ဂေါ်ကီ ၏ အမေ(18)

by Hla Soewai - Jul 09 2025

ပါဗယ် စကားကြောင့် အမေ့စိတ်ထဲတွင် ယခင်က စိုးရိမ် ကြောင့်ကြ မှု များ ပြန်ဝင်လာခဲ့ရသည်။ ပြတင်း ပေါက်မှ တဆင့် အပြင်ကို စူးစိုက် ကြည့်‌ နေရင်း က ..

 

"အမေ နားမလည် တော့ဖူး ပါရှာ၊ အခု ဒီလို တွေ့ကြတာ ဘယ်လို အန္တရာယ်များ ရှိနေလို့လဲ၊ ဘာတွေ တရားမဝင် ဖြစ်နေရတာလဲ၊ သားက တခုခု များ ဆိုးဆိုးဝါးဝါး လုပ်ခဲ့လို့လား၊ မလုပ်ခဲ့ဖူး မဟုတ်လား သား"

 

သားဖြစ်သူ၏ လုံခြုံရေး နှင့် လုပ်ရပ်များ မှန်ကန်မှု ရှိမရှိကို အမေသည် လုံးဝ စိတ်မအေး နိုင် ဖြစ်လာခဲ့သည်။ သားထံမှလည်း သူမ ယုံကြည်စိတ်ချရမည့် စကားမျိုး ပြောလာသည်ကို ကြားချင်နေမိသည်။ သို့သော် သားဖြစ်သူသည် အမေအား အေးဆေးတည်ငြိမ်သော မျက်လုံးများ နှင့် စိုက်ကြည့်လိုက်ပြီး တည်ကြည် ပြတ်သားသည့် အသံဖြင့် ပြောလာသည်။

 

"ကျွန်တော်တို့ လုပ်နေတာတွေမှာ ဘာတခုမှ မကောင်းတာဆိုတာ မရှိဘူး အမေ၊ နောက်လည်း ရှိမှာ မဟုတ်ဘူး၊ ဒါပေမယ့် ‌အကျဉ်းထောင်ကတော့ ကျွန်တော်တို့ကို စောင့်ကြိုနေလေရဲ့၊ အမေလည်း ဒါကို သိချင် သိနေမှာပါလေ"

 

အမေ၏ လက်များသည် တုန်ယင်လာပြီး "ဘုရားသခင်က သားကို တနည်းမဟုတ် တနည်းလွတ်မြောက်အောင် လုပ်ပေးမှာပါလေ" ဟု တုန်ရီ ချိနဲ့သော အသံ ဖြင့် ပြောလိုက်သည်။

 

တည်ငြိမ်သော အသံဖြင့် ပြုံးပြီး "မဖြစ်နိုင်ဘူး၊ သားတို့ လွတ်မှာလည်း မဟုတ်ဘူး၊ ဂွတ်နိုက်ပါ အမေ"

 

အမေသည် တယောက်တည်း ကျန်ခဲ့၍ ပြတင်းပေါက် ရှိရာ သို့ ထ လာခဲ့ပြီး လမ်း ဖက်ကို စိုက်ကြည့်နေမိသည်။ အပြင်တွင်တော့ အေးစိမ့်နေပြီး စိတ်အား တက်ကြွဖွယ် မရှိ၊ လေတိုက်သံ နှင့် အတူ အနီးရှိ အိပ်မောကျနေကြပြီ ဖြစ်သော အိမ်နီးချင်းများ၏ အိမ်ခေါင်မိုး များ ပေါ်မှ နှင်းများ လွင့်ပျံလာပြီး အိမ်နံရံ များကို ရိုက်ခတ် နေသံသည် တစုံတခု ကို တီးတိုးလာပြောနေသလို ထင်ရပြီး၊ မြေပေါ်သို့ ကတိုက်ကရိုက် ဆင်းသက်သွားကြသည်။ မြေပေါ်သို့ ကျဆင်းသွား သော နှင်းများသည် ဒီတိုင်းတော့ မနေပဲ နှင်းဖတ်များ အဖြစ် အုပ်စု ဖွဲ့ကာ တိမ်‌ဆိုင်ခဲများ အလား လမ်းတဖက်သို့ လွင့်မျောသွားကြသည်။

 

"အိုး...ကောင်းကင်ဘုံ ရှိ ခရစ်တော် အရှင်မြတ် ဘုရား၊ တပည့်တော်တို့ သားအမိ ကို ကယ်တင်တော် မူပါ" ဟု ဆုတောင်း နေပြန်သည်။

 

ပြောရင်းက မျက်လုံး အိမ်တဝိုက် မျက်ရည်များ စို့လာပြန်သည်။ စိုးရိမ်စိတ် များ သူမ ၏ နှလုံးအိမ် တွင် ယခင်ကလို ပြန်ပြည့်နှက်လာခဲ့ပြန်သည်။ ညဘက်တွင် ပျံဝဲနေသော ပိုးဖလံ ကောင်ကဲ့သို့ပင် သားဖြစ်သူ တည်ငြိမ် အေးဆေးစွာ ပြောသွားသည့် စကားများကြောင့် ဝမ်းနည်းပူဆွေးမှုများ က သူမ ရင်ထဲ တဖြတ်ဖြတ် လှုပ်ရှား ရိုက်ခတ်သွားခဲ့ရသည်။

 

သူမ ရှေ့တည့်တည့် ခပ်လှမ်းလှမ်း ရှိချောမွေ့ပြောင်လက်နေသော နှင်း ပြင်ကြီးကို အတိုင်းသား ငေးကြည့်နေမိသည်။ လေနှင့် အတူ ပါလာသော နှင်းများသည် လွင်ပြင်ကြီးကို ဖြတ်သန်းနေပြီး အအေးဓါတ် ကို ပိုက်နှင့် တဝှီးဝှီး သွယ်တန်း ထုတ်လွှတ် ပေးနေသလား ထင်ရသည်။ 

 

ကွင်းပြင်ကြီး တဖက်တွင် တလှုပ်လှုပ် နှင့် ရှေ့တိုး နောက်ငင် ယိမ်းထိုးနေသော အမျိုးသမီးငယ် လေး တဦး၏ အသွင်သဏ္ဍန် ကို လှမ်းတွေ့လိုက်ရသည်။ လေကြောင့် သူမ၏ အဝတ်အစားများက တဖြတ်ဖြတ် လှုပ်ခပ်နေသည်။ လေကို ဆန်၍ လျှောက်နေရ၍ ခြေလှမ်းများ တုံ့နှေးနေပြီး နှင်းများက မျက်နှာကိုလည်း ကြိမ်းစပ်လောက်အောင် တဖွဲဖွဲ ပက်‌နေသည်။ ခြေထောက်များက နှင်းတောထဲ ကျွံကျွံသွား နေ၍ ခက်ခက်ခဲခဲ လျောက်‌နေရသည်။

 

အအေးဓါတ် နှင့် စိုးရိမ် ထိတ်လန့်စိတ်များ ပေါင်းစပ်လာ၍ လေတိုက်ခတ်ခံရသော မြက်ပင်များလို ရှေ့သို့ ကိုင်းညွှတ် သွားပြန်သည်။ သူမ၏ ညာဖက်ရှိ တောတန်းကြီးကို အုတ်တံတိုင်းကြီးအလား မားမားမတ်မတ် တွေ့နေရသည်။ တောတန်းကြီး တလျောက် ဘုဇဘတ် ပင်များ နှင့် အက်စပင် ပင် များသည် လေတိုး ၍ ဝမ်းနည်း ပူဆွေးနေသည့် အလား တုန်ယင် မြည်ဟည်းနေသည်။

 

"ဘုရားသခင် တပည့်တော်တို့ သားအမိ ကို ကယ်တင်တော်မူပါ" ထပ်၍ ဆုတောင်းလိုက်ပြန်သည်။

 

အမေသည် အအေးဓါတ် နှင် အတူ ဘာရယ်မှန်း ထွက်ပေါ်လာသော အကြောက်တရား ကြောင့် တကိုယ်လုံး တုန်ရင်လာနေသည်။