မူဝါဒ ရေးရာ တုန့်ပြန်မှုများ
မိမိတို့ နိုင်ငံ၏ နယ်နမိတ်များ အတွင်း စိန်ခေါ်လာမှု များကို ကိုင်တွယ် ဖြေရှင်း နိုင်မည့် နည်းလမ်းပေါင်း များစွာ ရှိနေသည်။ အချို့သော နည်းလမ်းများကို ကြိုတင် ကာကွယ်မှု အဖြစ် သတ်မှတ်နိုင်သည်၊ ယင်းသည် နိုင်ငံများ အင်အားချိနဲ့ပြီး ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်သည့် အလားအလာ များကို လျော့ချ ပစ်နိုင်ရေး အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
အဆိုပါ နည်းလမ်းများထဲတွင် အငြင်းပွားမှု များကို ဖြေရှင်း နိုင်မည့် သံတမန် နည်းလမ်းများ၊ စီးပွားရေး တိုးတက် ဖွံ့ဖြိုးရေး အထောက်အကူ ဖြစ်မည့် အကူအညီများ၊ ခြိမ်း ခြောက်နိုင်သည့် အနေမထား ရောက်အောင် စစ်အင်အား တိုးချဲ့လာခြင်း များ ဖြစ်သည်။
စီးပွားရေး အရ ဆွဲဆောင်မှု မျိုး နှင့် တဖက်တွင်လည်း ပိတ်ဆို့ ဒဏ်ခတ်ခြင်းမျိုး ဖြင့် ခြိမ်းခြောက်နိုင်ပေသည်။ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များသည်လည်း တည်ငြိမ်မှု ကို ပြန်လည် ရရှိအောင် ပြုလုပ်ပေးနိုင်သည်၊ သို့သော် ငြိမ်းချမ်းမှု ထိန်းသိမ်း ရေး ဆိုသည့် စကားအတိုင်း ငြိမ်ချမ်းရေး ရအောင် အရင်ဆုံး လုပ်ထားမှ ဖြစ်ပေမည်။ငြိမ်းချမ်းရေး ရရှိနေခြင်းကို အဖွဲ့ပေါင်းစုံ မှ လိုလိုလားလား ထောက်ခံရမည်လည်း ဖြစ်သည်။ သို့မဟုတ်က ရောက်ရှိလာသော ငြိမ်းချမ်းမှု ထိန်းသိမ်း ရေး တပ်များ အဝိုင်းခံရမည့် အခြေအနေ ဆိုက်ရောက်သွားနိုင်ပေသည်။
ထိုသို့ ငြိမ်းချမ်းရေး မျိုး မရရှိနိူင်က ပို၍ အင်အား ကြီးမားသော စစ်အင်အား သုံးပြီး ငြိမ်းချမ်းရေး ရဖို့ ဆောင်ရွက်ရတော့မည် ဖြစ်သည်။
ကြိုတင် ကာကွယ်မှု မအောင်မြင်ခဲ့ပါက တုန့်ပြန် ဆောင်ရွက်ရမည့် နည်းလမ်းများ အဖြစ် သံတမန်ရေး၊ ပိတ်ဆို့ အရေးယူ အပြစ်ပေးရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရေး များ ကျင့်သုံး နိုင်သည်။ ဥပမာ အားဖြင့် ၁၉၉၀ တွင် ဆာဘီယား တို့ အုပ်ချုပ်မှု အောက်တွင် မနေလို၍ ထွက်ပြေးလာကြသော အရပ်သားများကို အစိုးရမှ တိုက်ခိုက်လာသည်ကို ကာကွယ်ရန် နေတိုး စစ်လေယာဉ်များသည် ဆာဘီယား ပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြသည်။ သို့မဟုတ်ကလည်း နိုင်ငံ တနိုင်ငံ အား ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်လာနိုင်သည် အထိ အကာအကွယ် ပေးရ ပေမည်။
၁၉၉၁ တွင် အီရတ် မြောက်ပိုင်းရှိ ကပ်ဒ် လူမျိုးများ အား ဗဟို အစိုးရမှ ခြိမ်းခြောက်လာသည့် အခါ အမေရိကန် တပ်များသည် အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း အကာအကွယ် ပေးလာခဲ့သည်။
ပြည်တွင်း စစ် ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်း နိုင်မည့် တခုတည်းသော နည်းလမ်းဟူ၍ မရှိပေ။ တနေရာတွင် အလုပ်ဖြစ်သော်လည်း အခြား တနေရာ တွင် အောင်မြင်မှု မရ ဖြစ်နေသည်။ စေ့ဆပ် ဆွေးနွေးခြင်းမျိုး ဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရေးကို ဦးတည်သွားနိုင်သော်လည်း အောင်မြင်နိုင်ဖို့က ခေါင်းဆောင်များ ကိုယ်နှိုက်က လိုလိုလားလား နှင့် အပြန် အလှန် အပေးအယူ လုပ်လိုစိတ် ရှိ မှ ဖြစ်ပေမည်။
အကယ်၍ အောင်မြင်သွားခဲ့သည့် တိုင် အချိန်ကြာလာလျှင် လူထု အကြားရှိ အချို့သော အသိုက်အဝန်း များ အတွင်း မကျေနပ်နိုင်စရာ များ ဖြစ်လာနိုင်သည်။ ထို့အတွက်ကြောင့်လည်း စေ့ဆပ်ဆွေးနွေးခြင်းဖြင့် ပြီးဆုံးသွားသော ပြည်တွင်းစစ်များသည် ပြန်လည် ဖြစ်ပွားဖို့ အခြေအနေ အပေးဆုံး ဖြစ်လာသည်က အံ့ဩစရာတော့ မဟုတ်ပေ။
ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များလည်း မကြာခဏ ဆိုသလို လိုအပ်လာတတ်သည်။ ပြတ်ပြတ်သားသား အောင်ပွဲခံမှု (သို့မဟုတ် ပြိုင်ဘက်ရှုထောင့်မှဆိုလျှင် ရှုံးနိမ့်မှုများ) သည် တည်ငြိမ်မှု အတွက် မျိုးစေ့ချနိုင်ခြင်း ဖြစ်နိုင်သော်လည်း၊ အောင်နိုင်သူဘက်က အတိုင်းအတာ တခုအထိ သဘောထား ကြီးစွာ ဖြင့် လုပ်ဆောင် နိုင်ရန် အသင့်ပြင်ဆင်ထားရမည့်အပြင် ရှုံးနိမ့်သောဘက်ကလည်း အကျိုးဆက်ကို လက်ခံနိုင်ရန် အသင့်ပြင်ဆင်ထားမှသာလျှင် ဖြစ်နိုင်သည်။
အခြား ဆောင်ရွက် နိုင်စရာ အများအပြားလည်း ရှိနေသည်။ ထိုအထဲတွင် ပိုင်းခြားပေးခြင်းသည်လည်း ပါဝင်သည်။ အတူတကွ နေလို့ မဖြစ်နိုင် တော့ သော လူများသည် ဘေးချင်းကပ်၍ တော့ နေလို့ရသည်။ ထိုအနေအထားကို ဆိုက်ပရပ်စ်တွင် တွေ့နိုင်သည်။ ထိုနိုင်ငံတွင် ငြိမ်းချမ်းရေး ရလာသည်မှာ ရာစု နှစ် တဝက်ပင် ကျော်လာခဲ့ပြီ ဖြစ်သည်။
၁၉၇၀ အစောပိုင်းတွင် နိုင်ငံရေး အကျပ်အတည်းကြီး ဖြစ်ပေါ်လာပြီး ဂရိဆိုက်ပရပ်စ် နှင့် တူရကီ ဆိုက်ပရပ်စ်ဟူ၍ ကျွန်းသည် နှစ်ခြမ်းကွဲထွက်သွားခဲ့သည်။
တူရကီ လိုလားသော ဆိုက်ပရပ်စ် ကျွန်းသားများက တူရကီ ဆိုက်ပရပ်စ် ဖက်သို့ ရောက်ရှိသွားခဲ့သည်။ ထိုသို့ ရွှေ့ပြောင်း ဝင်ရောက်လာမှု ကို တူရကီ စစ်တပ်မှ အကာအကွယ် ပေးထားသဖြင့် ယခုတိုင် တည်မြဲနေဆဲ ဖြစ်သည်။
မြောက်အိုင်ယာလန်တွင်လည်း ထိုသဘော ဆန်ဆန် ဖြစ်လာခဲ့သည်။ နှစ်ပေါင်း သုံးဆယ် နီးပါး "The Troubles" ဟု ခေါ်သော အုံကြွမှု ကြီး ဖြစ်လာပြီး လူပေါင်း သုံးထောင်ခန့် အသက်ဆုံးရှုံးခဲ့ရသည်။
ဗြိတိသျှ ရဲအဖွဲ့ နှင့် စစ်တပ်တို့၏ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိမှု၊ ပရိုတက်စတင့် နှင့် ကက်သိုလစ် ဘာသာဝင်များ နေထိုင်ရာ ရပ်ကွက်များ အား တံတိုင်းဖြင့် ကာရံပေးခဲ့မှု၊ ထိုမှ တဖန် ကျောင်း များအားလည်း ထိုအတိုင်း ခွဲခြားပြီး လက်ခံသင်ကြားခဲ့မှု၊ အခွင့်အရေး တန်းတူရည်တူ မရဘဲ အကာအကွယ် မဲ့ ဖြစ်နေသော ကက်သိုလစ်များ အတွက် နိုင်ငံရေး လုပ်ငန်းစဉ် များ ဖေါ်ဆောင်ပေးခဲ့မှု များကြောင့် ယခုအခါ သိသိသာသာ ငြိမ်သက်အေးချမ်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ပိုင်းခြား ပေးယုံမျှ နှင့် ပြဿနာ အားလုံး။ပြေလည်သွားသည်တော့ မဟုတ်၊ ၁၉၄၇ တွင် ဗြိတိသျှ တို့ အိန္ဖိယ မှ ထွက်ခွာသွားသည့် အခါ အိန္ဒိယ တိုက်ငယ်အား ပါကစ္စတန် နှင့် အိန္ဒိယဟူ၍ ပိုင်းခြားပေးခဲ့သည်။ သို့ သော် ထိုနှစ်နိုင်ငံ အကြား ဆက်ဆံရေးသည် အမြဲလို အဖုအထစ်များ ရှိနေခဲ့ပြီး စစ်ပွဲများ ကြိမ်ဖန်များစွာ ဖြစ်ပွားခဲ့သည်။ ယခုအခါ တနိုင်ငံ နှင့် တနိုင်ငံကို နျူကလီယား လက်နက်များ ဖြင့် အပြန်အလှန် ချိန်ရွယ်ထားကြပြီ ဖြစ်သည်။