စခန်းကို လက်လွှတ်၍ ထိုင်း ဖက်သို့ အလုံးအရင်း ထွက်ပြေး ဝင်ရောက်သွားကြသည် ဆိုသော သတင်းမျိုးက စစ်တပ် သမိုင်းတွင် တခါဖူးမျှ ကြုံခဲ့ဖူးခြင်း မရှိသော်လည်း မင်းအောင်လှိုင် အာဏာ သိမ်းပြီး နောက်တွင် ဖြစ်ရိုး ဖြစ်စဉ် လို ဖြစ်လာခဲ့ပြီ ဖြစ်သည်။
နောက်ဆုံး ဖြစ်စဉ် တရပ် အနေဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ မှ စနေနေ့ ဒေသ စံတော်ချိန် ညနေ သုံးနာရီတွင် ဥကရစ်ထ စခန်းကို စတင် တိုက်ခိုက်ခဲ့ကြသည်ဟု ထိုင်းစစ်ဖက် ကြေညာချက် အား ကိုးကား၍ နိုင်ငံတကာ သတင်းများ တွင် ဖေါ်ပြလာကြသည်။
စစ်အုပ်စု မှ သက်ရှိ စည်းရိုးဟု ဝါဒ ဖြန့်ခဲ့သည့် စခန်းကို ကရင် တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်း ဖြစ်ပြီး ၎င်းတို့အား သစ္စာခံ တပ်သား တရာခန့် ထိုင်းနိုင်ငံ ဖက်ခြမ်းသို့ ကစင့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြသည်ဟု သတင်းများ တွင် ဖေါ်ပြထားသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ နောက်ဆုံး လက်ကျန် ဝေါလေ ဗျူဟာ စခန်းကုန်းကို ကရင် တိုင်းရင်းသား တပ်များ နှင့် မဟာမိတ် တပ်ပေါင်းစု က ထွက်ပေါက်မရှိအောင် ဝိုင်းပတ် ပိတ်ဆို့ထားသည်ဟု လည်း သိရသည်။
ထိုသို့ ရုပ်ပျက် ဆင်းပျက် ဖြစ်နေခဲ့ရမှု များ အတွက် စစ်ခေါင်းဆောင်များမှ လွဲ၍ မည်သူ့တွင် တာဝန် ရှိသည်ဟု ပြော၍ ရပေမည်နည်း။
ပုခုံး ပေါ် အပွင့်များ တင်၍ ဟိုစစ်ဆေး ဒီစစ် ဆေး လျှောက်လုပ်နေ သော်ငြားလည်း ၎င်းတို့၏ collective psyche သည်လည်း သုံးစားမရ ပေါချာချာ ဖြစ်နေသည်ကို ဒေါ်နယ် ထရန့်အား ရေးလိုက်သည့် စာကြောင့် မြင်ရသူ အပေါင်း သဘောပေါက်သွားခဲ့ရသည်။
ထိုအကြောင်း နှင့် ပတ်သက်၍ CNN က ရေးသားရာတွင် ဒေါ်နယ် ထရမ့်ထံမှ စာကို လက်ခံရရှိသော နိုင်ငံများ ၏ ခေါင်းဆောင်များသည် အကြီးအကျယ် ဦးနှောက် ခြောက်သွားကြမည် ဖြစ်သော်လည်း အရှေ့တောင် အာရှ ရှိ စစ်ဗိုလ်ချုပ်ကြီးက မူ ထိုစာ အား ၎င်းကို အသိအမှတ် ပြုသည့် သဘောဖြင့် ဝမ်းသာ အားရ ဖြင့် ပြည်တွင်း ပြည်ပ ကို ဝါဒဖြန့် ပြောဆိုလျက် ရှိနေသည်ဟု ပါရှိလာခဲ့သည်။
မသိသား ဆိုးဝါးလှသည်က ၂၀၂၀ ရွေးကောက်ပွဲ တွင် ၎င်းတို့လည်း ထရမ့်လိုပင် ဖြစ်ခဲ့ရကြောင်း၊ VOA, RFA ကဲ့သို့ သတင်းဌာနများကို ပိတ်ပစ်ခဲ့၍ ကျေးဇူး တင်သည် ဆိုသော စကားများသည် ထရမ့်အား ၎င်းကဲ့သို့ ဒီမိုကရေစီ ဆိုသည်ကို အ ရေး စိုက်စရာ မလိုဟု ယူဆထားသည့် အာဏာရှင် တဦး အဖြစ် တတန်းစားထဲ ထားကာ အမေရိကန် လူထု ကို ချပြလိုက်ခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့ အတွေး အခေါ် မျိုး ဖြင့် ရွေးကောက်ပွဲ အတုအယောင် (အစစ်အမှန် ဆိုကလည်း အနားပင် ကပ်လို့ ရမည် မဟုတ်) မျိုး ဖြင့် ဓါးမိုး၍ နိုင်ငံကို ဆက်၍ အုပ် ချုပ် သွားမည့် အရေး အောင်မြင်သွားပါက တမျိုးသားလုံး လူညွန် တုံးမတတ် ဖြစ်ကြရတော့မည် ဆိုကာ တိုင်းပြည်ကို ချစ်သူတိုင်း ရင်ထု မနာ ဖြစ်နေကြပေတော့မည်။
ယခု အချိန်အထိလည်း လူထု အကျိုး၊ တိုင်းပြည် အကျိုးကို ဘာတခုမျှ မယ်မယ်ရရ လုပ်ပြနိုင်စွမ်း မရှိပဲ ပေါက်ပန်းလေးဆယ် အပြောများဖြင့် ပေကပ် အုပ်ချုပ် နေသည့် ကို မြင်နေကြရသော ပြည်သူများက မိမိတို့ အပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့် ဗိုလ်ကျ နေသူများ အဖြစ် ရှုမြင်ကြမည်ကား မလွဲဧကန်ပင် ဖြစ်ပေတော့သည်။
သီပေါမင်း ပါ တော် မူပြီး နောက် ဗြိတိသျှ တို့ တတိုင်းပြည်လုံး ကို ကျွန်ပြုခဲ့သည့် ကာလ သည် ၆၃ နှစ် ရှိခဲ့သည်၊ ၎င်းတို့သည်လည်း ၁၉၆၂ မှစ၍ ပြည်သူများအား ဒုတိယ တန်းစား နိုင်ငံသား များ အဖြစ် စစ်ဖိနပ်အောက်တွင် ထားလာခဲ့ကြသည်မှလည်း ၆၃ နှစ်ပင် ရှိလာခဲ့သည်။ မြန်မာတို့ အဖို့ ကိုလိုနီ သမား များ နှင့် စစ်အုပ်ချုပ်ရေး သမားများ အကြား အသက်ပြင်းပြင်း ရှုခွင့်ရခဲ့သည် ကာလ ဆို၍ ဆယ့်လေး နှစ်မျှသာ ရှိခဲ့သည် မဟုတ်ပါလား။
၁၂၆ နှစ်လုံးလုံး မြန်မာတမျိုးသားလုံး မျက်စိပိတ် နားပိတ် ခံခဲ့ကြရပြီး ဘာတခုမျှ ပြောဆိုခွင့် ငြင်းဆန်ခွင့် ဆုံးဖြတ်ခွင့် လည်း လားလားမျှ ပင် မရခဲ့ရှာပေ၊ လူတဦးတယောက်၏ သဘောအတိုင်း လုပ်ချင်ရာ လုပ် အုပ်ချုပ်ခြင်းကို ခံခဲ့ကြရရှာသည်။
ထိုကဲ့သို့ကြမ္မာဆိုးများ ထပ်မံ မခံစားကြနိူင်ကြစေဘို့နှင့် မြန်မာ တမျိုးသားလုံး၏ ဘ၀ လုံခြုံမှု နှင့် ကမ္ဘာ အလယ်တွင် လူချင်းတူတူ သူချင်းမျှမျှ ရှေ့လျောက် နေထိုင်သွားနိူင်ရေး အတွက် စစ်အာဏာရှင် စနစ်ကို မည်သည့် ပုံစံနှင့်မျှ ပြန်လည် ခေါင်းထောင် လာနိုင်ခြင်း မရှိအောင် အပြီးအပြတ်ရှင်းလင်း ဖယ်ရှားနိူင်ရေး ကို မျက်ခြေ ပြတ် ၍ မဖြစ်သော သမိုင်း ပေး တာ၀န်ကြီး တရပ် အဖြစ် အမြဲ ရှု့မြင် သုံးသပ်၍ လက်ရှိ ခြိမ်းခြောက် လာ နေသည့် အန္တရယ်ကြီးကို ညီညွတ်စွာ တိုက်ဖျက်သွားနိုင် ရေး ကိုသာ အမြဲ စိတ်တွင် နှလုံးသွင်းထား သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။
ယခုအချိန်သည် ပါတီနိူင်ငံရေး၊ တိုင်းရင်းသား နိုင်ငံရေး ဆိုသည်မှာမရှိ အမျိူးသား လွတ်မြောက်ရေးအတွက် လှုပ်ရှားရုန်းကန်နေသော အမျိုးသား နိူင်ငံရေးသာ ရှိသည်။
အမျိုးသား လွတ်မြောက်ရေးအတွက် ချီတက်ရာလမ်းတလျောက်တွင် ကန့်လန့်ခံနေသော သစ်ပင်ကြီးအား ဖြိုလှဲရာတွင် အကိုင်းအဖျားလောက်ကို ခုတ်ထွင်ရန် မရည်ရွယ်။ တပင်လုံးအား အမြစ်မှ နှုတ်ရန် လုံးလပြု အားထုတ်နေသော အမှုတွင် ကိုယ်စီကိုယ်ငှ ပေါက်ဆိန်၊ ဓါး၊ လွှ ကိုင်ဆွဲ၍ တယောက်တလက် နိူင်သလောက် ရှင်းလင်းမှသာ အမြစ်ပြတ်နိူင်ပေသည်။
ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!