ခေါင်းဆောင်တော့ ခေါင်းဆောင်

by Hla Soewai - Jul 09 2025

ယနေ့သည် မင်းအောင်လှိုင် ၆၉ နှစ် ပြည့်သွားရှာသည့် နှစ် ဖြစ်၍ မြန်မာ့ သမိုင်းတွင် ပထမ‌ ဆုံး ထွက် ပေါ်လာသော သက်ကျားအို ကာကွယ်ရေး ဦးစီးချုပ် တဦး လည်း ဖြစ်သည်။

 

 ဒေါ်စိန်အေး ကျောင်းသို့ တက်ရောက်ခွင့် ရရန် ကြိုးစား ခဲ့ရာ သုံးကြိမ်မြောက်တွင် အောင်မြင်သွားခဲ့၍ ၁၉၇၄ တွင် အမှတ်စဉ် (၁၉) သို့ တက်ရောက်ခွင့် ရသွားခဲ့သည်၊ ဤသို့ဖြင့် စစ်တပ်သမိုင်းတွင် တိုင်းပြည် အာဏာ ကို လက်နက်ပြ၍ လုယူခဲ့သည့် ပထမဆုံး စစ်တက္ကသိုလ် ကျောင်းဆင်း ဖြစ်လာခဲ့သည်။

 

အာဏာ သိမ်းပြီး နောက် တိုင်းပြည်၏ နိုင်ငံ‌ ရေး၊စစ်‌ ရေး၊ စီးပွားရေး၊ လူမှု ရေး နယ်ပယ်များ တွင် ထူးချွန် ပြောင်‌ မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် အတွက် လူထု တရပ်လုံး၏ တခဲနက် တောင်းဆို လာမှု အား မလွန်ဆန် နိုင်တော့ သဖြင့် ၂၀၂၂ ဧပြီလ တွင် စစ်ကောင်စီ ဥက္ကဌ ဦးမင်းအောင်လှိုင် မှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အား သတိုးသီရိ သုဓမ္မ ဘွဲ့၊ သတိုး မဟာသရေစည်သူ ဘွဲ့များ ဆက်တိုက်ဆိုသလို ချီးမြှင့်ပေး ခဲ့ရသည်။

 

တကယ်တမ်း တွင် မူ နိုင်ငံ တိုးတက်ရေး အတွက် ဘာတခု မှ မယ်မယ်ရရ လုပ်မပြနိုင်၊ စက်ရုံ အသစ်၊ ယုတ်စွ အဆုံး တံတား တစင်းပင် မဆောက်နိုင်၊ နျုကလီယား၊ လျပ်စစ်ကားရထား များ နှင့် ရွာလည် နေပြီ ဖြစ်သည်။ သူ ပြောဆိုနေသည်များက "သင်သာ နိုင်ငံ ခေါင်းဆောင် ဖြစ်ခဲ့လျှင်" ဆိုသော ခေါင်းစဉ် ဖြင့် အထက်တန်းကျောင်းသား တယောက် ရေးမည့် စာစီစာကုံး တခုထက် မပိုပေ။

 

နိုင်ငံတကာ အဖို့ ကတော့ ၎င်း၏ အာဏာသိမ်းမှုသည် တည်ရှိပြီးသား အခြေအနေကို ဖျက်လို ဖျက်ဆီး လုပ်မှု blunder အဖြစ်သာ ရှုမြင်လာကြပြီ ဖြစ်သည်။

 

လက်ရှိတွင် မင်းအောင်လှိုင်သည် ပူတင်၏ အရှေ့တောင်အာရှ အတွက် "foot soldier" သာသာ အဆင့်မျိုး နှင့် ကြိုးရှည်ရှည် လှန်ထားခံရသည့် အဆင့်သာ ရှိသည်။

 

တရုတ်၏ ရုပ်သေး အဖြစ် ဗြောင်ကျကျ ခံယူခဲ့ပြီး စစ်ကိုင်း မြေငလျင် ကြောနှင့် ကီလိုမီတာ ၁၀၀ ခန့်သာ ဝေးသည့် နေရာတွင်ပင် မြစ်ဆုံဆည် တည်ဆောက်မည့် အရေးအား လိုလိုလားလား ရှိကြောင်း ပြသခဲ့သည်အထိ လိုက်လျောခဲ့ပါလျက်နှင့် ၎င်းအား သိက္ခာတင်ပေးသည့် အနေဖြင့် ဘီဂျင်းသို့ တခါလောက်တော့ ဖိတ်ခေါ်ပြီး ကော်‌ဇော်နီ ဖြင့် မကြိုသင့် ပေဘူးလော စိတ်ထဲက တနုံ့နုံ့ ဖြစ်နေပေမည်။

 

ကမ္ဘာတဝှမ်း တွင် တရုတ် နှင့် ရုရှား တို့ ထောက်ခံ မှု ပေးနေသည့် အာဏာရှင်များ ထဲတွင် မင်းအောင်လှိုင် အား ထောက်ခံမှု ပေးနေရခြင်းသည် ထို နှစ်နိုင်ငံ အတွက် နာမည် အပျက်ဆုံး ဖြစ်နေသည်၊ လူ့အခွင့်အရေး ချိုးဖောက်၍ အနောက်အုပ်စုက အာပေါက်အောင် ရှုတ် ချ သည်ကို ရုရှား နှင့် တရုတ်က ဂရုမစိုက်၊ သူတို့နှင့် ရေရှည် လက်တွဲဖို့က တိုင်းပြည် မတည်ငြိမ်သည့်တိုင် စီးပွားရေး အရ ၎င်းတို့ အတွက် တိုးတက်ရာ တိုးတက်ကြောင်း လမ်း‌ ကြောင်း ဖေါ်ဆောင်နိုင်စွမ်း ရှိသူ ဖြစ်စေချင်သည်၊ သို့မှလည်း လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် အဖြစ်မှ နိုင်ငံ အကြီးအကဲ အ ဖြစ် တူတူတန်တန် ဆက်ဆံ၍ ရမည် ဖြစ်သည်။

 

တရားဝင် အစိုးရ အဖြစ် ရပ်တည်နိုင်ခွင့် ရဖို့ ဆိုသည်မှာ ပြည်သူများ၏ ယုံကြည် ကိုးစား ထောက်ခံမှူ ရမှသာ ဖြစ်နိုင်ပေသည်၊ ခေါင်းတွေကိုသေနတ် နှင့် ချိန်ပစ်၊ အများပြည်သူပိုင် ပစ္စည်းများကို လုယက်၊ မတရား ဖမ်းဆီး ထောင်ချ၊ ပြည်သူတို့၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ အား ဖျက်ဆီးကာ အစိုးရ အဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသူများ အဖို့ ပြည်သူ့ထောက်ခံမှူ အဘယ်သို့များ ရရှိနိုင်ပေဦးမည်နည်း။ မည်သူကကော တန်းတူရည်တူ ဆက်ဆံလိုကြပေမည်နည်း။

 

လက်ရှိတွင် ယူရဲလ် တောင်တန်းသားများကသာ ၎င်းအား အဖက်လုပ် ဆက်ဆံနေသော်လည်း အာရှ ကုန်းမြေကြီးရှိ တနိုင်ငံကမျှ ယောင်လို့ပင် ဖိတ်ခေါ်ခြင်း မပြုကြ၊ ထို့ထက် ဆိုးသည်က ၎င်းထံ မည်သည့် နိုင်ငံ အကြီးအကဲ ဆိုသူကမျှ ဧည်သည်တော် အဖြစ် ရောက်လာခဲ့ခြင်း မရှိ၊ ၎င်းသွားရောက်ခဲ့သည့် နိုင်ငံများ၏ အကြီးအကဲ များကလည်း သံတမန်ရေးအရ တန်းတူ ရည်တူ ဆက်ဆံသည့် အနေဖြင့်ပင် လာရောက်ခဲ့ကြခြင်း မရှိပေ။ ခဏ ခဏ သွားနေရ၍ တန်းတူရည်တူ ဖြစ်မလာဘဲ အောက်ကျို့ ဆက်ဆံနေရသည်က ထင်ရှားလာသည်။‌

 

ဤသည်ကို မင်းအောင်လှိုင်သည် ကောင်းစွာ ရိပ်စား ထားမိပြီး ဖြစ်၍ ဘာလုပ်ရမှန်း မသိ ဖြစ်‌နေသည်။ ဝန်ထမ်းဆိုသူများကတော့ ခွေးလာလာ ပွေးလာလာ လက်လေး ရှေ့ပစ်ကာ ခိုင်းသမျ လုပ်ကြရမည့်သူများသာ ဖြစ်၍ သူ့အား ထောက်ခံနေသူများဟု စာရင်းထဲ သွင်း၍ မရ၊ ပျုစောထီး များ နှင့် ဆွေမျိုး တသိုက် ကြည့်ပြန်လည်း ဘာမှန်း ညာမှန်းမသိ၊ ရုရှား ကိုပင် ကမ္ဘာမြေပုံတွင် မှန်အောင် ထောက်ပြနိုင်စွမ်း မရှိသူများက ထောက်ခံနေယုံဖြင့် အဘယ်သို့ ကျေနပ်နေ၍ ဖြစ်မည်နည်း၊ အခြေအနေ မကောင်းတော့လျှင် ရက်စက်လှပါသည် ဆိုသော ဂက်စတာပို ပင် ဟစ်တလာကို ကယ်နိုင်စွမ်း မရှိတော့။ ကမ္ဘာက အာဏာကို တင်းပြည့်ကျပ်ပြေ့ ဆုပ်ကိုင်နိုင်သူကိုသာ တိုင်းပြည် ခေါင်းဆောင် တယောက် အဖြစ် အသိအမှတ် ပြု ဆက်ဆံမည်သာ ဖြစ်သည်။

 

သူ့ကိုယ်သူသာ မညှာတမ်း ပြန်ဝေဖန်ကြည့်မည် ဆိုက လက်ရှိတွင် ဝ ခေါင်းဆောင် အဆင့်ထက် မပိုဖြစ်နေသည်။ ဝ တွင်လည်း စစ်တပ်ရှိနေသည်၊ သူ့တွင်လည်း စစ်တပ် ရှိနေပြီး အုပ်ချုပ်ရသည့် အကျယ်အဝန်း၊ စစ်အင်အား သာနေသည်သာ ရှိသည်။

 

မင်းအောင်လှိုင်သည် နိုင်ငံကို ပြန်၍ ထိန်းချုပ်နိုင်စွမ်း ရှိမည် မဟုတ်တော့ သည်ကို စစ်ဗိုလ်ချုပ်များ၊ ခရိုနီ ခရိုပြာ များ အားလုံး သဘောပေါက်နေပြီ ဖြစ်သော်လည်း အစားထိုးဖို့ ရွေးချယ်စရာမရှိ၊ ရှိပြန်လည်း ဇာတ်ခေါင်း မကွဲလို၍ ဒီပုံအတိုင်း ဆက်သွားရမည် ဆိုက စစ်ရာဇဝတ်ကောင် ဘဝ ရောက်ရတော့မည် ဖြစ်၍ သူ့အရှုပ်ထုတ်ကြီးအား မည်သူမျှ ဝန်မထမ်းချင် ကြ။

 

လက်ရှိတွင် မင်းအောင်လှိုင် ကြောင့် စီးပွားရေး၊ မိသားစု အသက်အိုးအိမ် စည်းစိမ် ထိခိုက်လာနေသည့် အရေးကြောင့် ၎င်းတို့ အချင်းချင်း ကြားမှပင်ရန်သူများ ပေါများလာနေပြီ ဖြစ်သည်။

 

၎င်း ၏ စစ်နိုင်ရေး မဟာဗျုဟာ သည် လူထု အား အကြောက်တရား များ ဖန်တီးကာ ပြည်သူတော်လှန်ရေး အင်အားစုများ ထီးထီးကြီး ကျန်နေသည့် အထိ စိတ်ရှည်လက်ရှည် စောင့်နေရန်၊ ပြီးလျှင် အချိန်တို အတွင်း ကောက်သင်း ကောက်သလို နှိမ်နှင်းသွားရန် ဟူ၍ သကြားကျွေးထားသည့် အဆင့်သာ ရှိသည်။ ထိုသို့ နှိမ်နှင်း ပြီးသွားက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့ဖက် လှည့်လာတော့မည် စိုး၍ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို တဖွဲ့ပြီး တဖွဲ့ ထိုးလာကြတော့မည်ဟုလည်း စိတ်ကူး ဖဲရိုက်နေသည်။

 

တိုင်းရင်းသား ပြည်သူ တရပ်လုံး အတွက် ငြိမ်းချမ်းသာယာ ဝပြောသော လူ့ဘောင်သစ် တရပ် ထူထောင်နိုင်ရန် မည်သို့သော မျှော်လင့်ချက် တစုံတရာ မရှိပဲ စွန့်လွှတ်စွန့်စား မှုများ နှင့် သမိုင်း မော်ကွန်း ရေးထိုးနေကြချိန်တွင် နိုင်ငံသား တဦး ဖြစ်ပါလျှက် နှင့် မင်းအောင်လှိုင် နှင့် စစ်အာဏာရှင် တစု၏ မိုက်မဲလှသော အကြံအစည်များကို အကောင်အထည် ဖေါ်နိုင်ရန် မဖြစ်စလောက်သော လစာငွေလေးဖြင့် သားမယားကိုသာ မက ရခဲလှသော လူ့ဘဝကိုပင် စွန့်လွှတ်ရန် ဝန်မလေး ဖြစ်နေသူများကို တော့ ပြည်သူတရပ်လုံးက မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်နေကြပေပြီ။ မင်းအောင်လှိုင် နှင့် အဖွဲ့ကတော့ ၎င်းတို့အား ဖြုတ်ယူ ရွှေ့ပြောင်းတပ်ဆင်၍ရသည့် အစိတ်အပိုင်းများ အဖြစ် သဘောထားနေကြသည့် အဖြစ်ကိုလည်း သိရှိသဘောပေါက်ဟန် မတူပေ။

 

ပြည်သူတို့၏ တရားသောစစ် မုချ အောင်ရမည်!!!