ကုန်သွယ်ရေး စစ်ပွဲ မြန်မာသို့ ရိုက်ခတ် ကိုတေဇာဆန်းလည်း လှုပ်ခတ်

by Hla Soewai - Jul 18 2025

ဇူလိုင် လ ၇ ရက်နေ့ နေ့စွဲ ဖြင့် ထရန့် လက်မှတ် ရေးထိုး ပြီး နိုင်ငံ ပေါင်း ၁၄ နိုင်ငံ အား ကုန်သွယ်ခွန် တိုးမြှင့် ကြောင်း အကြောင်းကြားစာ ထုတ်ပြန်လိုက်သည်။

 

အဆိုပါ ၁၄ နိုင်ငံထဲတွင် အပြင်းထန်ဆုံး စည်းကြပ် ခံခဲ့ရသည်က မြန်မာ နှင့် လာအိုပင် ဖြစ်ပြီး ၄၀% အထိ တိုးမြှင့် ခံခဲ့ရသည်။

 

မင်းအောင်လှိုင် အတွက် အဆိုးထဲမှ အကောင်းဟု ဖြေသိမ့်စရာ ဖြစ်လာရသည်က စာထဲတွင် နိုင်ငံတော် အုပ်ချုပ် ရေး ကောင်စီ ဥက္ကဌ နှင့် ကာကွယ်ရေး ဦစီးချုပ် ဟု ခေါင်းစဉ် တပ် ခံခဲ့ရခြင်း ကြောင့်ပင် ဖြစ်သည်။

 

၂၀၂၄ စာရင်းဇယား များ အရ အမေရိကန် သည် မြန်မာ ထံမှ ဒေါ်လာ ၈၅၇.၆ သန်းဖိုး ဝယ်ယူ တင်သွင်းပြီး မြန်မာ သည် အမေရိကန် မှ ဒေါ်လာ ၁၇၂.၃ သန်း ဖိုး ဝယ်ယူ ခဲ့သည်။

 

ထရန့်၏ စာသည် အမည် နှင့် ကိန်းဂဏန်း သာ ပြောင်းပြီး ပို့လိုက်သော template letter မျိုး ဖြစ်နေသည်။ သို့သော် ၎င်းတွင် အခြားရည်ရွယ်ချက်များလည်း ရှိနေပုံရသည်။ 

 

မြန်မာ နှင့် လာအိုသည် တရုတ် ဩဇာခံ နိုင်ငံများ ဖြစ်နေပြီး ထို နှစ်နိုင်ငံအား မပြောပ လောက်ဟု ဆိုကာ မည်ကာ မတ္တာမျှသာ တိုးမြှင့်လိုက်မည် ဆိုကနိုင်ငံတွင်း လုပ်ချင်တိုင်း လုပ်ခွင့်ရနေသော တရုတ် ကုမ္ပဏီ များသည် တဒေါ်လာ သက်သာလည်း မနည်းဟု ဆိုကာ မြန်မာ ဖက်မှ လှည့်ပြီး တင်ပို့လာမည့် အရေးကိုပါ ကာကွယ်လိုက်ခြင်း လည်း ဖြစ်သည်။

 

မည်သို့ပင် ဆိုစေ ၎င်းတို့ အခက် တော်လှန်ရေး အတွက် အချက်ဟု ပင် ဆိုရမည် ဖြစ်သည်။

 

ထရန့်၏ စာအရ ကမ္ဘောဒီယား နှင့် ထိုင်း ၃၆%၊ ဘင်္ဂလားဒေ့ရှ် နှင့် ဆာဘီယား ၃၅%၊ အင်ဒိုနီရှား ၃၂%၊ တောင်အာဖရိက ၃၀%၊ ဂျပန်၊ တောင်ကိုရီယား၊ တူနစ်ရှား၊ မလေးရှား၊ ကာဇတ်စတန် ၂၅% တို့ ဖြစ်သည်။ နောက်ထပ်လည်း အလားတူ စာများ ထပ်ထွက်လာဦးမည် ဟု အိမ်ဖြူတော်က ဆိုသည်။

 

ထွက်ပေါ်လာသော သတင်းများအရ တရုတ်သည် ကချင် လွတ်လပ်ရေး တပ်တော်အား အကယ်၍ ဗန်းမော် ကို သိမ်းယူမည် ဆိုက ၎င်းတို့ထံမှ မြေရှား သတ္တု များ ဝယ်ယူတော့မည် မဟုတ်ဟု ခြိမ်းခြောက်စာ ပေးပို့လာခဲ့သည်ဟု သိရသည်။

 

၎င်းတို့ ပေါ် မှီခိုနေရသော ကမ္ဘာမြေရှား သတ္တုဈေးကွက်ကို ကမောက်ကမ ဖြစ်အောင် လှုပ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

ကမ္ဘာ အနှံ့ လိုအပ်နေသော ‌ရှားပါးမြေသား သတ္တုများ၏ တဝက်နီးပါးသည် ကချင်ပြည်နယ်မှ ထွက်ရှိနေသည်။

 

ကေအိုင်အေ ဖက်ကတော့ တရုတ်တို့ ငမ်းငမ်းတက် လိုချင်နေမှန်း သိ၍ ခြိမ်းခြောက်ယုံ သက်သက်ဟု ယူဆထားသည်။ ဗန်းမော်ကို သိမ်းနိုင်မည်ဟု ယုံကြည်ထားပြီး၊ သိမ်းပြီးက ကချင် ပြည်နယ် အတွင်းသို့ ဝင်ရောက်နိုင်သည့် ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ နိုင်တော့မည် ဖြစ်သည်။ တရုတ်သည်လည်း ကေအိုင်အေ နှင့် ငြိမ်းချမ်းရေး ဆွေး‌နွေးပွဲ ဆိုသည် မရှိတော့ဘဲ ၎င်းတို့ အကျိုး အတွက် တိုက်ရိုက် ဆွေးနွေးရတော့မည်လည်း ဖြစ်သည်။

 

ယခုလာမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး တွင်လည်း ထရမ့်၏ အခွန် ကိစ္စ နှင့် မြန်မာ ပြဿနာသည် ထိပ်ဆုံးမှ ရောက်လာမည် ဖြစ်သည်။

 

ဥက္ကဌ ဖြစ်သူ အန်နဝါ အီဘရာဟင်လည်း ၎င်းနှင့် မင်းအောင်လှိုင်တို့၏ မအောင်မြင်ခဲ့သော တွေ့ဆုံမှု အတွက် ဝေဖန်ခံနေရ၍ မိမိသည် အာဆီယံ ၏ ပေးအပ်ခဲ့သော လုပ်ပိုင်ခွင့် အာဏာအရ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ကာကွယ် ပြောဆိုနေရပြီ ဖြစ်သည်။

 

စစ်အုပ်စုဖက်မှ အတုအယောင် ရွေးကောက်ပွဲ ကို အားသွန်ခွန် စိုက် လုပ်လာချိန်တွင် ကိုတေဇာဆန်း နှင့် ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသည်။

 

ကိုတေဇာဆန်း မှ အမျိုးသား ညီညွတ်ရေး အစိုးရ အား ပြုပြင်ပြောင်းလဲရန် လိုပြီဟု လူသိရှင်ကြား ပြောဆိုလာသည်၊ အလားတူ ပုံစံမျိုးဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအားလည်း ညီညွတ်စွာ လက်တွဲလာဖို့ တောင်းဆိုသင့်သည်။

 

အဘယ်ကြောင့် ဆိုသော NUG သည် ထိုသို့ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးရာတွင် ၅၀-၆၀ ရာနှုန်း လောက်သာ အောင်မြင်သေးသည်။ ထို့အတွက် ကိုတေဇာဆန်းလိုပင် ပြည်သူတရပ်လုံးက မိမိတို့ တော်လှန်ရေး တွင် ပြတ်ပြတ်သားသား လက်တွဲ တိုက်ပွဲဝင်ကြရန် ဖိတ်ခေါ်ဖို့ လိုအပ်လာပြီ ဖြစ်သည်။ ထိုသို့ လက်တွဲလာဖို့ NUG ဖက်က ဘာတွေ ပြင်ဆင် ပြောင်းလဲပေးရမည်နည်း ဆိုသည်ကို သိထားမှ ဖြစ်ပေမည်။ ဤနေရာတွင် ကိုတေဇာဆန်းလို ကြားလူ လိုအပ်လာသည်။

 

အချို့က စစ်အာဏာရှင် အမြစ်ဖြတ်ရေး ဟု လူထု ထောက်ခံမှု ရရန် ကြွေးကြော်နေသော်လည်း တကယ်တမ်း နေပြည်တော်အထိ ချီတက်ဖို့ ရည်ရွယ်ချက် ရှိမရှိက မရေမရာ ဖြစ်နေဆဲပင် ဖြစ်သည်။ ထို့အတွက် ရှင်းလင်း ပြတ်သားဖို့ လိုအပ်လာပြီဟု ထင်မြင်မိသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!