မြန်မာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက်မှ သတင်း ထုတ်ပြန်ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ လွှတ်တော် ကိုယ်စားလှယ် နှင့် မန္တလေး တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌ ဖြစ်သူ ဦးအောင်ကျော်ဦးသည် ဇွန်လ ၂၇ ရက်တွင် အိုးဘို ထောင်အတွင်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
ထို့အတွက် ဇန်နဝါရီ လ မှ စ၍ အိုးဘိုထောင် အတွင်း လုံလောက်သည့် ဆေးဝါးနှင့် ကုသမှု မခံခဲ့ရ၍ သေဆုံးခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၅၆ ဦး ရှိသွားပြီ ဖြစ်၍ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား သေဆုံးမှု အများဆုံး ဖြစ်လာနေသည်။
ထိုသို့ ဖြစ်လာ နေသော်လည်း မည်သူ ကမျှ အရေးယူ စုံစမ်း စစ်ဆေးခြင်းများ မပြုလုပ်ခဲ့ကြ။
တရားရုံးများသည် ဥပဒေ ကို မျက်ကွယ် ပြုကာ လူလူချင်း မတရား ဖိနှိပ် အနိုင်ကျင့် အုပ်ချုပ်နေသော စစ် အာဏာသိမ်း အဖွဲ့၏ အသုံးချခံ ကိရိယာ တန်ဆာ ပလာအဖြစ် ပျော်ပျော်ကြီး အသုံးတော် ခံနေကြ၍ မြန်မာ သားကောင်း သမီးကောင်းများ သည် နေ့စဉ်နှင့် အမျှ အကျဉ်းထောင် နံရံများကြား သေဆုံးနေကြရပြီ ဖြစ်သည်။
၎င်းတို့ ကိုယ်ထိ လက် ရောက် နှိပ်စက်ညှင်းပမ်း၍ မရနိုင်သည့် နိုင်ငံတော် အတိုင်ပင်ခံ အားလည်း "စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းသည့် အနေဖြင့် သူမအား မည်သူ နှင့် မျှ တွေ့ခွင့် မပေးခြင်း၊ မိသားစု ဝင်များ နှင့် အဆက်အသွယ် ဖြတ်ထားခြင်း၊ ၂၀၂၂ မှ စ၍ ရှေ့နေများ နှင့်ပါ တွေ့ဆုံခွင့် မပေးတော့ခြင်း အစရှိသည့် လုပ်၍ ရနိုင်သမျ နည်းလမ်း ပေါင်းစုံ ဖြင့် ဆက်ဆံနေကြသည်။
အဆိုးဝါးဆုံးက ဒေါ်အောင်ဆန်းစုကြည်သည် သွားကိုက်ခြင်း၊ နှလုံး နှင့် သက်ဆိုင်သည့် ရောဂါ အပါအဝင် အခြား အသက်အရွယ် ကြီးရင့်၍ ချို့ယွင်းလာသော ရောဂါများအား အထူး ကြပ်မပ် ကုသ ပေးခြင်းမျိုး မရှိဘဲ ၎င်းတို့ စစ်အုပ်စု မှ စေလွှတ်ပေးသော ဆရာဝန်များ ကသာ ကုသနေသည်ဟု Myanmar Prison Witness အဖွဲ့မှ သတင်း ထုတ်ပြန်လာခဲ့သည်။
မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး ဆိုကာ လူကြားကောင်းအောင် ပြောဆိုသွားပြီး ဘဲလာရုစ် အရောက်တွင်မူ ဒရုန်း ရန်ကို ကာကွယ် နိုင်မည့် အဆင်မြင့် လေကြောင်း ကာကွယ်ရေး စနစ် ရောင်းချပေးရေး ဆွေးနွေးခဲ့သည်ဟု ပေါက်ကြားလာသော စာရွက်စာတမ်း များကို ကိုးကား၍ Justice for Myanmar မှ သတင်း ထုတ်ပြန်လာခဲ့သည်။
၎င်းတို့၏ ငြိမ်းချမ်းရေး ဆိုသည်က NUG နှင့် PDF တို့အား ချေမှုန်း နိုင်ရေးပင် ဖြစ်သည်။ ထိုရည်မှန်းချက် နှင့် အတူ တိုင်းပြည်၏ အနာဂတ် သားကောင်း လူငယ်လေးများကို သေတွင်း နခမ်းဝသို့ အတင်း အဓမ္မ ဆွဲ ခေါ် နေကြသည့် အဖြစ်က တိုင်းပြည် အတွက် လွန်စွာ ရင်လေးစရာ ပင် ဖြစ်သည်။
သို့သော် ၎င်းတို့ အတွက်ကား အချိန် သိပ်မကျန်တော့၊ ဖတ်လိုက်ရသည် ပုံပြင်တပုဒ်တွင် ရေတွင်းပျက်ထဲသို့ ကျသွားသော မြည်းအိုကြီးအား ကယ် ၍မရတော့သည့် အတူတူ မြေဖို့သတ်ရန် ကြံစည်လာကြသည်။ မြည်းအိုကြီးသည် သူ့အား ဖို့သတ်ရန် ပစ်ထည့်နေသော မြေသားများကို ခွာ ဖြင့် ဖိသိပ်ကာ တဖြေးဖြေး ကျင်းပေါ်သို့ တက်လာနိုင်ခဲ့သည့် အကြောင်းပင် ဖြစ်သည်။
အာဏာသိမ်း အဖွဲ့သည်လည်း ထိုနည်းနှင်နှင်ပင်၊ ၎င်းတို့၏ သံဖနောင့်အောက်၌ အလူးအလဲ ခံနေရသော ပြည်သူများအား ရက်စက်စွာ နှိမ်နှင်းရန် ကြိုးပမ်း ရင်း ပြည်သူများကတော့ တဖြေးဖြေး နှင့် တွင်းပေါ် ရောက်ရှိလာကြတော့မည် ဖြစ်သည်။
သို့ သော် ၎င်းတို့အား ခုခံ ကာကွယ်နေကြရသော ပြည်သူ့ သားကောင်း များအား နှိမ်နှင်း ဖြိုဖျက်နိုင်လျှင် တိုင်းပြည်ကို အာဏာရှင် အဖြစ် လုပ်ကြံ လီဆယ် ဖန်တီးမည့် ရွေး ကောက်ပွဲ ဆိုသည်ဖြင့် ဆက်လက် ထိန်းချုပ်နိုင်ဦးမည်ဟု ရွှေတပဲသား လည်ပင်းဆွဲထားရသော ပုတ်သင်မိုက် ကဲ့သို့ တွေးထင် ယူဆနေကြဆဲပင် ဖြစ်သည်။
နိုင်ငံတွင်း ငတ်မွတ် ခေါင်းပါးမှု များ နှင့် အတူ အခြေအနေများ ဆိုးသည်ထက် ဆိုးဝါးလာနေ၍ ကုလသမဂ္ဂ တွင်လည်း ခေါင်းခြင်း ရိုက်လာနေသည်။ စစ်အုပ်စုသည် နိုင်ငံတကာ အလယ်တွင် လူမြင် ကောင်း အောင် တခုခု လုပ်ပြနိုင်ရန် အတွက် အရေးကြီးနေ၍ ငြိမ်းချမ်းရေး စင်တင်ပြဇာတ်ကြီး ဖြင့် အသုံးတော် ခံလာကြသည်။ ၎င်းတို့ လေပြေ ထိုးချင်သည်များကို လက်ဝေခံ နိုင်ငံရေး ပါတီ များ၏ ပါးစပ်ထဲသို့ ထည့်ပေးကြသည်။ ပြောတိုင်းယုံလွယ်သူများကလည်း တသွေ မတိမ်းပင် ထုတ်ပြောလာကြသည်။
နိုင်ငံတကာ နှင့် ကုလသမဂ္ဂ က ဂျီနိုဆိုက် စစ်ရာဇဝတ်ကောင်များ အဖြစ် တရားဝင် မဟုတ်သည့်တိုင် သတ်မှတ်ထားသူများ၏ ငြိမ်းချမ်းရေး စကားကို မည်သူက အယုံအကြည် ရှိကြပေမည်နည်း။
ကုလ အတွင်းရေးမှုးချုပ် ၏ အထူး သံတမန် မစ္စက် ဂျုလီ ဘစ်ရှော့သည် ၎င်းတို့၏ ဆရာသမားများအားအခြေအနေများ ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးရန် နားချဖို့ မော်စကို သို့ ရောက်ရှိသွားပြီ ဟု ဩစတေးလျှ သတင်းစာများက ရေးသားလာကြသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!