လူသား ကွန်ယက်(31)

by Hla Soewai - Jul 09 2025

ဒါဝင် ၏ ဆင့်ကဲ ပြောင်းလဲ မှု သီအိုရီ နှင့် ဆက်စပ်ပြီး သိရှိလာရသည့် ပြဿနာကား သတင်းကွန်ယက်များသည် လူများအား အမှန်တရား ကို ဖွေရှာရန် ခွင့်လည်း ခွင့်ပြုသည်၊ အားပေးကောင်း အားပေး နိုင်သော်လည်း လူမှု စနစ်ကို ခြိမ်းခြောက်လာခြင်း မရှိစေဘဲ စွမ်းအားများ ရရှိလာရန် အတွက်သာ ရည်ရွယ်သည်။ သို့ သော် လွန်စွာ စွမ်းအား ရှိသော်လည်း အသိလိမ္မာ တရားပိုင်း တွင် ချိုတဲ့ နေမည့် ရလဒ်မျိုးသာ ထွက်ပေါ်လာပေလိမ့်မည်။

 

ဥပမာ ကြည့်မည် ဆိုက နာဇီ ဂျာမဏီ တွင် ဓါတုဗေဒ ကဏ္ဍ၊ အင်ဂျင်နီယာ ကဏ္ဍ၊ ဒုံးကျည် နည်းပညာပိုင်း၊ အလင်း ပညာ ပိုင်း တို့ တွင် ထိတ်ထိတ်ကျဲ ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။

 

နောက်ပိုင်းတွင် ဂျာမန် တို့၏ ဒုံးကျည် နည်းပညာ ကို အများအားဖြင့် အမှီသဟဲ ပြု၍ အမေရိကန် တို့ လ ပေါ် တက်လှမ်း နိုင်ခဲ့ကြသည်။

 

သိပ္ပံ စွမ်း အား တိုးတက်လာမှု ကြောင့်သာ နာဇီ တို့သည် အလွန် အစွမ်းထက်သော စစ်ယန္တရားကြီးကို တည်ဆောက်လာနိုင်ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါ စစ်ယန္တရားကြီးအား ရူးသွပ်ပြီး လူသတ်လိုသည့် ဒဏ္ဍာရီ တခု အတွက် အသုံးချခဲ့ကြသည်။

 

နာဇီ တို့ အုပ်ချုပ်နေစဉ် ကာလ အတွင်း ဂျာမန် တို့အား ဒုံးကျည် နည်းပညာများ ထုတ်လုပ်ရန် အားပေး အားမြှောက် ပြုခဲ့သော်လည်း ဇီဝဗေဒ နှင့်သမိုင်း ကြောင်း တို့ တွင် ပါဝင်လာသည့် လူမျိုး ခွဲခြားရေး သီအိုရီများကိုမူ မေးခွန်း ထုတ် စောဒကာ တက်ခွင့် မပေးခဲ့ကြပေ။

 

ဤသည်ကပင် လူသားတို့၏ သတင်းအချက်အလက် ကွန်ယက်များ သမိုင်းတလျောက် အောင်ပွဲ ခံနိုင်မည့် တိုးတက်မှု ခြေလှမ်းများ မလှမ်းနိုင်ခဲ့ခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။

 

မျိုးဆက် အဆင့်ဆင့် တွင် လူသားတို့၏ ကွန်ယက်များသည် တစထက် တစ တိုးတက် အားကောင်းလာသော်ငြားလည်း မရှိမဖြစ် လိုအပ်သည့် အသိလိမ္မာ တရားပိုင်း တွင် တိုးတက်သင့်သလောက် တိုးတက်မှု မရှိ ဖြစ်လာခဲ့ရသည်။

 

သတင်း ကွန်ယက် တခုသည် အမှန်တရားထက် စနစ်ကိုသာ အထူးဦးစားပေးမည် ဆိုလျင် အလွန်တရာ အစွမ်းထက်လာနိုင်သော်လည်း ယင်းအား အဆင်ခြင်မဲ့စွာ အသုံးချ လာတတ်ကြသည်။

 

တိုးတက်မှု ကို လျှောက်လှမ်း ရမည့် အစား သမိုင်း တလျောက် လူသား တို့၏ သတင်းကွန်ယက်သည် အမှန်တရား နှင့် စနစ် အကြား သွယ်တန်းထားသော ကြိုး တန်း ပေါ် တွင် ဟန်ချက်ညီအောင် တချိန်လုံးလျှောက်နေရသကဲ့သို့ ဖြစ်လာခဲ့သည်။

 

နှစ်ဆယ့် တစ်ရာစု နှစ်ထဲ ရောက်လာခဲ့သော်ငြားလည်း မည်သို့ မည်ပုံ ဟန်ချက်ညီညီ လျှောက်လှမ်းရမည့် အရေးတွင် ကျွနုပ်တို့သည် ကျောက်ခေတ်က ဘိုးဘေဘီဘင်ကြီးများထက် ပို၍ ထူးထူး ခြားခြား တိုးတက်လာခြင်း မရှိသေးသည်ကို တွေ့ရမည် ဖြစ်သည်။

 

ဂူဂဲလ် နှင့် ဖေ့စ်ဘုတ် ကဲ့သို့ ကော်ပိုရေးရှင်းကြီးများက ၎င်းတို့၏ လုပ်ငန်းတာဝန် ရည်မှန်းချက်များကို မည်သို့ပင် ရေးသားထားစေကာမူ ကျွနုပ်တို့ သတင်းအချက် အလက် နည်းပညာများ၏ လျှင်မြန်မှု နှင့် စွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်နိုင်ယုံ မျှ ဖြင့် ကမ္ဘာကြီးသည် ပို၍ နေချင်စဖွယ် ဖြစ်လာလိမ့်မည်ဟု တပ်အပ်သေချာ မပြောနိုင်ပေ။

 

အမှန်တရား နှင့် စနစ် အကြား မျှခြေ တရပ်ရရှိအောင် လုပ်ဖို့ သာ အရေးတကြီး လိုအပ်လာနေသည်။

 

ပုံဝတ္ထု ဇာတ်လမ်းများ တီထွင် ပြောဆိုလာခြင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း သောင်းချီ ကတည်းက ကျွနုပ်တို့အား သင်ခန်းစာ ကောင်းစွာ သင်ကြားပေးထားခဲ့ပြီးလည်း ဖြစ်ပေသည်။

 

ပုံဝတ္ထုများ နောက်တွင် လူသား‌တို့၏ ဒုတိယ အကြိမ် သတင်းအချက်အလက် နည်းပညာ တခု အဖြစ် ထွက်ပေါ် လာရ သည်က စာအ ရေး အသား ပါသည့် ‌ ပေပုရပိုက် စာရွက်စာတမ် များ ဖြစ်သည်။ထို အခါတွင်လည်း ထိုကဲ့သို့ပင် နောက်တကြိမ် လေ့လာသင်ယူကြရပေဦးမည်။

 

*****************