ရန် အငြင်းပွားကြပေတော့မည်။ အဓိက ကတော့နောက်ကွယ်က ငွေကြေးပံ့ပိုးပေးခဲ့သော ကရိုနီ၊ ကရိုပြာများ၏ အကျိုးရှိရာ ရှိကြောင်း ပြောပေးရ လုပ်ပေးကြရပေတော့မည်။
ဤနေရာတွင် ပြဿနာက စလာပြီ ဖြစ်သည်၊ ပြည်ခိုင်ဖြိုးနှင့်လည်း အာဏာရရေးအတွက်သာ ပေါင်းစည်းခဲ့ရခြင်း ဖြစ်၍ ၎င်းတို့အပေါ် အယုံအကြည်ကား မရှိကြ၊ ပြည်ခိုင်ဖြိုးဖက်ကလည်း မချစ်သော်လည်း အောင့်ကာနမ်းပြီး အစိုးရ အဖွဲ့ထည်း ခေါ်သွင်းခဲ့ရသဖြင့် အမြင်မကြည်လင်။
ထို့အတွက် အစိုးရအဖွဲ့ အစည်းအဝေးတိုင်းတွင် ပါတီများ ကိုယ်စားပြု ဝန်ကြီးများက လုပ်ငန်းများ အတွက် ဘတ်ဂျက်ချထားပေးရန် အဆိုတင်လာကြပေတော့မည်။ ဤတွင် ကျန်ပါတီများက ဘယ်သူအကျိုးစီးပွားအတွက် ပြောလာသည်။ ဇီးသီးဗန်း မှောက်ချဖို့ သက်သက်သာ ဖြစ်မည် ဆိုသည်ကို ရိပ်မိလာကြမည်၊ တယောက်အကြောင်း တယောက် နောကြေအောင် သိထားကြသူများပီပီ ကန့်ကွက်ကြ၊ ငြင်းခုန်ကြ နှင့် ဘာမှအကောင်အထည် ဖေါ်နိုင်ကြတော့မည် မဟုတ်ပဲ တိုးလို့တန်းလန်းနှင့်သာ စခန်းသွားကြပေတော့မည်။
ပြည်ခိုင်ဖြိုးကလည်း ၎င်းတို့ ဖြစ်စေချင်သည်များကို ကာလုံခေါ်ကာ စစ်တပ်နှင့် မဲခွဲ၍ ပါတီ ငယ်များအပေါ် အနိုင်ကျင့်ကြပေတော့မည်။
အာဏာရ ပြီးရော သမားများသာ ဖြစ်၍ ညွှန်ပေါင်းအဖွဲ့မှ ခွဲထွက်ကြမည်တော့ မဟုတ်၊ ဒီလို အခွင့်အရေးက နောက်တခါပြန် မရနိုင်မှန်း သိထားကြ၍ ဖြစ်သည်။ ၎င်းတို့ ပြိုကွဲသွားပါက လွှတ်တော်တွင် အယုံအကြည်မရှိ အဆို တင်ခံရပေတော့မည် ကို သိထားကြ၍ လည်း ဖြစ်သည်။
ပြည်တွင်းပြည်ပက လေးစားတန်ဖိုးထားသော ခေါင်းဆောင်ကိုပင် ၎င်းတို့လောက် မသိဟု အထင်ရောက်နေသူများ ပေါင်းဖွဲ့လာမည့် ညွန်ပေါင်းဆိုသည်မှာ ညီညွတ်ကြမည်လော ဆိုသည်ကို စဉ်းစားသာ ကြည့်ကြလော့။
ဤသို့ဖြင့် တိုင်းပြည်သည် အရှိန်အဟုန်ဖြင့် တိုးတက်နေမှုများ ရပ်ဆိုင်းကာ အုတ်ရောရော ကျောက်ရောရော ဖြင့် ဒရွတ်တိုက်ဆွဲကာ ခရီးဆက်ကြရပေဦးတော့မည်။
လွတ်လပ်ရေး ရပြီးနောက်တွင် အာဏာရ ဖဆလပ ပါတီကြီး နှစ်ခြမ်းကွဲပြီး ဗိုလ်နေဝင်း လက်အောက် တိုင်းပြည်ရောက်သွားခဲ့ရပြီမဟုတ်ပါလား။
အတိုချုပ် ပြောရလျှင် ညွှန်ပေါင်း ဆိုသည်မှာ မရည်ရွယ်ပဲနှင့် တိုင်းပြည်အား စည်းလုံးမှု ပြိုကွဲပြီး မွဲဆေးဖေါ်ပေးလိုက်ခြင်းမျိုးသာ ဖြစ်၍ ၂၀၂၀ ရွေးကောက်ပွဲသည် တိုင်းပြည်အား နောက်ပြန်ဆွဲသွားမလား၊ ရှေ့သို့တွန်းပို့ကြမလား ဆိုသည်ကို တိုင်းရင်းသား ပြည်သူများ အားလုံး ဆုံးဖြတ်ပေးရတော့မည့် ပွဲကြီး ဖြစ်ပေတော့သည်။