အတွေးစများကို ဆန့်ထုတ်ခြင်း (၃)

by Hla Soewai - Jul 08 2020

လောကအကြောင်း နှင့် ဓမ္မအကြောင်းကို ရှင်းရှင်း ပြတ်ပြတ် မစဉ်းစား တတ်ကြသည့် အတွက်ကြောင့် မြန်မာပြည်၌ ပြဿနာများ မပေါ်တန်ဘဲလျှက် ပေါ်ပေါက်နေရသည်ဟု ဆရာကြီး ရွှေဥဒေါင်းက ဖွင့်ဆို ရေးသားခဲ့ဘူးသည်။

 

ဤသည်ကို ကြည့်၍ ဗုဒ္ဓဘာသာ ကို အာဏာရရေး လမ်းကြောင်း အတွက် အသုံးချလာနေသည်မှာ ယခုတိုင် မဟုတ် ဆရာကြီး၏ ခေတ်ကပင် ရှိနေခဲ့ဘူးသည်မှာ အထင်အရှားပင် ဖြစ်သည်။

 

ယခုလည်း ကာကွယ်ရေး ဦးစီးချုပ်မှ ဦးဆောင်ပြီး နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ရုပ်ပွားတော်ကြီး၏ ပလ္လင် အစိတ်အပိုင်းများ အတွက် ဆိုကာ နိုင်ငံဘဏ္ဍာ၊ လူအင်အား အရင်းအမြစ်များ သုံး၍ စကျင်တောင်မှ စကျင်ကျောက်တုံးကြီး ကို အပိုင်း ကိုးပိုင်း ခွဲကာ တပ်မတော် စစ်ရေယာဉ်ကြီး တွင် အကျအန တင်ဆောင်ကာ ဧရာဝတီ မြစ်ကြောင်း အတိုင်း၊ ထိုမှတဆင် နေပြည်တော်သို့ ကားလမ်း အတိုင်း ပင့်ဆောင်ကြမည်ဟု သိရသည်။

 

ဤသည်က နိုင်ငံတော်ကို ကာကွယ်ရန် ဖွဲ့စည်းထားသော တပ်မတော်၏ အလုပ် ဖြစ်ပါသလော၊ တိုင်းပြည်ကြီးသည် ငြိမ်းချမ်းသာယာနေ၍ သာသနာ အကျိုး ဝင်ရောက် ထမ်း ရွက်နေကြခြင်း ဆိုသည်လည်း ရှိစေတော့၊ ယခု တော့ မိမိတို့ အလုပ်ကိုပင် နိုင်နင်းအောင် မလုပ်နိုင်သေးပဲနှင့် ကိုယ်နှင့် မပတ်သက်သော အလုပ်များ ဖြင့် တိုင်းပြည်ဘဏ္ဍာငွေများကို ဒလဟော ဖြုန်းတီး ပြစ်နေပေသည်။ မိမိ၏ ကိုယ်ပိုင်ငွေကြေး အင်အားဖြင့် ရွှေအတိပြီးသော ပလ္လင်တော်ကြီး လှူဒါန်းမည်ဆိုက (လှူမည်ဆိုက လှူနိုင်သည်) နတ်လူသာဓု ခေါ်ကြမည်သာ မဟုတ်ပါလော။

 

ဥပမာ အားဖြင့် ဆိုရမူ ဌာန တခုတွင် အကြီးအကဲတဦးသည် သူ၏ ရုံးခန်း အတွင်း နှစ်နာရီခန့် တရားထိုင်နေသည်ဆိုက သူ့ကို တွေ့မှ ကိစ္စပြီးပြတ်မည်ဖြစ်၍ စောင့်ဆိုင်းနေရသူများထဲမှ အဆိုပါ အကြီးအကဲသည် တရားသမား ဖြစ်၍ ကြည်ညိုလှပါသည် ဆိုကာ ပြောဆိုချီးမွမ်းသူသည် လွန်စွာ နည်းပေလိမ့်မည်၊ ဤကဲ့သို့ပင်။

 

ဒီအကြောင်းနှင့် ပတ်သက်၍ ဆရာကြီး ရွှေဥဒေါင်းကပင် သူ၏ တသက်တာမှတ်တမ်း နှင့် အတွေးအခေါ်များ အပိုင်း (၂) တွင် ယခုလို ခေါင်းစဉ်တပ်၍ ရေးသားခဲ့ဘူးသည်ကို အလျဉ်းသင့်၍ တင်ပြလိုပါသည်။

 

“ကြောက်စရာ ကောင်းသော အစိုးရ”
ကျွနုပ်၏ ယုံကြည်ချက်တခုမှာလည်း တိုင်းပြည် အုပ်ချုပ်သူ တယောက်သည် တိုင်းသူပြည်သား ချောင်ချိသက်သာရေး နှင့် ကုသိုလ်ရေးကို တွဲဖက် ဆောင်ရွက်နိုင်က ဆောင်ရွက်သင့်သည်မှာ မှန်သော်လည်း တိုင်းသူပြည်သား တို့ အကျပ်ခံပြီး တိုင်းသူပြည်သားတို့ ငွေဖြင့် မိမိ ကုသိုလ်ရအောင် ဖြစ်စေ၊ (ဒီနေရာတွင်တော့ မိမိအာဏာရရေး ဖြစ်စေ ဟု ကျွန်တော်က ထပ်မံ ဖြည့်စွက်လိုပါသည်)၊ တိုင်းသူပြည်သားများ ကုသိုလ်ရအောင် ဖြစ်စေ ပြုလုပ်သည် ဆိုပါလျှင် ထိုသူသည် လောကရေး နှင့် ဓမ္မရေး ကို ပိုင်းခြားနားလည်သူ မဟုတ်ဟု ဆိုချင်သည်။
 
အစိုးရ၏ ဝတ္တရားသည် တိုင်းသူပြည်သားတို့၏ စားနေဝတ် အဆင့်အတန်းကို မြှင့်တင်ပေးရန် ဖြစ်၍ နတ်ပြည်သို့ တင်ပေးရန် တာဝန် မရှိချေ။
 
အုပ်ချုပ်သူ တစ်ယောက်သည် သူ ကုသိုလ်လိုချင်ပါက သူ၏ ချွေးနှဲစာဖြင့် ပေးကမ်းလှူဒါန်းရာ၏၊ ပြည်သူပြည်သား၏ အခွန်တော်ငွေကို တိုင်းသူပြည်သား၏ လက်ငင်း ပစ္စက္ခ အကျိုးအတွက်မှ တပါး မည်သည့် ကုသိုလ်ရေး အတွက် မဆို သုံးထိုက်သည်ဟု အထင်ရောက်လာလျှင် ထိုအစိုးရ သည် ကြောက်စရာကောင်းသော အစိုးရ တခု ဖြစ်လာနိုင်သည်။”

 

အမျိုးဘာသာ သာသနာ မြှင့်တင်ရန်မှာမူ အူမတောင့်မှ သီလ စောင့်နိုင်မည် ဟူသော စကား အတိုင်း နိုင်ငံသားများ ကြွယ်ဝလာအောင် ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်သည်။ မိမိတို့ ၏ တထွာမျှသော ဝမ်းဗိုက် ကလေး ဖြည့်နိုင်ရေး အတွက် မနက် မိုးလင်း မှ မိုးချုပ် သေလုအောင် ရုန်းကန်နေရသူများ များသထက် များလာပါလျှင် မည်သူမျှ ဘာသာရေး ကို ဦးလှည့်နိုင်ကြတော့မည် မဟုတ်ပေ။ လူချမ်းသာများ၏ ဘာသာ သာလျှင် ဖြစ်သွားပေတော့မည်။ မိမိ၏ ချွေးနှဲစာဖြင့် ရင်သွေးများကို သာသနာဘောင်သို့ မသွတ်သွင်းနိုင်ရှာသော မိဘ များ တိုင်းပြည်တွင် မည်မျှ အထိ ရှိနေပေပြီနည်း။ ဆင်ခြင် သင့်လှသည်။

 

တိုင်းပြည် စီးပွားတိုးတက်ရန် နွံနစ်နေသော လှည်းဘီးကြီးအား တွန်းတင်နေရသကဲ့သို့ ရုန်းကန်နေရသော လက်ရှိ အစိုးရ ကြောင့် သာသနာညှိုးနွမ်းမည်ဟူသော အယူအဆသည် မိမိ လိုဘမပြည့်သော ဆရာတော်များ နှင့် ၎င်းတို့ကို အသုံးချကာ နိုင်ငံရေး ကို အချောင်နှိုက်ချင်သူများ၏ လက်သုံးစကား ဖြစ်လာရသည်။

 

အစိုးရ ၏ တာဝန်သည် နိုင်ငံသားများ အား ဆင်းရဲတွင်း မှ ဆွဲထုတ်ရန်သာ ဝတ္တရား ရှိသည်။ ထို့အတွက်လည်း ပြည်သူတရပ်လုံးက ယုံကြည်ကိုးစားစွာဖြင့် ၎င်းတို့ဘဝ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ရွေးချယ်တင်မြှောက်ခဲ့ကြခြင်းသာ ဖြစ်သည်။ ဘုရားတည် ကျောင်းဆောက်ပေးရန် တင်မြှောက်ခဲ့ကြခြင်း မဟုတ်။ ၎င်းတို့ အပေါ် ပြည်သူများက ပေးအပ်လာသော တာဝန်ကို ဦးလည်မသုံ ထမ်းရွက်နေသော အစိုးရသည်သာ တာဝန်သိသော အစိုးရ ဖြစ်သည်ကို ကောင်းစွာ ခွဲခြား သိနားလည် ထားမှ ဖြစ်ပေမည်။

 

အမျိုးဘာသာ သာသနာ ဟု ကြွေးကြော်နေသူ များ သည် မိမိတို့ တဝမ်းတခါး လှရန် မည်သို့ လုပ်ဆောင်ပေးကြမည် ဆိုသည်ကို နိုင်ငံသားများ အရင်ဆန်းစစ်ရန် လိုပေသည်။ မိမိတို့အားလုံး သာသနာဘောင်တွင်သာ မွေ့လျော်ကြတော့မည်ဆိုက ထိုသို့ ဆန်းစစ်ရန်တော့ မလိုလှပေ။ မိမိတို့အား လက်ခံမည့် ဘုန်းကြီးကျောင်းများ ရှိနေရေးသည်သာ ပဓာန မဟုတ်ပါလော။

 

သာသနာ ဝန်ထမ်း ဆရာတော် အချို့ကလည်း မိမိတို့ လက်ညိုးညွှန်၍ လိုရာဖြစ်စေရန် ငွေထုတ်ပိုက်ပြီး ရောက်လာမည့် အစိုးရမျိုးကိုသာ ဗန်းတင်လိုကြသည်။ ထိုသို့သော လူများကလည်း ထိုဆရာတော်ကြီးများအား ကြည်ညိုနေသူ အချို့၏ မဲ များ ရရှိရေး အတွက် လာဘ်ထိုးကြပြန်သည်။ ၎င်းတို့ စိတ်ထဲတွင် နိုင်ငံသားများ ကြီးပွားတိုးတက်ရေး ဆိုသည်က လားလားမျှ မရှိပေ။ အနည်းဆုံး ၂၀-၃၀% လောက်သာ ရှိနေမည် ဆိုငြားအံ့ သယံဇာတ ပေါကြွယ်ပြီး အလုပ်လုပ်ချင်သူ များ အများအပြား ရှိနေသည့် မြန်မာပြည်သည် ထိုသို့သော အခြေအနေမျိုးကို လုံးဝ ရောက်လာနိုင်စရာ အကြောင်း မရှိပေ။