အမြန် ဆုံး ရုန်းထွက်ကြ

by Hla Soewai - Jul 18 2025

ချေဂွေဗာယား အား အာဂျင်တီနား မှ သတင်းထောက် တဦးက တောထဲအထိ လာရောက်ပြီး အင်တာဗျူး ခဲ့ရာ ခင်ဗျားက ကျွန်တော်တို့ နိုင်ငံသား ဖြစ်ပါလျက် ဘာလို့ အခုလို ဝေးကွာလှတဲ့ ကျူးဘား လို နေရာမှာ ဝင်ရောက် စွက်ဖက် တိုက်ခိုက် နေရသနည်း ဟု မေးမြန်းလာခဲ့သည်။

 

ချေဂွေဗာယား က "ကျုပ်ဟာ ဖိနှိပ်ချုပ်ချယ်မှု အောက်က လွတ်မြောက်အောင် ရုန်းကန်နေကြတဲ့ လူတွေရဲ့ တရားမျှတတဲ့ စစ်ပွဲကို ကူညီတိုက်ပေးနေတာလို့ပဲ ယူဆတယ်”

 

ပြည်တွင်းစစ်ကြီး တခုကို လက်နက်တွေ ထောက်ပံ့နေတဲ့ လူတွေက ဝင်စွက်ဖက်တဲ့ လူ တွေ မဖြစ်ပဲ ကျုပ် ကသာ ဝင်စွက်ဖက်နေတဲ့ လူ ဖြစ်နေရော” ဟု ‌ပြောသွားခဲ့သည်က မှတ်သား စရာ ကောင်း လှသည်။

 

လက်ရှိတွင် တရားမျှတခြင်း နှင့် ဒီမိုကရေစီ ဆိုသည်ကို နားခါးနေကြသည့် ခေါင်းဆောင်များ၊ လူ့မလိုင် ကရိုနီ များ ၊ ဖက်ဆစ်များ၊ ဖက်ဆစ် လက်သစ် များ အားလုံးသည် လုံခြုံမှု ကင်းမဲ့လာရသည်။ ထို့အတွက် အလိမ်အညာ ခေါင်းဆောင်များ နှင့် နှစ်ပါးသွားနေရသော နိုင်ငံ ဖြစ်လာပြီး ပြည်သူများ၏ ဘဝ သည် နေ့စဉ် နှင့် ပမျှ မွန်းကျပ်သည်ထက် မွန်းကျပ်လာနေသည်။

 

ဗေဒင်မေးစရာ မလိုအောင် သေချာသွားသည်က တော့ နှောင်းခေတ် သမိုင်းပညာရှင် အားလုံးမှ "မြန်မာပြည်၏ အမှောက်မိုက်ဆုံး‌ နေ့ရက်များ" ဟု ကမ္ပည်းတင်လာကြတော့ မည့် အရေးပင် ဖြစ်သည်။

 

ယခု အခြေအနေက ပြည်သူတို့၏ ခုခံ တွန်းလှန်မှုကြီးကို တန်ဖိုးကြီးကြီးပေးပြီး ကာကွယ်နေရသည့် အတွက် ပျက်စီးသွားခဲ့ရသည့် တိုင်းပြည်စီးပွားရေး ကို နာလံပြန်ထူ အောင် လုပ်ဖို့နေနေသာသာ စစ်စရိတ် အတွက် ဒေါ်လာငွေများ ပြည်ပ ထွက်မသွားရေး အတွက် အသည်းအသန် ဟန့်တားနေရသည့် အဆင့်တွင်သာ ရှိပေသေးသည်။

 

ထိုသို့ လုပ်၍ သက်ဆိုးရှည်စွာ စိတ်အေးချမ်းသာ နေသွားခဲ့ရသည့် အာဏာရှင်ကော ရှိပါရဲ့လား၊ တနေ့မဟုတ် တနေ့ ပြည်သူတို့၏ ဒဏ်ခတ်ခြင်းကို မရှူမလှ ခံကြရစမြဲ ဆိုသည်က သမိုင်းစာမျက်နှာများတွင် အထင်အရှား တွေ့နိုင်ပေသည်။

 

စစ်အာဏာသိမ်း အဖွဲ့၏ တခုတည်း‌ သော အားကိုးရာ လေတပ်သည် တိုက်လေယာဉ်များ အား မရေတွက် နိုင်လောက်အောင် စံချိန်တင် စေလွှတ်နေသော်လည်း တိုက်ပွဲများ တွင် ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပဲ၊ လူထု အား ကြောက်ရွံ့လာအောင်နှင့် ပိတ်မိနေသော တပ်များအား စိတ်ဓါတ်မြှင့်တင် ပေးနိုင်ယုံ အဆင့်တွင်သာ ရှိခဲ့သည်။

 

စစ်အုပ်စုသည် ရှေ့တွင်သာ ၎င်းတို့ အဆို "အကြမ်းဖက် အဖွဲ့အစည်းများ" အား အမြစ်ဖြတ် ချေမှုန်းမည်ဟုလက်သီး လက်မောင်းတန်းနေသော်လည်း နောက်ကွယ် တွင် စေ့စပ်‌ ဆွေးနွေးရေး လမ်းကို ငြင်းပယ်ခြင်း မရှိသည်ကို မကြာမီ က ကမ်းလှမ်းလာချက် များ အရ တွေ့နိုင်ပေသည်၊ ဤသည်ကလည်း တော်လှန်ရေး အဖွဲ့များ ထိန်းချုပ် နယ်မြေ များ အတွင်း ရွေးကောက်ပွဲ လုပ်လိုသည်က တကြောင်း၊ ၎င်းတို့ လက်ဝေခံ ပါတီများ လုံခြုံရေး အတွက် ၎င်း၊ မည်သို့မျှ ကြံရာ မရ ဖြစ်လာသည့် အဆုံး ထိုသို့ ကမ်းလှမ်းလာရခြင်းလည်း ဖြစ်သည်။

 

ဤနေရာ တွင် တွေ့လာရသည်က ၎င်းတို့ အတွက် အသက်ရှု ချောင်ခွင့် ရမည် ဆိုလျှင် ရုန်းထွက်သွားကြမည်သာ ဖြစ်ပြီး ၎င်းတို့အား တောထဲတောင်ထဲတွင် ကာကွယ်ရင်း အသက်ပေးခဲ့ရသူများ အဖို့ အချည်းနှီးသာ ဖြစ်သွားပေတော့မည် ဆိုသည်ကို လက်ရှိ ရိက္ခာလစာ မဖြစ်စလောက်ဖြင့် အသက်စွန့် တိုက်နေသူများ သတိ ချပ်သင့်လှပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။

 

တိုက်ပွဲတိုင်း အောင်၍ အခြေအနေ ကောင်းလျင် မှိန်းနေ၍ ရသေးသည်။ ယခုလို အရှုံး နှင့် ရင်ဆိုင် နေရပြီး ရှေ့လျောက်လည်း အောင်ပွဲခံနိုင်မည့် အလားအလာမမြင်၊ မိမိတို့ တပ်ထဲက မထွက် နိုင်မခြင်း နေရာပေါင်းစုံ လှည့်၍ မသေမချင်း တိုက်သွားရတော့မည့် အဖြစ် မျိုး ရောက်နေပေပြီ။

 

၎င်းတို့ မိသားစု နှင့် ဥမကွဲ သိုက်မပျက်၊ စည်းစိမ် မပျက် နေနိုင်စားနိုင်အောင် ကြံဆောင်နေကြသူများ အတွက် မိမိတို့ မိသားစု ဘဝပျက်ခံပြီး စွန့်စားသင့်ကြပါ၏လော။

 

ရွေးကောက်ပွဲတွင် မဲသမာမှု ကြောင့် အာဏာသိမ်းခဲ့ရပါသည်ဟု ပြောသာ ပြောနေသော်လည်း ယခုထက်ထိ မည်မည်ရရ အချက်အလက် အထောက်အထားများ ဖြင့် ကမ္ဘာက လက်ခံလာအောင် ချမပြနိုင်ခဲ့။

 

မဲမသမာမှု ဖြစ်ဖို့ ဆိုသည်က မဲပုံးများထဲသို့ တရားမဝင် မဲများ ထိုးသိပ်ထည့်ခြင်း၊ တရားမဝင် ရွေးကောက်ပွဲ ရံပုံငွေများ လက်ခံခြင်း၊ သုံးစွဲခြင်း၊ မဲများအား ငွေပေး ဝယ်ယူခြင်း၊ တဖက် ပါတီ၏ မဲဆွယ် စည်းရုံးသူများအား ခြိမ်းချောက် နှောက်ယှက်ခြင်း၊ ‌ရွေးကောက်ပွဲ ကြီးကြပ်သူများအား လာဘ်ထိုးခြင်း၊ သေဆုံးသူများ အမည်များ သုံး၍ ကြိုတင်မဲ လုပ်ခြင်း အစရှိသည်တို့ကို ကျုးလွန်မှသာ မဲမသမာ မှုဟု ခေါ်ဆိုနိုင်သည်။

 

ယခုတော့ ရွေးကောက်ပွဲ ရလဒ်ကို မည်သို့မျှ မပြောင်းလဲနိုင်သော မဲစာရင်းကွာဟမှု အနည်းငယ်မျှ ရှိခဲ့ ခြင်းကို အကြောင်းပြကာ အာဏာသိမ်းခဲ့ခြင်းသည် နိုင်ငံတကာက hellhole ဟု သတ်မှတ် ခံနေရသည် အထိ တိုင်းပြည် ကျွမ်းထိုး မှောက်ခုံ ဖြစ်ခဲ့ရသည်နှင့် တန်ပါ၏လော၊ 

 

၎င်းတို့ အာဏာ သိမ်းခဲ့ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို တောထဲတောင်ထဲတွင် အမိုက်ခံ၍ တိုက် ပေးနေရသူများ နဖူးပေါ် လက်တင်စဉ်းစားသင့်ချိန် ရောက်လာပြီ ဖြစ်သည်။ အိမ်အပြန် ကို မျှော်နေကြမည့် ဇနီးသားသမီးများ၏ မျက်နှာကို ထောက်ထားသင့်သည်။

 

မိမိတို့ ရင်သွေးများ အား စစ်ထဲသို့ အတင်းအကျပ် ဆွဲခေါ်ကာ ‌သေမင်းခံတွင်းဝ သို့ တွန်းပို့နေကြသည့် အဖြစ်ကိုလည်း လူထု ကြီး လည်း မည်သို့မျှ မတတ်နိုင် လက်ပိုက်ကြည်နေကြရ ရှာပြီ၊ ၎င်းတို့ အဖို့က တိုင်းပြည် အတွက်ဟု ဂုဏ်ယူ နိုင်ခြင်း အလျှင်း မရှိဘဲ မိမိတို့၏ ရင်သွေးများသည် လူတိုင်း ရွံရှာ မုန်းတီး နေကြသည့် လိမ်ညာ အုပ်ချုပ်နေသူ များ အတွက် အသက်ပေးနေကြရ ရှာပြီ ဆိုသည်ကို တွေးမိတိုင်း ရင်ထု မနာ ဖြစ်နေကြ ပေ တော့မည်။

 

ထိုသို့ မည်သို့မျှ ဂုဏ်ယူ ဝင့်ကြွား နိုင်ခြင်း မရှိသည့် အရေး အတွက် အသက်စွန့် နေကြမည့် အစား နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များသို့ ဆက်သွယ် ပူးပေါင်းကြရဖို့သာ ရှိသည်။

 

သို့မဟုတ်က အထက်တွင် ဆိုခဲ့သည့် အတိုင်း စစ်အုပ်စု သည် မည်သို့မျှ အနိုင်စရာ လမ်းမမြင်၊ မိမိတို့ သာ တပ်ထဲက မထွက် နိုင်မခြင်း နေရာပေါင်းစုံ လှည့်၍ ၎င်းတို့ အတွက် မသေမချင်း တိုက်သွားရတော့မည့် အဖြစ် မျိုး ရောက်နေပေပြီ။

 

ထိုထက်ပို၍ ဆိုးသည်က ဓမ္မ နှင့် အဓမ္မ တို့ ရင်ဆိုင် တိုက်ပွဲ ဝင်နေချိန်တွင် မိမိတို့ က အဓမ္မ ဖက်မှ ရပ်တည် ပေးနေရခြင်း ဆိုသည်ပင် ဖြစ်သည်။

 

ယနေ့ ရရှိသော သတင်းအရ မြိတ်-ထားဝယ် ခရိုင်၊ ထိုင်း နယ်စပ် အနီးရှိ စစ်အုပ်စု၏ သုခ တပ်စခန်း တာဝန်ခံ စစ်‌ ကြောင်းမှုး ဗိုလ်ကြီး မျိုးဆွေဦး ခေါ် စောမိုးဇက်သည် ကေအင်ယူ တပ်မဟာ ၄ တပ်ရင်း (၁၀) သို့ ဘက်ပြောင်း ခိုလှုံလာသည်ဟု သိရသည်။

 

ဓမ္မ ရင်ခွင် သို့ ခိုလှုံလိုသူများ အတွက်

 

https://www.facebook.com/share/1A9N6a8wXQ/

 

ပြည်သူတို့၏ တရားသော ခုခံစစ် မုချ အောင်ရမည်!!!