အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။
8. STAND OUT
တစုံတယောက် တော့ ရှေ့မှ မားမားမတ်မတ် ရပ်ပေးရန် လိုအပ်သည်။ တယောက်ယောက်၏ နောက်မှ လိုက်ရသည်က လွယ်ကူသည်။ သို့သော် အများ နှင့် ကွဲပြားစွာ တစုံတရာ ကို လုပ်ကိုင် ပြောဆို ဖို့က အထူးအဆန်း တခုခု လုပ်ရသလို ယူဆတတ်ကြသည်။ ထိုသို့ စိတ်ထဲ မသက်မသာ ဖြစ်နေတတ်ခြင်းကို မကျော်လွှား နိုင်ပါက လွတ်လပ်ခွင့် ဆိုသည်ကို ရရှိနိင်မည် မဟုတ်ပေ။
ထိုအခါ မျိုး တွင် မစ္စက် ရိုဆာ ပတ်ခ် ကို သတိရလိုက်ပါ။
နမူနာ တခု ကို လမ်းပြနိုင်လိုက်ပါက ပိုနေမြဲ ကျားနေမြဲ ဆိုသည့် မိန်းမော တွေဝေနေမှု သည် ပြိုလဲ လိုက်လာပြီး အခြားသူ များ လည်း ထိုလမ်း အတိုင်း လိုက်လာကြပေ လိမ့်မည်။
ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် ဥရောပ တိုက်သားများ၊ အမေရိကန် များ နှင့် လူအများက ဟစ်တလာကို ခုခံ တွန်းလှန်မှု သည် မှန်ကန်မှု ရှိသည် ဆိုသည်ကို ထောက်ခံသည် ဆိုသော စိတ်ကူးယဉ် ဇာတ်လမ်း များ ဖန်တီးလာကြသည်။ သို့သော် ၁၉၃၀ ကျော် ကာလများ တွင် မူ ထိုကဲ့သို့ ဇာတ်လမ်းမျိုး ထွက်မလာဘဲ ဟစ်တလာကို လက်သင့်ခံခဲ့ကြခြင်း၊ လေးစားကြည်ညိုကြခြင်းများသာ ဖုံးလွှမ်းနေခဲ့သည်။
၁၉၄၀ တွင်မူ ဥရောပ တိုက်သား အများအပြားသည် နာဇီ ဂျာမဏီ၏ တန်ခိုးအာဏာ ကို လွန်ဆန် ခြင်းငှာ မစွမ်းသာတော့ ဆိုကာ ငြိမ်းချမ်းရေး ကမ်းလှမ်းရန် ကြံစည် အားထုတ်လာကြသည်။
ထိုစဉ်က အမေရိကန် တွင် ထင်ရှားကျော်ကြားသူ တဦး ဖြစ်သည့် ချားစ် လင်းဘတ်ခ်သည် "အမေရိကန် ပထမ" ဆိုသော ကြွေးကြော်သံ ဖြင့် နာဇီ ဂျာမဏီ တို့ နှင့် စစ်ဖြစ်ရမည့် အရေးကို ရှေ့ဆုံးမှ ဆန့်ကျင်လာခဲ့သည်။ သို့သော်လည်း ကမ္ဘာကြီး သည် ပြောင်းလဲလာနေချိန်တွင် နာဇီတို့ကို ဆန့်ကျင်မှ ဖြစ်မည် ဟူသော အယူအဆ ကို စွဲကိုင်ထားသူများအား တမူထူးခြားသူများ၊ လူ့ဂွစာများ၊ ပုံမှန် စိတ် မရှိသူများဟု မှတ်ယူခဲ့ကြသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည်သာ ယနေ့ ကျွနုပ်တို့ လေးစား ကြည်ညိုစွာ အမှတ်ရနေခဲ့သည့် လူများ ဖြစ်လာကြသည်။
ဒုတိယ ကမ္ဘာစစ် မဖြစ်မီ အချိန်ကာလ အတော်ကြာကပင် ဥရောပ နိုင်ငံ အများအပြားသည် ဒီမိုကရေစီ ကို စွန့်လွှတ်ကာ လက်ယာ ယိမ်း အာဏာ ရှင် စနစ်ကို ဖက်တွယ်လာကြသည်။ အီတလီသည် ၁၉၂၂ တွင် ပထမဆုံး ဖက်ဆစ် နိုင်ငံ ဖြစ်လာခဲ့ပြီး ဂျာမဏီ၏ စစ်ရေး မဟာမိတ် အဖြစ် ရပ်တည်လာသည်။
ဟန်ဂေရီ၊ ရိုမေးနီယား နှင့် ဘူလ်ဂေးရီယား တို့သည်လည်း ကုန်သွယ်ရေး နှင့် နယ်မြေ မက်လုံးများ ကြောင့် ဂျာမဏီဖက် ယိမ်းလာကြသည်။
ဤသို့ဖြင့် ၁၉၃၈ တွင် ဂျာမဏီသည် ဩစတီယားကို ချဲ့ထွင် သိမ်းပိုက်လာချိန်တွင်တော့ မည်သည့် အင်အားကြီး နိုင်ငံ တနိုင်ငံကမျှ ဆန့်ကျင်ခဲ့ကြခြင်း မရှိပေ။
၁၉၃၈ စက်တင်ဘာလ တွင် ဗြိတိသျှ ဝန်ကြီးချုပ် နီဗီ ချိန်ဘာလိန် ၏ ဦးဆောင်မှု အောက်တွင် ပြင်သစ်၊ အီတလီ နှင့် ဗြိတိန် တို့သည် ချက်ကိုစလိုဗက်ကီယား အား ပိုင်းခြားပေးရေး တွင် ဂျာမဏီ နှင့် အလိုတူ အလိုပါ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
၁၉၃၉ နွေရာသီ တွင် ဆိုဗီယက် ယူနီယံ သည် နာဇီ ဂျာမဏီ နှင့် မဟာမိတ်ပြုပြီး တပ်နီတော်သည် ဂျာမန် တပ်များ နှင့် ပူးပေါင်းကာ ပိုလန်ကို ကျုးကျော် တိုက်ခိုက်ခဲ့ကြသည်။ ပိုလန် အစိုးရသည် ခေါင်းငုံ့ခံမနေပဲ ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ်လာ၍ ပိုလန် အား အကာအကွယ် ပေးပါမည်ဟု စာချုပ်စာတမ်း နှင့် ကတိပြုထားမှု များ ယခင်ကတည်းက ရှိထားပြီး ဖြစ်သော ဗြိတိန် နှင့် ပြင်သစ်တို့သည် မတတ်သာတော့ဘဲ စစ်ပွဲ အတွင်း ပါဝင်လာခဲ့ရသည်။
ဂျာမဏီသည် ဆိုဗီယက်တို့၏ ရိက္ခာ နှင့် လောင်စာဆီ အထောက်အပံ့များဖြင့် နော်ဝေး၊ နယ်သာလန်၊ ဘဲလ်ဂျီယံ တို့အား အလျင်အမြန် သိမ်းယူ နိုင်ခဲ့ပြီး ၁၉၄၀ နွေဦး တွင် ပြင်သစ် တနိုင်ငံလုံးကို ပင် သိမ်းပိုက် လိုက် ကြသည်။ ပြင်သစ် တွင် ကျန်ရှိနေသော ဗြိတိသျှ နယ်လှည့် စစ်ချီ တပ်ဖွဲ့သည် ၁၉၄၀ မေလ ကုန်ပိုင်း နှင့် ဇွန်လ အစောပိုင်း ကာလ အတွင်း ဒန်းကပ်မှ တဆင့် ဥရောပ ကုန်းမြေ ကြီးကို ကမန်းကတမ်း စွန့်ခွာ ပေးခဲ့ရသည်။
၁၉၄၀ မေလ တွင် ချာချီ ဝန်ကြီးချုပ် ဖြစ်လာခဲ့ချိန်တွင် ဗြိတိန်သည် ဟစ်တလာ အား ခုခံ တွန်းလှန်နေသည့် တခုတည်းသော နိုင်ငံ အဖြစ် ထီးထီးကြီး ကျန်နေခဲ့ချိန်လည်း ဖြစ်သည်။ ထိုအချိန်တွင် အရေးပါသော တိုက်ပွဲ တပွဲ မျှပင် အနိုင်မရသည့် အပြင် အားကိုးရမည့် မဟာမိတ်ဟူ၍လည်း မရှိ ဖြစ်နေသည်။
ဗြိတိန်သည် ပိုလန် ကို အကူအညီ ပေးနိုင်ရန် အတွက် စစ်ထဲ ဝင်ပါလာခဲ့ခြင်း ဖြစ်သည်။ သို့သော် အရှုံး နှင့် ရင်ဆိုင်လာရသည်။ နာဇီ ဂျာမဏီ နှင့် ၎င်း၏ မဟာမိတ် ဆိုဗီယက်သည် ဥရောပ ကုန်းမြေကြီး တခုလုံးကို လွှမ်းမိုးထားပြီး ဖြစ်သည်။
ဆိုဗီယက်သည် ဖင်လန် အား ၁၉၃၉ နိုဝင်ဘာလ တွင် မြို့တော် ဟဲလ်ဆင်ကီ ကို ဗုံးကြဲ တိုက်ခိုက်ခြင်း ဖြင့် စတင် ကျူးကျော် တိုက်ခိုက်လာခဲ့သည်။ ချာချီ အာဏာရလာသည့် အချိန်တွင် ဆိုဗီယက်သည် ဘော်လတစ် နိုင်ငံ သုံးနိုင်ငံ ဖြစ်သော အက်စတိုနီယား၊ လပ်ဗီယား နှင့် လစ်သူယေးနီယား တို့အား သိမ်းယူထားပြီး ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု သည် စစ်ထဲသို့ ဝင်ရောက်မလာသေးသော အချိန်လည်း ဖြစ်သည်။
အဒေါ့ဖ် ဟစ်တလာသည် ဗြိတိန် နှင့် ၎င်း၏ အင်ပိုင်ယာ ကြီး အပေါ် ထူးထူးခြားခြား မလို မုန်တီးစိတ် ရှိနေသူ တော့ မဟုတ်၊ ဖြစ်နိုင်လျင် ဗြိတိန် နှင့် အတူ ညှိညှိနှိုင်းနှိုင်းဖြင့် ကမ္ဘာကြီးကို သူ့အပိုင်း ကိုယ့်အပိုင်း ခွဲခြမ်း အုပ်ချုပ်သွားရန်ပင် စိတ်ကူးနေသူ ဖြစ်သည်။
ချာချီသည်လည်း ပြင်သစ် ကျ ဆုံးသွားပြီးနောက် ထိုသို့ လုပ်ရန် သဘောတူ လာလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ သို့သော် ချာချီက ၎င်းမျှော်လင့်ထားသလို ဖြစ်မလာခဲ့။ ၎င်းက ပြင်သစ်တို့အား "ခင်ဗျားတို့ ဘယ်လိုပဲ လုပ်လုပ် ကျုပ်တို့ကတော့ တိုက်စရာ ရှိတာ အခုလည်း တိုက်မယ်၊ နောင်လည်း ဆက်တိုက်သွားဦးမှာပဲ" ဟု ပြောခဲ့သည်။
၁၉၄၀ ဇွန်လ ထဲတွင် ချာချီသည် "ဗြိတိန် တိုက်ပွဲကြီး စတင်လာတော့မည်" ဟု ပါလီမန် တွင် ထုတ်ဖေါ် အသိပေးလာခဲ့သည်။ ဂျာမန် တိုက်လေယာဉ်များက ဗြိတိန် ရှိ မြို့များကို စတင် ဗုံးကြဲ တိုက်ခိုက်လာခဲ့သည်။ ဟစ်တလာ က ထိုသို့ ဗုံးကြဲမှသာ ချာချီသည် စစ်ပြေငြိမ်းရေး စာချုပ်ကို လက်မှတ် ရေးထိုးလာလိမ့်မည်ဟု တွက်ဆခဲ့သည်၊ သို့သော် ဟစ်တလာ၏ တွက်ကိန်းက တက်တက် စင်အောင် မှားယွင်းသွားခဲ့ပြီ ဖြစ်သည်။
ချာချီသည် ဟစ်တလာ၏ လေကြောင်းစစ်ဆင်ရေး သည် "သေဖို့ အတွက်လည်း အချိန်ကောင်း၊ ရှင်ဖို့ အတွက်လည်း အချိန်ကောင်း" ဟု နောက်ပိုင်းတွင် ပြောပြခဲ့သည်။ "ကျွန်တော် အနေနဲ့ ဂုဏ်ယူ ဝင့်ကြွားစွာ ပြောဖို့ ရှိလာတာက ဗြိတိန်ရဲ့ စိတ်ဓါတ်တွေ ပြန်လည် တက်ကြွလာပြီး တည်တည်ငြိမ်ငြိမ် ကြံ့ကြံ့ခံနိုင်ခဲ့မှု ပါပဲ" ဟုလည်း ပြောခဲ့သည်။
တကယ်တမ်း တွင် ချာချီသည် ဗြိတိန် နိုင်ငံသားများ အား မကောင်းဆိုးဝါး တကောင်ကို တည်ငြိမ်စွာ ဆန့်ကျင် တွန်းလှန် နိုင်ခဲ့သည့် ဂုဏ်ယူဝင့်ကြွားစရာ လူမျိုး ဖြစ်အောင် ကူညီ ပုံဖေါ်ပေးနိုင်ခဲ့သူ ဖြစ်သည်။
အခြား နိုင်ငံရေး သမား ဆိုက စစ်ပွဲကြီး အဆုံးသတ်ရေး ကို လိုလားနေကြသည် ဆိုသော ဗြိတိသျှ လူထု ၏ သဘောထားကို ရယူရန် ကြိုးစားမည်သာ ဖြစ်သည်။ သို့သော် ချာချီသည် ထိုသို့ မလုပ်ဘဲ လူထု အား စိတ်အား တက်ကြွလာအောင် အားပေးခဲ့ပြီး အနိုင်ရအောင် တိုက်နိုင်ခဲ့သူ ဖြစ်သည်။
ပိုလန် လေတပ်မှ လေယာဉ် အုပ်စု နှစ်စု၊ ပြည်ပမှ တိုက်လေယာဉ်မှုးများ အပါအဝင် ဗြိတိန် ဘုရင် လေတပ်သည် ဂျာမန် တိုက်လေယာဉ်များကို ဟန့်တား နိုင်ခဲ့ကြသည်။ ဟစ်တလာ အဖို့က လေကြောင်းမှ အသာစီးမရပဲ ဗြိတိန်ကို ကမ်းတက် တိုက်နိုင်ဖို့က မည်သို့မျှ မဖြစ်နိုင်တော့ ဆိုသည်ကို သဘောပေါက်သွားခဲ့သည်။
ချာချီသည် အခြားလူများ မလုပ်ခဲ့သည်ကို လုပ်ခဲ့သူ ဖြစ်သည်။ ကြိုတင် ပြီး အညံ့ခံမည်အစား ၎င်း ကြောင့် ဟစ်တလာသည် စီစဉ်ထားသည်များကို မဖြစ်မနေ ပြောင်းပစ်ခဲ့ရသည်။ ဂျာမန် တို့၏ မဟာဗျူဟာ သည် ၎င်းတို့အား ဥရောပ အနောက်ခြမ်း တွင် ခုခံ တွန်းလှန်မှု မှန်သမျှ ကို ဖယ်ရှားပြီး နောက်တွင် ဆိုဗီယက်တို့ နှင့် ချုပ်ဆိုထားသော ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက်ကာ ဝင်ရောက်တိုက်ခိုက်ပြီး နိုင်ငံ အနောက်ခြမ်းရှိ နယ်မြေ များအား ကိုလိုနီ အဖြစ် သိမ်းပိုက်နိုင်ရန် ပင် ဖြစ်သည်။ ၁၉၄၁ ဇွန်လ တွင် ဗြိတိန် နှင့် စစ်ဖြစ်နေသည့် ကြားမှ ဆိုဗီယက် ယူနီယံ ကို စတင် တိုက်ခိုက်လာခဲ့သည်။
ဤသို့ဖြင့် ဘာလင်သည် စစ်မျက်နှာ နှစ်ဖက် ဖွင့်၍ တိုက်လာရတော့သည်။ မော်စကို နှင့် လန်ဒန်သည်လည်း မမျှော်လင့်ဘဲ ရုတ်ခြည်းဆိုသလို မဟာမိတ်များ ဖြစ်လာခဲ့သည်။ ၁၉၄၁ ဒီဇင်ဘာလ တွင် ဟာဝိုင်အီရှိ ပုလဲ ရေတပ်စခန်းကို ဗုံးကြဲ တိုက်ခိုက်လာခဲ့သဖြင့် အမေရိကန်သည် စစ်ထဲ ဝင်ရောက်လာခဲ့ရသည်။
ယခုအခါ မော်စကို၊ လန်ဒန် နှင့် ဝါရှင်တန် တို့သည် မလွှဲမရှောင်ဘဲ ညွန်ပေါင်း အဖွဲ့ကြီး ဖွဲ့စည်းလာခဲ့သည်။ အခြားသော မဟာမိတ် နိုင်ငံသားများ၏ အကူ အညီ နှင့် အတူ အဆိုပါ အင်အားကြီး သုံးနိုင်ငံသည် ဒုတိယ ကမ္ဘာစစ်ကြီးကို အနိုင်ရသွားခဲ့သည်။
အကယ်၍သာ ချာချီသည် ၁၉၄၀ တွင် ဗြိတိန်ကို စစ်ပွဲထဲ ဝင်မပါအောင် ထိန်းထားခဲ့မည် ဆိုလျှင် တိုက်စရာ စစ်ပွဲကြီး ရှိလာနိုင်မည် မဟုတ်ပေ။
ချာချီကတော့ သမိုင်းသည် ၎င်း အပေါ် ညှာညှာတတာတာ ဆက်ဆံခဲ့၍ ဟု ပြောသည်။ ဤသည်ကလည်း သမိုင်းကို သူကိုယ်တိုင် ရေးရန် ရည်ရွယ်ခဲ့ခြင်းကြောင့် ဟု ဆိုသည်။ ထိုသို့ ပြောသော်လည်း ချာချီသည် သူ ရေးခဲ့သည့် သမိုင်းစာအုပ်များ၊ ကိုယ်ရေး မှတ်တမ်းများ တွင် ကိုယ်ပိုင် ဆုံးဖြတ်ခဲ့သည်များနှင့် ပတ်သက်၍ လိုအပ်လာသည် ဆိုသည်ကို အထင်အရှား တွေ့လာရ၍ လုပ်ရကြောင်း တင်ပြခဲ့ပြီး ဗြိတိသျှ ပြည်သူများ နှင့် မဟာမိတ်များကြောင့်ဟု အမွှန်းတင်ခဲ့သည်။
ယနေ့ခေတ်တွင် မူ ချာချီ လုပ်ရပ်များသည် လုပ်ရိုးလုပ်စဉ် ဟု ယူဆကြမည် ဖြစ်သော်လည်း သူ့ ခေတ် တွင်မူ အားလုံးရှေ့ မားမားမတ်မတ် ထွက်ရပ်ခဲ့သည့် လုပ်ရပ်သာ ဖြစ်သည်။
တကယ်လည်း အမှန်ပင် ဖြစ်သည်။ ၁၉၃၉ စက်တင်ဘာလ တွင် ပိုလန် ခေါင်းဆောင်ပိုင်းက နာဇီ တို့အား ပြန်တိုက်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ၎င်းတို့ ဖက် တွင် ဗြိတိန် တနိုင်ငံတည်းသာ ရှိသည်။ သို့သော် ပိုလန် တို့၏ လက်နက်ကိုင် တွန်းလှန်မှု သည် အောက်တိုဘာလ မှာပင် အရေးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ ၁၉၄၀ တွင် ဂျာမန် တို့ သိမ်းပိုက်ထားပြီ ဆိုသော အမှတ် လက္ခဏာများ ပိုလန် မြို့တော် ဝါဆော တွင် အနှံ့အပြား တွေ့လာခဲ့ရသည်။
ဆက်လက် တင်ပြသွားပါမည်။