တိုင်းပြည်၏ အနာဂတ် ကို နေပြည်တော် စစ်ဌာနချုပ် မှ ရေးဆွဲ၍ မရ

by Hla Soewai - Jul 09 2025

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ၅၈ ကြိမ် မြောက် အစည်းအဝေး အား ဇူလိုင် ၈-၉ တွင် ကွာလာလမ်ပူ တွင် ကျင်းပကြပေတော့မည်။

 

ယခုအခါ တွင် တော့ ၎င်းတို့ ရင်ဆိုင်လာရမည့် ပြဿနာ ကား မြန်မာ အကျပ်အတည်းကို မည်သို့ ဖြေရှင်းရမည်ကို အဖြေရှာဖို့ထက် နိုင်ငံတွင် နိုင်ငံရေး အသွင်ကူးပြောင်းလာမည့် အရေးအတွက် ရပ်တည် ပေးကြမည်လော ဆိုသည်ပင် ဖြစ်သည်ဟု ဩစတေးလျှရှိ Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင်တွင် ယခုလို ရေးသား လာခဲ့သည်။

 

ထိုသို့ ရပ်တည်ပေးသည် ဆိုရာတွင်လည်း နေပြည်တော် စစ်ဌာနချုပ်မှ ဦးဆောင်ဦးရွက် ပြုလာခြင်းကို ထောက်ခံဖို့ မဟုတ်ဘဲ၊ ပြည်သူများက ၎င်းတို့၏ ပြောင်မြောက်သော အနာဂတ် ပေါ်ပေါက်ရေး အတွက် ကျေးရွာများ၊ တောင်တန်းများ နှင့် လွတ်မြောက်နယ်မြေ များ မှ ထွက် ပေါ်လာ‌ သောအသံများ နောက်ကွယ်မှ ရပ်တည်ပေးသွားရန် ပင် ဖြစ်သည်။

 

မြန်မာသည် ယခုထ မင်းမဲ့တိုင်းပြည် အဖြစ်သို့ မရောက်သေး၊ ထိုအစား ခေတ်သစ် သမိုင်းတွင် ရည်မှန်းချက် အမြင့်ဆုံး နှင့် အခက်ခဲဆုံး နိုင်ငံရေး အသွင် ကူးပြောင်းမှု ကြီး ထွက်ပေါ်လာရန် ကြိုးစားရုန်းကန်နေချိန်လည်း ဖြစ်သည်။

 

တိုင်းရင်းသားနယ်မြေများနှင့် တော်လှန်ရေးအင်အားစုစခန်းများတစ်လျှောက်တွင် ရပ်ရွာလူထုသည် ဆယ်စုနှစ်များစွာကြာ ရုန်းကန်ခဲ့ရမှုအပေါ် အခြေခံ၍ စစ်အုပ်ချုပ်ရေးဗဟိုချုပ်ကိုင်မှုကို တစုတပေါင်းတည်း ငြင်းပယ်လာနေကြပြီး ၎င်းတို့ လိုလားသည့် နိုင်ငံရေးအဖွဲ့အစည်းသစ်များကို တည်ဆောက် နေချိန်လည်း ဖြစ်သည်။

 

၎င်းတို့ အားလုံး၏ တခုတည်းသော ရည်မှန်းချက်သည် စစ်မှန်ပြီး အားလုံး ပါဝင်နိုင်မည့် ဖက်ဒရယ် ပြည်ထောင်စု အား အောက်ခြေ ကို အခြေပြု၍ တည်ဆောက်သွားရေး ပင် ဖြစ်သည်။

 

ထိုရည်မှန်းချက် အတွက် အဓိက ဦးဆောင်လှုပ်ရှား နေသည်က အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ပင် ဖြစ်သည်။ ထိုအဖွဲ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကြားကာလ ဥပဒေပြုကောင်စီ CRPH ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ စီဒီအမ် လှုပ်ရှားမှု၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်နေကြသည်။

 

ယခုအခါ အားလုံး မှ တညီတညွတ်တည်း ပြောဆိုလာကြသည်က ဖက်ဒရယ်စနစ်အား အထက်မှ မဟုတ်ဘဲ အောက်ခြေကို ဗဟိုပြု၍ အကောင်အထည် ဖေါ်နိုင်ရေးပင် ဖြစ်သည်။ ယင်းသည် ဗဟို ချုပ်ကိုင်မှု လျော့ချဖို့ ပြောနေခြင်း မဟုတ်တော့ဘဲ အာဏာကို ခွဲဝေကျင့်သုံးနိုင်ရေး၊ ကွဲပြားခြားနားမှု များကို အကာအကွယ် ပေးနိုင်ရေး၊ လူ့အဖွဲ့အစည်း အသီးသီးသည် ၎င်းတို့ ၏ အနာဂတ် ကို ၎င်းတို့ ကိုယ်တိုင် ဖေါ်ဆောင်နိုင်ရေး တို့ ပါဝင်မည့် နိုင်ငံရေး စနစ်သစ် တရပ်ကို တောင်းဆိုလာကြခြင်းပင် ဖြစ်သည်။

 

ဖက်ဒရယ် စနစ်ကို ဘေးဖယ်ထုတ် စဉ်းစားခြင်းသည်ပင် နိုင်ငံ ညီညွတ်ရေး ကို ခြိမ်းခြောက်လာနိုင်သည့် အရေး ဖြစ်သည်ဟု ယူဆရမည်သာ ဖြစ်သည်။

 

ယခုအခါ အောက်ခြေ မှ အကောင်အထည် ဖေါ်သွားမည့် ဖက်ဒရယ် စနစ် သည် အယူအဆ တခု မဟုတ်တော့ဘဲ လက်တွေ့ အကောင်အထည် ဖေါ်နေကြပြီ ဖြစ်သည်။ ဥပမာ အားဖြင့် ကရင်နီ ပြည်နယ်တွင် ကရင်နီ ပြည်နယ် အတိုင်ပင်ခံ ကောင်စီ နှင့် ကြားဖြတ် အုပ်ချုပ်ရေး ကောင်စီသည် အုပ်ချုပ်ရေး အား မြို့နယ် ခုနှစ် မြို့နယ် မှ ဆယ့်ခြောက် မြို့နယ် အထိ တိုးချဲ့ ဆောင်ရွက်လာနေပြီ ဖြစ်သည်။

 

နိုင်ငံတော် အဆင့်တွင်လည်း NUCC သည် အခြား ရွေးချယ်စရာ ဖက်ဒရယ် ကြားကာလ စီစဉ် ညှိနှိုင်း မှု များ Alternative Federal Transitional Arrangements (AFTA) အဖြစ် လုပ်ငန်းဘောင်တခု ကို တစုတဝေး တည်း ချမှတ်လာခဲ့သည်။ ဖက်ဒရယ် အုပ်ချုပ်ရေး အတွက် နိုင်ငံရေး ပုံစံ အကြမ်းထည်လည်း ဖြစ်သည်။

 

ယခုလ ကုန်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသော မူကြမ်း သည် မကြုံစဖူးလောက်အောင် တိုင်းရင်းသား လူမျိုးစုံ တို့ အတူ ပူးပေါင်းလာမှု ကို ထင်ဟပ်ပေါ်လွင်လာခဲ့သည်။ သို့သော် စိန်ခေါ်မှု အကြီးစားများက ရှိနေဆဲဖြစ်သည်။

 

NUG ၏ ဖက်ဒရယ် ပြည်ထောင်စု ရေးရာ ဝန်ကြီးဌာ၏ အဆိုပြုချက်အား တိုင်းရင်းသား မိတ်ဖက်အဖွဲ့အစည်းများမှ အာဏာခွဲဝေမှုကို လုံလောက်သည့် အဖွဲ့အစည်းအသွင် မဖော်ဆောင်နိုင်ခြင်း နှင့် လူနည်းစုအခွင့်အရေးများကို ခိုင်မာစွာ ကာကွယ်ပေးနိုင်ခြင်း မရှိတာကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်တွေကို ရင်ဆိုင်ခဲ့ရသည်။

 

ယင်းသည် ပဋိပက္ခ ၏ ဒဏ်ရာ ဒဏ်ချက်များ နှင့်ငြိမ်းချမ်းရေး ပျက်ပြားခဲ့မှု များမှ ရခဲ့သည့် သင်ခန်းစာ များ ကို မူတည်ပြီး ပုံဖော်ထားသည့် တိုင်းရင်းသား ပြည်သူများ အကြား လူမှုရေးသဘောတူညီချက် အသစ်တစ်ခုကို ဖော်ဆောင်နိုင်ရန် ခဲရာခဲဆစ် ကြိုးပမ်း နေကြရခြင်းကြောင့် ဖြစ်သည်။ 

 

ထိုသို့ ကြိုးပမ်းရာတွင်လည်း အခွင့်ထူးခံများအချင်းချင်း သဘောတူညီမှုများ (သို့မဟုတ်) စစ်တပ်၏ ပူးပေါင်းပါဝင်မှု ရအောင် ရည်ရွယ်စည်းရုံးရန် မဟုတ်ဘဲ တရားမျှတမှု၊ အတူယှဉ်တွဲနေထိုင်ရေးနဲ့ တာဝန်ခံမှုများကို ဗဟိုပြုထားခြင်းဖြစ်သည်။

 

စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်နေခြင်း၊ လူထု အကြား အခြေအနေပျက်အောင် ကျေးရွာ ဒေသများအား လုယက် မီးရှို့ပစ်နေခြင်းများသည် စစ်ပွဲအင်္ဂါ ရပ် နှင့် ညီသော လုပ်ရပ်များ မဟုတ်သည့် အပြင် လူထု ၏ အနာဂတ် ရည်မှန်းချက်များကို အာခံကာ ဖျက်လို ဖျက်ဆီး လုပ်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

 

တိုင်းရင်းသားများက ၎င်းတို့၏ ရည်မှန်းချက်များ အကောင်အထည် ဖေါ်ရန် ယခင်ကလို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရအောင် စောင့် မနေကြတော့ဘဲ တိုက်ပွဲ အတွင်းမှာပင် အကောင်အထည် ဖေါ်နေကြသည်ကို သိနေကြသောကြောင့်လည်း ဖြစ်သည်။

 

အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အကြား တုန့်ပြန်မှု များသည်လည်း အမျိုးမျိုး ကွဲပြားနေသည်။ မလေးရှား၊ အင်ဒိုနီးရှား မှ အရေးပါသော ခြေလှမ်းများ အဖြစ် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့များ နှင့် ဆက်‌ဆံ‌နေသည့် လမ်းကြောင်းအပေါ် လျှောက်လှမ်းနေသည်၊ ထိုင်းသည် ၎င်း၏ မဟာဗျူဟာ အကျိုးအတွက် ဆိုကာ မရေမရာ လုပ်နေဆဲ ဖြစ်ပြီး၊ ဖိလစ်ပိုင်ကမူ သံတမန်ရေး ထိုးစစ်တရပ် စတင်ရန် တောင်းဆိုလာသည်။ ကမ္ဘောဒီယားက စစ်အုပ်စု၏ ရွေးကောက်ပွဲ ဆိုသည်ကို ဧည့်တောင့်ခံနေသည်။

 

အာဆီယံသည် စစ်အုပ်စုအား တရားဝင် အဖွဲ့အစည်းတခု အဖြစ် သဘောထားခဲ့သည့် ဘုံရပ်တည်ချက် ငါးရပ်သည်လည်း မ‌အောင်မြင်ခဲ့။ ဤသည်ကလည်း အာဆီယံ၏ ပဋိဉာာဉ် စာတမ်း တွင် ဖွဲ့စည်းပုံ နှင့် မညီသော အစိုးရ ပြောင်းလဲမှု ကို ဖြေရှင်းနိုင်မည့် လုပ်ငန်းစဉ် ချို့ယွင်းနေမှုကြောင့်ပင် ဖြစ်သည်။

 

လမ်းကြောင်း ပြောင်းလဲဖို့ အချိန် ရှိနေသေးသည်။ အာဆီယံ ခေါင်းဆောင်များ၏ ၂၀၂၅ မေလ ‌ကြေညာချက် ဖြင့် အပစ်အခတ် ရပ်စဲရေးကာလ တိုးမြှင့်ရန် တောင်းဆိုလာမှု သည် ကြိုဆိုရမည့် အချက်ပင် ဖြစ်သည်။ မလေးရှား အနေဖြင့် အရပ်ဖက် လေ့လာစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းပြီး ဦးဆောင်ဦးရွက် ပြုသင့်သည်။

 

ထို့ပြင် ကျန် ၆ လ အတွင်း မလေးရှားသည် အာဆီယံ၊ ကုလ သမဂ္ဂ နှင့် ပူးတွဲ၍ မြန်မာတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေး အတွက် နိုင်ငံတကာ ညီလာခံ တရပ် ခေါ်ယူသင့်သည်။ ထိုညီလာခံ တွင် NUG, EAO၊ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ ရှိ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံများ ပါဝင်ရမည် ဖြစ်သည်။

 

မြန်မာ၏ အနာဂတ်သည် စစ်ဗိုလ်ချုပ်များ ရေးဆွဲသော ဇာတ်ကွက်၊ လုပ်ကြံလာသည့် ရွေးကောက်ပွဲများ ဖြင့် ပေါ်ထွက်လာမည် မဟုတ်၊ ဖက်ဒရယ် ချာတာ တွင် ရေးဆွဲထားသည်များ၊ လွတ်မြောက်နယ်မြေ များတွင် အကောင်အထည် ဖေါ်နေသည်များ၊ သတ္တိ နှင့် ခံယူချက် များ ရှိသည့် စာသင်ခန်း များ မှသာ ရှင်သန်လာမည် ဖြစ်သည်။

 

ထို့အတွက် အာဆီယံ ရင်ဆိုင်နေရသော ပြဿနာ သည် ဘာလုပ်ရမည် ဆိုသည်ထက် အနာဂတ် မြန်မာ နိုင်ငံတော်သစ် တည်ထောင်ရန် စိတ်ကူးကြံဆရဲသူများ နှင့် အတူ ရပ်တည်သွားရန် အဆင်သင့် ဖြစ်မဖြစ် ဆိုသည်ပင် ဖြစ်ပေတော့သည်။

 

နောက်ဆုံးရ သတင်း အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု ထိတွေ့ဆက်ဆံနေသော တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင် ဖြစ်ခွင့်မပေးရန် စစ်အုပ်စုက အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံထံသို့ ကန့်ကွက်စာပေးပို့လိုက်ကြောင်း သိရှိရသည်။ 

 

ပေးမည်ဆိုက ၎င်းတို့ အာဆီယံ အဖွဲ့ကြီးမှ နှုတ်ထွက် မည်ဟု ရဲရဲတင်းတင်း မပြောသင့်ပေဘူးလော။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Credit - Original creator