ရွေးကောက်ပွဲ ဝင်မည့်လူများ လူထု ကို မျက်နှာမပြရဲ ဖြစ်နေဟု သက်သက်ခိုင် ပြော

by Hla Soewai - Jul 18 2025

၎င်းတို့၏ ရွေးကောက်ပွဲ ဆိုသည်အား အိမ်နီးချင်းအာဆီယံ နိုင်ငံများကပင် ဆန့်ကျင်လာကြပြီး လေ့လာ သုံးသပ်သူများက ပြည်တွင်းစစ်ကြီး နှင့် လူမျိုးစု များ နှင့် အကွဲကွဲ အပြားပြား ဖြစ်နေမှု များကို အဆုံးသတ်သွားမည် မဟုတ်ဟု လေ့လာသုံးသပ်နေကြချိန်တွင် စစ်အုပ်စု က နောက် ခြောက်လ အကြာ တွင် ပြုလုပ်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုထိ ရက် မသတ်မှတ် နိုင်သေးသော်လည်း ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီ တွင် လုပ်မည်ဟု မင်းအောင်လှိုင်က ပြီးခဲ့သည့် အပတ်အတွင်း အတည်ပြုခဲ့သည်။

 

လက်ရှိတွင် ဗိုလ်ချုပ်ကြီးများသည် နိုင်ငံ တဝက် ကျော်ကိုသာ ထိန်းချုပ် နိုင်ပြီး ‌ရွေးကောက်ပွဲ နှင့် ပတ်သက်၍ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မည့် ဒေသဟူ၍ မဆိုသလောက်သာ ရှိတော့သော်လည်း ၎င်းတို့၏ လက်ဝေခံ ပါတီများကမူ ဝင်ရောက်ယှဉ် ပြိုင်ရန် ပြင်ဆင်လာကြသည်။

 

လူပေါင်း ငါးထောင်နီးပါး အသက် ဆုံးခဲ့ရသည့် ငလျှင်ဒဏ်ကြီး နောက်ပိုင်း မြန်မာ သည်၂၀၀၄ ဆူနာမီ အပြီး အင်ဒိုနီရှားရှိ အာချေ့ ပြည်နယ်လို ငြိမ်းချမ်းရေး အတွက် အခြေအနေ ကောင်းများ ထွက်ပေါ်မလာခဲ့ပေ။

 

ယခု အချိန်အထိ ၎င်းတို့ လုပ်မည်ဆိုသော မြို့နယ်ပေါင်း ၂၆၇ ခု စလုံး ဝင်‌ရောက်ယှဉ်ပြိုင်မည့် ပါတီ ဆယ်ခုသာ ရှိပေသေးသည်။

 

စစ်အုပ်စုသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြတ်ပြတ်သားသား အနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ သည် မဲလိမ်သည် ဆိုကာ အာဏာ သိမ်းခဲ့ပြီး နောက်ပိုင်းတွင်လည်း လုပ်ကြံ ဖန်တီးထားသည့် အထောက်အထားများသာ ထုတ်ပြနိုင်ခဲ့သည်။

 

ရွေးကောက်ပွဲ ဝင်ရန် တက်ကြွစွာ လှုပ်ရှားနေသူများ ထဲတွင် ယခင် NLD လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး ယခုအခါ ပြည်သူ ရှေ့ဆောင်ပါတီ ကို ဖွဲ့စည်းလာသည့် သက်သက်ခိုင်သည် ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်။ စစ်အုပ်စု မှ ဖွဲ့စည်းပေးလာသည့် ကက်ဘိနက် တွင် လူကယ်ပြန် ဝန်ကြီး၊ နောက်ပိုင်း တွင် ခရီးသွားလာရေး ဝန်ကြီး အဖြစ် ပါဝင်ခဲ့သည်။

 

ယခုနှစ် အစောပိုင်း တွင် ရွေးကောက်ပွဲ ပါဝင်နိုင်ရန် ရာထူးကို စွန့်လွှတ်သွားခဲ့သည်။ လူထု အား မဲပေး ပိုင်ခွင့် ကို အသုံးချရန် ပြောဆိုနေသော်လည်း ၎င်းတို့ ရင်ဆိုင်ရမည့် တော်လှန်ရေး အဖွဲ့များ၏ စိန်ခေါ်မှု များကို လည်း သိရှိထားသည်။

 

သူမ ပါတီသည် USDP နှင့် အတူ မြို့နယ်အားလုံးတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်‌ သော်လည်းရွေးကောက်ပွဲ မဲဆွယ် ကာလ အတွင်း လွတ်လွတ် လပ်လပ် သွားလာ လှုပ်ရှားနိုင်စွမ်း ရှိမည် မဟုတ် ကြောင်း၊ ဤသည်ကလည်း "အစိုးရ" ကြောင့် မဟုတ်ဘဲ လုံခြုံရေး အခြေအနေများကြောင့်ဟု နစ်ကီအေးရှား နှင့် အင်တာဗျုး တွင် ပြောသွားခဲ့သည်။

 

လောလောဆယ် တွင် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့ ပါဝင်မည့် အကြောင်း လူထုကို မျက်နှာ မပြရဲ၊ ရပ်ကွက်ထဲတွင် ပစ်မှတ် ထား တိုက်ခိုက်ခံရမည် ကို ကြောက်ရွံ့နေကြရသည်ဟုလည်း ဆိုသည်။

 

ရွေးကောက်ပွဲ နေ့တွင် လုံခြုံရေး တင်းကျပ်ထားလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲ အပြီး တွင် အကြမ်းဖက်မှု များ လျော့နည်းလာပြီး နိုင်ငံတကာ အသိုက်အဝန်းမှ နိုင်ငံတွင်း အပြုသဘော ပြောင်းလဲလာမှု များကို အသိအမှတ် ပြုလာကြမည် ဟုလည်း ပြောခဲ့သည်။

 

(ထိုမျှအထိ ရိုးအ နုံချာသော အမြင် ရှိနေမည်ဟု မိမိ မထင်ခဲ့သည်က အမှန်ပင် ဖြစ်သည်၊ ရွေးကောက်ပွဲ အပြီး အရပ်သား အစိုးရ ဖွဲ့ပြီးသည်နှင့် လူထု နှင့် နိုင်ငံတကာက အမြင်ကြည်လင် လာကြသည် နှင့် အမျှ တော်လှန်ရေး အဖွဲ့များ အပေါ် ထောက်ခံကြတော့မည် မဟုတ်ဟု ယုံကြည်နေခြင်း ဖြစ်သည်။ ပြည်သူများက စစ်တပ် အား ပြည်ပမှ ကျူးကျော်လာသူများ အဖြစ် တတန်းစားထဲ ထားကာ ရှုမြင်နေကြပြီ ဖြစ်သည် ဆိုသည့် အမှန်တရားကို လည်း အာဏာ ငမ်းဖမ်းနေမှု ကြောင့် သိမြင်နိုင်စွမ်း မရှိ ဖြစ်နေကြသည်)

 

နိုင်ငံတကာက လေ့လာ‌စောင့်ကြည်သူများ အားလုံးက ရွေးကောက်ပွဲ ဖြင့် စစ်အုပ်ချုပ်ရေး ကို တရားဝင် ဟု အသိအမှတ် ပြုလာရန် အတုအယောင် ဟန်ပြ လုပ်ခြင်း ဟု ဆိုကာ ပယ်ချထားကြပြီး ဖြစ်သည်။

 

ရွေးကောက်ပွဲ သည် နိုင်ငံ အတွက် အကျိုးတစုံတရာ ဖြစ်ထွန်းလာဖို့ မရှိဘဲ စစ်တပ် အတွက်သာ အကျိုး ရှိရာ ရှိကြောင်း ဖြစ်သွားဖို့ ရှိ၍ မည်သည့် နည်း နှင့် မဆို ဖြစ်အောင် လုပ်သွားလိမ့် မည်ဟု ‌လေ့လာသူ တဦး က သုံးသပ်ခဲ့သည်။

 

စစ်အုပ်စု၏ အာဏာသည် နိုင်ငံတဝှမ်း တွင်အကန့်အသတ် နှင့် သာ သက်ရောက်နိုင်စွမ်း ရှိတော့၍ ဒေသအများအပြား တွင် ရွေးကောက်ပွဲ အပေါ် ယုံကြည်မှု များ ရှိလာမည် မဟုတ်ဟု ဆိုသည်။

 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန် မှ ပြီးခဲ့သည့် အပတ်အတွင်း ကွာလာလမ်ပူ တွင် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ပါတီအားလုံး ပါဝင်နိုင်ခြင်း မရှိပဲ လုပ်သည့် ရွေးကောက်ပွဲသည် အနှစ်သာရ မဲ့နေသည့် အပြင် တဝက်တပျက် လုပ်ခြင်းဖြင့်လည်း မည်သို့မျှ အဓိပ္ပါယ် ရှိမည် မဟုတ်၊ လက်ရှိတွင် ရွေးကောက်ပွဲ ကို ဦးစားမ‌ပေးဘဲ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်အောင် လုပ်ဖို့သာ လိုသည်ဟု ပြောဆိုသွားခဲ့သည်။

 

ရွေးကောက်ပွဲ တရားဝင် ဖြစ်မှု သည် နိုင်ငံတကာ၏ အမြင်များထက် မြန်မာလူထု မှ မည်သို့ သဘောထားသည် ဆိုသည့် အပေါ်သာ မူတည်သည်ဟု တမ္ပဒီပ အင်စတီကျု မှ ဦးခင်ဇော်ဝင်းက မှတ်ချက်ပေးသွားခဲ့သည်။ ယခုအခါ မြန်မာ လူထု သည် လက်ရှိ ရွေးကောက်ပွဲ ဆိုသည်ကို စိတ်မဝင်စားကြတော့၊ ထို့ အတွက် စစ်တပ် ထိန်းချုပ်ထားသည့် ဒေသများ လောက်သာ "တရားဝင်မှု" ရှိလိမ့်မည် ဟုလည်း ဟုလည်း ပြောသွားခဲ့သည်။

 

လက်ရှိတွင် NUG အား ဖက်ဒရယ် အစိုးရ အသွင် ပြုပြင် ပြောင်းလဲသွားမည် ဆိုသော သတင်းများ ထွက်ပေါ်နေပြီ ဖြစ်သည်၊ ထို အစိုးရ အဖွဲ့တွင် NUCC တွင် ပါဝင်သော တိုင်းရင်းသား အဖွဲ့များ ပါဝင်လာဖို့ ရှိနေသည်။

 

ဤနေရာတွင် ပြောလိုသည်က မိမိတို့သည် NUG ကို စတင် တည်ထောင်ခဲ့သူများ ဖြစ်သည် ဆိုသော အစွဲကို ဖယ်ရှားပြီး နေရာ ပေးနိုင်၊ ပေးတတ်ဖို့ လိုသည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သည်လည်း ၎င်း တို့ အချင်းချင်း တော်လှန်ရေး ညွှန်ပေါင်း တပ်တော်ကြီး ဖွဲ့စည်းပြီး PDF ကို ပါ ထည့်သွင်းကြမည် ဆိုလျင် CoC အရေး ပြေလည် သွားမည် ဟု ယူဆမိပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!