မြေရှား သတ္တု အရှုပ်တော်ပုံ နယူးယောက်တိုင်း ဖွင့်ချ

by Hla Soewai - Jul 18 2025

နိုင်ငံတွင်း ပြည်တွင်းစစ် မီး ကြောင့် ကသောင်းကနင်း ဖြစ်နေသော်လည်း တရုတ် ကုမ္ပဏီ များ အဖို့ မြန်မာ မြေကဗ္ဗလွှာကို ဖျက်လို ဖျက်ဆီး လုပ်ပြီး ၎င်းတို့ လိုချင်သည့် သယံဇာတများ ထုတ်ယူ ဖို့ လက်မနှေးကြဟု အစချီကာ ဟာနာ ဘိခ်ျ မှ ဇူလိုင် ၁၁ ရက်နေ့ထုတ် နယူးယောက်တိုင်း သတင်းစာ တွင် ရေးသားလာခဲ့သည်။

 

 ရှားပါး မြေသား သတ္တုဟု လူသိများသည် သယံဇာတ များသည် အရွယ်အစား အားဖြင့် သေးငယ်သော် ငြားလည်း မိုဘိုင်းဖုန်းများ၊ လျပ်စစ်ကားများ ကဲ့သို့ ခေတ်သစ် လူနေမှု စနစ် ကို မောင်းနှင်ပေးနေသည့် စက်ယန္တရားများများ အတွက် အလွန်တရာမှ အရေးပါလျက် ရှိနေသည်။ သို့သော် ထိုသတ္တုများ တူးဖေါ် ထုတ်လုပ်နိုင်ဖို့က ကုန်ကျစရိတ် နှင့် လူအင်အား အဆမတန် စိုက်ထုတ်ရပြီး ပတ်ဝန်းကျင် ကိုလည်း ထိခိုက်ပျက်စီး စေသည်။ နောက်ထပ် တစ်ဆို့ ကြန့်ကြာစရာ ဖြစ်လာရသည်က အဆိုပါ သတ္တုများ သန့်စင်သည့် လုပ်ငန်းများ ကို တရုတ် တို့ ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။

 

မကြာသေးမီ နှစ်များ အတွင်း မြန်မာသည် မြေရှား သတ္တုများ အဓိက ထွက်ရှိရာ နိုင်ငံ အဖြစ် လူသိများလာခဲ့သည်။ တရုတ်၏ အနောက်တောင်ဖက် ခြမ်း နှင့် ထိစပ်နေပြီး ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေ၍ အဆိုပါ သတ္တုများ ထွက်ရှိရာ ဒေသများ တွင် အလုပ်သမား ဥပဒေ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးစည်းမျဉ်း စည်းကမ်းများသည် ချို နဲ့လားဟု မေးရလောက်အောင် ဖြစ်နေ၍ တရုတ် ကုမ္ပဏီ များသည် ဘီလီယံ ပေါင်းများစွာ တန်သည့် သတ္တုရိုင်း များကို စိတ်ကြိုက် ထုတ်ယူကာ တရုတ်ပြည်သို့ တင်ပို့နေကြသည်။

 

အဆိုပါ သတ္တုတွင်း များမှ ထွက်ရှိလာသော အဆိပ်ရည်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံထဲ စီးမျော ဝင်ရောက်လာနေပြီ ဖြစ်သည်။ မဲခေါင်မြစ်၏ အချို့ အပိုင်း များ နှင့် မြစ်လက်တက်များသည် အဆိပ်သင့် လာခဲ့ရသည်။

 

အာဏာသိမ်း စစ်အုပ်စု အား အနောက်နိုင်ငံများမှ ဘဏ္ဍာရေး အရ ပိတ်ဆို့ ဒဏ်ခတ်လာ၍ ၎င်းတို့ နှင့် အပေါင်းအပါ ကရိုနီများ အဖို့ ကုန်သွယ်ဖက် ဆို၍ မဆိုသလောက်သာ ကျန်ခဲ့တော့သည်။

 

ငွေကြေးအလွန်အမင်း လိုအပ်လာသော စစ်ဗိုလ်ချုပ် များ နှင့် တရုတ်သည် ဆက်အလုပ်ဖြစ်လာခဲ့သည်။ စစ်တပ်ကို တိုက်ခိုက်နေကြသော တိုင်းရင်းသား လက်နက်ကိုင်များသည်လည်း စစ်စရိတ် ကို ဖြည့်တင်းရန် လိုအပ်လာသည်။ စစ်တပ် နှင့် ပူးပေါင်းနေသော တိုင်းရင်းသား အဖွဲ့များလည်း အလားတူပင် ဖြစ်သည်။

 

ထိုသို့သော အခြေအနေများ ကြောင့် တရုတ်အစိုးရ ပိုင် ကုမ္ပဏီများ၊ ရာဇဝတ်ဂိုဏ်းများ အတွက် အခွင့်ကောင်း ဖြစ်လာပြီး ရှားပါးမြေသား သတ္တုများ အပြင် ရွှေ၊ သစ် အစရှိသည့် သယံဇာတ ပစ္စည်းများ ကို ထိန်းချုပ်လာပြီး အွန်လိုင်း ငွေလိမ်ဂိုဏ်းများ မှိုလို ပေါက်လာကာ အကြီးအကျယ် အလုပ်ဖြစ်လာခဲ့သည်။

 

သတ္ထု တူးဖေါ်ရေး လုပ်ငန်းကို မည်သူမဆို ဝင်ရောက်လုပ်ကိုင်လာနိုင်သည်။ ရှားပါး မြေသား သတ္တုများကိုတော့ တရုတ်တို့ အကူအညီ မပါဘဲ ထုတ်ယူ နိုင်စွမ်း မရှိပေ။ မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများသည် သတ္တုသန့်စင်ခြင်းလုပ်ငန်းအတွက် ကျွမ်းကျင်မှုရှိပြီး ဓာတုပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ကာ သတ္တုရိုင်းများမှ သတ္တုချွတ်ယူခြင်း (leaching) နှင့် အခြေခံသန့်စင်ခြင်း လုပ်ငန်းများတွင် အသုံးပြု နေကြသည်။

 

ထိုသို့ အကြမ်းသန့်စင်ပြီးသမျှ ကို တရုတ်ပြည်ထဲသို့ ထရပ်ကားကြီး များ ဖြင့် သယ်ယူကာ အပြီးသတ် သန့်စင် ခဲ့ကြသည်။

 

ရှားပါး သတ္တုများ အဓိက ထွက်ရှိရာ ဒေသများသည် ကချင် နှင့် ရှမ်း ပြည်နယ် မြောက်ပိုင်း၊ ထိုဒေသများ နှင့် ထိစပ်နေသော တရုတ် ပိုင်နက် အတွင်းပိုင်း များ တွင် ဖြစ်သည်။ အထူးသဖြင့် တီဘီယမ် နှင့် ဒစ်ပရိုစီယမ် သတ္ထု အမြောက်အမြား ထွက်ရှိရာ ဖြစ်သည်။ မကြာ‌ သေး မီ နှစ်များ အတွင်းက မြန်မာသည် ထိုသတ္ထုများအား တရုတ်ပြည်သို့ အများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်လာခဲ့သည်။

 

ယခုအခါ တူးဖေါ်မှု များက အတောမသတ် နိုင် ဖြစ်လာပြီး အရှေ့မြောက် ဒေသရှိ ဝ တို့ ထိန်းချုပ်ရာ နယ်မြေ များ အတွင်းပါ ရောက်ရှိလာသည်။

 

ရှားပါး မြေသား သတ္ထုများသည် တနေရာတည်း တွင် တည်ရှိမနေပဲ နေရာအနှံ ပြန့်ကျဲနေတတ်၍ တောင်စောင်းများကို ဖဲ့ထုတ်ပြီး အက်စစ်နှင့် တိုက်စားကာ သတ္တုဓာတ်များကို ဖျော်ထုတ်ပြီး၊ ထိုအရည်များကို စုဆောင်း၍ သတ္တုထုတ်ယူသည့် leaching နည်းလမ်းကို အသုံးပြုကြသည်။ နိုင်ငံ အများ အပြားတွင်တော့ တင်းကျပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် အလုပ်သမား စည်းမျဉ်း များ ချမှတ်ထားသော်လည်း မြန်မာ တွင်တော့ တခုမှ မရှိပေ။

 

ကချင်ပြည်နယ် အတွင်း တွင် ဧက ထောင်ပေါင်းများစွာ ပျက်စီးသွားခဲ့ရပြီး အဆိပ်သင့် မြေသားများ နှင့် အလုပ်သမား များသာ ကျန်ခဲ့တော့သည်။ ဝ တို့ နေထိုင်ရာ ရှမ်းပြည်သည်လည်း အလားတူ ဖြစ်လာပေတော့မည်။

 

ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုသည်ကား နယ်ခြားကို ဖြတ်ကျော်လာနေပြီ ဖြစ်သည်။ ဥပမာ ဆိုက ကော့ မြစ်သည် ဝ တို့ နယ်မြေမှ ထိုင်းနိုင်ငံထဲ စီးဝင်လာပြီး မဲခေါင် မြစ်နှင့် သွားရောက် ပေါင်းဆုံသည်။ မကြာသေးမီက မြစ်‌ ရေ နှင့် ထိတွေ့မိသော ထိုင်းရွာသားများသည် အရည်ပြား ယားယံပြီး အနာများ ဖြစ်လာကုန်သည်။ ငါးများ တွင်လည်း မကျန်းမာသည့် လက္ခဏာ များ တွေ့လာရသည်။

 

ထိုင်း အစိုးရ စောင့်ကြည့်ရေး အဖွဲ့များက ဘေးဥပဒ် ဖြစ်စေသည့် အကြီးစား သတ္ထုဓါတ် ပမာဏ သည် ဘေးကင်းလုံခြုံမှု အဆင့်ထက် ကျော်လွန်နေသည်ကို တွေ့လာကြသည်။ ရေရှည်တွင် ကျန်းမာရေး အတွက် အကြီးအကျယ် စိုးရိမ်မကင်းစရာ များ ကြုံလာရတော့မည် ဖြစ်သည်။

 

သတ္ထု တူးဖော်ရေးလုပ်ငန်းများမှ ထွက်လာသည့် အဆိပ်အတောက် များသည် မဲခေါင်မြစ်၏ အစိတ်အပိုင်းများဆီ ရောက်ရှိနေပြီ ဖြစ်သည့် အတွက် ထိုမြစ်ကြီးကို မှီခိုနေကြရသည့် နိုင်ငံအများအပြားရှိ သန်းပေါင်းများစွာသော လူများအား နောက်ထပ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည် ဆိုသော စိုးရိမ်မှုများ တိုးပွားလာနေသည် ။ မဲခေါင်မြစ်သည် ယခင်ကတည်းကပင် ဆည်များ၊ ရာသီဥတုပြောင်းလဲမှုများ နှင့် သစ်တောပြုန်းတီးမှုများကြောင့် အန္တရာယ် ရှိနေပြီးသားလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!