ကျွန်တော့်၏ မဟာတို့၏ ကျဆုံးခန်း နောက်ဆုံး အပိုင်း (၉) ကို ဆိုင်ပေါ် အရောက် ပို့ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အတွက် ကျွန်တော် စိတ်ထဲတွင် တာဝန်တခု ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့ပြီဟူသော ခံစားမှုမျိုးဖြင့် စိတ်ဒုံးဒုံးချ ပျော်ရွှင်ခဲ့ရသည်။ကျွန်တော်အတွက် ငွေကြေးအားဖြင့် လုံးဝ အကျိုးအမြတ်ရှိခဲ့သည်တော့မဟုတ်၊ အိတ်ထဲကသာ စိုက်ထုတ်ကျခံပြီး ပြီးမြောက်အောင် ရေးသားခဲ့ခြင်းလည်း ဖြစ်သည်။ ငွေကြေးအပြင် အခြားကိုယ်ရေးကိုယ်တာ ဆုံးရှုံးခဲ့ရမှုများကိုကား အကျယ်ချဲ့မပြောလိုတော့ပါ.။
ဒီစာအုပ် ရေးရခြင်း ရည်ရွယ်ချက်သည်ကပင် ယခုခေတ်လူငယ်များ ကမ္ဘာကြီးတွင် ဘာတွေဖြစ်ခဲ့သလဲဆိုတာ သိရအောင်၊ သို့သော် ထိုအချက်ကား အဓိကမဟုတ်၊ ထိုသို့ သိရန် စွယ်စုံကျမ်းရှာဖတ်လည်း ရနိုင်သည်ကိုး၊ အဓိကကတော့ ထိုသို့ ဖြစ်ပျက်ခဲ့မှုများအား မည်သို့မည်ပုံ ချဉ်းကပ်တွေးခေါ်နိုင်ကြမလဲဆိုသည့် နိုင်ငံရေးအသိပညာများ လူငယ်များအကြား တိုးပွားလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။နိုင်ငံရေးအတွေးအခေါ်များ မှန်ကန်စွာ မွေးမြူနိုင်ရေးတွင် ပထမဦးစွာ အောက်ပါ အချက်များဖြင့် ရှုမြင်သုံးသပ်နိုင်ရမည် ဖြစ်သည်။
(၁) Historical Significance
(၂) Evidence and Interpretation
(၃) Continuity and Change
(၄) Cause and Consequence
(၅) Historical Perspective
(၆) Ethical Judgement
အနောက်နိုင်ငံရှိ ကျောင်းများတွင် အကြောင်းအရာတခုကို အထက်ပါအချက် (၆) ချက်နဲ့ ချဉ်းကပ်၍ သင်ကြားပို့ချပေးပြီး Critical Thinking တွေ ဖြစ်ပေါ်လာအောင် မွေးမြူလေ့ရှိပါတယ်။
မိမိတို့အနေဖြင့်လည်း အထက်ပါ ရှုထောင့်များကို အခြေခံ၍ ကမ္ဘာအရေးအခင်းကြီးများကို လေ့လာခြင်းဖြင့် ထိုစဉ်ကခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်သည် မည်သို့မည်ပုံ အရှိန်သက်ရောက်ခဲ့ကြောင်းနှင့် မှန်သည်မှားသည်ဆိုသည်ကို လေ့လာစူးစမ်းခြင်းဖြင့်သာ မိမိတို့ကိုယ်ပိုင် အယူအဆအတွေးအခေါ်များ တည်ဆောက်သွားနိုင်မည်လည်း ဖြစ်သည်။ထိုသို့ အတွေးအခေါ်များ လေ့ကျင့်မွေးမြူပေးမှသာ လက်ရှိမြန်မာ့နိုင်ငံရေးအား ထဲထဲဝင်ဝင် သုံးသပ်နိုင်သည့် ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝသည့် intelligent and critical response များ ထွက်ပေါ်လာနိုင်သည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်တွင် ဗိုလ်ချုပ်လိုပင် ထူးချွန်ထက်မြက်သော နိုင်ငံရေးသမားများစွာ ပေါ်ထွန်းခဲ့သည်။ ထိုသို့သော အနေအထားမျိုး တိုင်းပြည်တွင် ပြန်လည်ဖြစ်ပေါ်လာစေလိုသော ဆန္ဒများ ကျွန်တော်တွင် တဖွားဖွားပေါ်ပေါက်လာခဲ့ရသည်က အမှန်ပင်။
ထူးချွန်ထက်မြက်သော နိုင်ငံရေးသမားများဖြစ်လာမှသာ မြန်မာပြည်ကို ရှေ့လျှောက်တိုးတက်ပြောင်းလဲအောင် လုပ်နိုင်သည်။ ထိုသို့သောလူများသည်လည်း တိုင်းပြည်အရေးတွင် ပါဝင်မှလည်း ဖြစ်မည်။ ထိုသို့မပါဝင်က မိမိလောက် အရည်အချင်းမရှိသူများ၏ အုပ်ချုပ်မှုကို ခံရမည်ဟု ပလေးတိုးက သူ၏ သမ္မတနိုင်ငံတော်ကျမ်းတွင် ဖွင့်ဆိုခဲ့သည်။
အနောက်နိုင်ငံဒီမိုကရေစီစနစ်သည် ဘူဇွာအုပ်စုများအား ကိုယ်စားပြုသော နိုင်ငံရေးပါတီတွေ အချင်းချင်းသာ ယှဉ်ပြိုင်ကြလိမ့်မည်၊ ပြီးရင် လူထုအတွက် ရွေးချယ်ခွင့်ရှိသယောင်ဖန်တီးပြီး နောက်ကွယ်တွင် အချင်းချင်းစည်းလုံးပြီး အလုပ်သမားလူတန်းစားတွေကို နှိပ်ကွပ်ကြမည်ဆိုသည့် ကွန်မြူနစ်တို့ စွပ်စွဲချက်များကကော အမှန်တွေပဲလား။
ယခုစာအုပ်တွင် နောက်ဆုံးလည်းဖြစ်၍ မာတင်လူသာကင်းနှင့် ဒီမိုကရက်သမ္မတလောင်း ရော်ဘတ်ကနေဒီတို့ လုပ်ကြံခံခဲ့ရသည့်အဖြစ်အပျက်များ၊
ချက်ကိုစလိုဗက်ကီးယား၏ အညှောင့်ပေါက်လာသည့် ဒီမိုကရေစီလှုပ်ရှားမှုအား ဆိုဗီယက်တင့်ကားများဖြင့် ကျူးကျော်နင်းခြေခဲ့ပုံများ၊
ဝါးတားဂိတ်အရေးတော်ပုံ၏ အတွင်းရေးများ၊ပိုလန်အား မာရှယ်လောကြေညာခဲ့ခြင်းနှင့် ဂဒန့်စ်သင်္ဘောကျင်းရှိ မီးပြင်ဆရာနှင့် ကရိန်းမောင်းသူတို့မှ ဦးဆောင်ခဲ့သည့် သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂအဖွဲ့ကြီးမှ ကွန်မြူနစ်အစိုးရအား ဖြုတ်ချ၍ နိုင်ငံအာဏာကို ရရှိလာခဲ့ပုံ၊
ယင်းနှင့်အတူ ဆိုဗီယက်ကွန်မြူနစ်အဆောက်အအုံကြီးတွင် ပတ်ကြားအက်ကြီး ဖြစ်လာအောင် ထိုးနှက်နိုင်ခဲ့မှု၊
ဘရက်ဇညက်၊ ယူရီအင်ဒရိုပေါ့၊ ချာနင်းကိုးမှသည် ဂေါ်ဘာချော့အထိ အာဏာဆက်ခံလာခဲ့ပုံ၊အရှေ့အုပ်စုနှင့် အနောက်အုပ်စု ထိစပ်နေသော ဟန်ဂေရီ-ဩစတြီးယား နယ်ခြားခြံစည်းရိုးပြိုလဲသွားခဲ့ပြီးနောက်ပိုင်း ဘာလင်တံတိုင်းကြီးပျက်စီးသွားသည်အထိ လျင်မြန်စွာ ဖြစ်ပေါ်ပြောင်းလဲလာနေမှုများ၊
နောက်ဆုံး ဆိုဗီယက်ကွန်မြူနစ်စနစ် မည်သို့မည်ပုံပြိုလဲခဲ့သည်၊ ထိုအရေးတွင် အများယူဆသလို ပုပ်ရဟန်းမင်းကြီးနှင့် သမ္မတရီဂင်တို့၏ စနက်ကြောင့်မဟုတ်ပဲ ဆိုဗီယက်စနစ်အတွင်းမှာပင် ဖြစ်ပေါ်လာခဲ့သော အားပျော့မှုများကို ဆက်ခံခဲ့ရသော ဂေါ်ဘာချော့၊ ရေနံဈေးနှုန်းများပြိုလဲလာမှုကြောင့် ဆိုဗီယက်စီးပွားရေးချွတ်ခြုံကျလာခဲ့ရမှုများနှင့် အုပ်ချုပ်သည့် ကွန်မြူနစ်စနစ်သည် တကယ်တမ်းတွင် အလုပ်မဖြစ်ခဲ့သည်များကို အသေးစိတ်မြင်သာအောင် ဖော်ပြထားသည်။
အချုပ်အားဖြင့်ဆိုက နှစ်ဆယ်ရာစုနှစ်၏ သမိုင်းစဉ်တစ်လျှောက် ဖိနှိပ်ချုပ်ချယ်ခံနေရ၍ ဒုက္ခတွေပင်လယ်ဝေနေရတဲ့ အနေအထားကို နောက်မျိုးဆက်တွေအတွက် လက်ဆင့်ကမ်းပေးခဲ့ရမည့်အရေးကို သေမလောက်ကြောက်ရွံ့နေခဲ့ကြသည့်လူများ၏ အကြောက်အကန် ရုန်းကန်တိုက်ပွဲဝင်ခဲ့မှုများ၊ နှင့် ၎င်းတို့၏ နိုင်ငံရေးခံယူချက်များကို ဗြိတိသျှစာရေးဆရာကြီး ကင်ဖော်လေး၏ Century of Trilogy သုံးအုပ်တွဲကြီးကို ကျွန်တော်ပြန်ဆိုခဲ့သည့် မဟာတို့၏ ကျဆုံးခန်း အပိုင်း (၁) မှ အပိုင်း (၉) တွင် ဖတ်ရှုရမည် ဖြစ်သည်။
ယခုအခါ တွင် တော့ ထိုစာအုပ် ကိုးတွဲကို ပြန်လည် ထုတ်ဝေ နိုင်ခွင့် မရှိတော့၊ ဖိုတိုကော်ပီ အား အဖုံးလေး ချူပ်ပေးပါ ဆိုသည်ကို ပင် ကျွန်တော်နာမည် ကြောင့် ဝေးဝေးက ရှောင်နေကြသည်ဟု သိရသည်။
အမှောင်ခေတ် မှ ရုန်းထွက် နိုင်ချိန်တွင်တော့ ကျွန် တော် ပြန်၍ ထုတ်ဝေပါဦးမည်။