စစ်အုပ်စု သည် ၎င်းတို့ မထော်တနန်း ဖန်တီးထားသည့် ရွေးကောက်ပွဲ ဆိုသည့် ထိုးဇာတ်ကြီး အတွက် ပွဲကြည့် ပရိသတ် ရှာနေပြီ ဖြစ်သည်ဟု Asia Times တွင် ဒေးဗစ် စကော့ မေသီဆန်က ယခုလို ရေးသားလာခဲ့သည်။
ထို့အတွက် ပြင်ဆင်သည့် အနေဖြင့် သုံးရက်ကြာ ငြိမ်းချမ်းရေး ဖိုရမ် ကြီးကို နေပြည်တော်ရှိ အုတ်ကျိုး အုတ်ပဲ့ များ အကြား ပြုလုပ်လာခဲ့သည်။
တက်ရောက်လာသူများကတော့ စစ်အုပ်စု မှ ထိတ်တန်း စစ်ခေါင်းဆောင်များ၊ သံတမန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေး ပါတီ များမှ ခေါင်းဆောင်များ၊ ယခုအခါ အသက်မဝင် တော့သည့် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား နှင့် ထိုင်းနိုင်ငံ တို့မှ ပုဂ္ဂိုလ် များ ဖြစ်ကြသည်။
လက်ရှိ မြန်မာ နိုင်ငံ အခြေအနေကို ထဲထဲဝင်ဝင် မဟုတ်သည့်တိုင် သာမန်ကာလျှံကာမျှ သိရှိခဲ့သူများပင် ယုတ္တိ နှင့် ကင်းကွာလှသည့် ထင်ယောင်ထင်မှား အတွေးအခေါ်မျှသာ ဟု ယူဆကြမည်လည်း ဖြစ်သည်။ ၂၀၂၁ စစ်တပ် အာဏာ သိမ်းပြီး နောက် ပြည်တွင်းစစ်ကြီး နှင့် ရင်ဆိုင်နေရသည်သာမက စီးပွားရေး တောက်လျောက် ကျဆင်းလာမှု၊ ပြည်တွင်းရေး မတည်ငြိမ်မှု များ နှင့် လုံးချာလိုက်နေသည့် နိုင်ငံလည်း ဖြစ်သည်။
ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုသည်ကလည်း လုပ်ကွက် မရှိ၊ ရွေးကောက်ပွဲ ဆိုသည်ကလည်း ယုံကြည်ရလောက်သော ဟု ခေါင်းစဉ် တပ်လိုက်ယုံ နှင့် ပင် မြောင်းထဲ ရောက်သွားပြီ ဖြစ်သည်။ ညီညွတ်မှု ဆိုသည်လည်း မရှိ၊ တကယ်တမ်း ရှိနေသည်က ၎င်းတို့အား ဖြိုလှဲရန် မဟာဗျူဟာအရ ပူးပေါင်းနေကြသည့် တိုင်းရင်းသား အဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အကြားတွင်သာ ဖြစ်သည်။
အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အနာဂတ် တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးရေး အတွက် လိုအပ်သည် ဆိုသော စကားသည်လည်း ပြီးခဲ့သည့် ခြောက်လ လုံးလုံး ပြောခဲ့သည်များ မှ ထူးခြားမလာခဲ့။ လက်ရှိအသုံးပြုနေသော မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (first-past-the-post - FPTP) အပြင်၊ အချိုးကျ ကိုယ်စားပြုစနစ် (proportional representation - PR) ကိုလည်း ရောနှောစနစ်ပုံစံဖြင့် အသုံးပြုသွားမည်ဖြစ်သည်ဟု လည်း ဆိုသည်။
၎င်းတို့ လုပ်မည် ဆိုသော ရွေးကောက်ပွဲသည် ရခိုင်ပြည်နယ်၊ ရှမ်းပြည် မြောက်ပိုင်း နှင့် ကရင်ပြည်နယ်များ ပါဝင်မည် မဟုတ်၍ နိုင်ငံ၏ ကျန် တဝက်ခန့်တွင်သာ လုပ်ရန် ရည်ရွယ်ထားသည်။
ထိုသို့ ပြောဆိုပြီး တက်ရောက်လာသူများ နှင့် ဓါတ်ပုံ တွဲ အရိုက်ခံပြီး ယခု နှစ် အတွင်း သုံးကြိမ် မြောက် အဖြစ် ဘဲလာရုစ် နှင့် ရုရှားသို့ သွားရန် ၎င်းအတွက် ဝယ်ပေးထားရသည့် လေယာဉ်ကြီး ပေါ် တက်သွားတော့သည်။ ၎င်းတို့၏ စိတ်တော်သိ မီဒီယာများကလည်း ငြိမ်းချမ်းရေး ဖိုရမ် ကြီးကို သာမန်ကာ လျံကာ မျှသာ ရေးသား ထုတ်လွှင့်ကြပြီး ခေါင်းဆောင်ကြီး၏ မင့်စ် ရှိ ဆေးဝါး စက်ရုံ သွားသည် နှင့် စိန့်ပီတာစဘတ် စီးပွားရေး ဖိုရမ် ခရီးစဉ်များကိုသာ အသားပေး ဖေါ်ပြခဲ့ကြသည်။
(ခေါင်းဆောင်ကြီး ခမျာလည်း လူတော တိုးချင်ရှာလွန်း၍ ထိုနှစ်နိုင်ငံကိုသာ သွားလိုက်ပြန်လိုက်နှင့် လုံးချာလိုက်နေရှာသည်။ ယခုထိလည်း အိမ်နီးချင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ ကမျှ တရားဝင် ခရီး လာရောက်ဖို့ ဖိတ်ကြားခြင်း မခံရသေးပေ။)
သို့သော် ငြိမ်းချမ်းရေး ဖိုရမ်သို့ တရုတ်ဖက်မှ တိန်ရင်ချွန်း၊ ယူ နန် နှင့် ဘီဂျင်း တက္ကသိုလ်များမှ ပညာရှင် သုံးဦးလည်း တက်ရောက်လာကြသည်။
တရုတ်ဖက်က တကယ်တမ်းတွင် ရွေးကောက်ပွဲ ဆိုသည်ကော၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ အပေါ် အယုံ အကြည် မရှိ၊ ၎င်းတို့ အတွက်က တည်ငြိမ်မှု ပုံစံ တမျိုးမျိုး ထွက်လာရန် နှင့် ဒီအတိုင်း ဆက်မသွားဖို့ သေချာစေမည့် လမ်းကြောင်းကိုသာ စိတ်ဝင်စားကြသည်။ အချို့က ဘီဂျင်းသည် ရွေးကောက်ပွဲ အား မင်းအောင်လှိုင်အား ဖယ်ရှားပြီး ယုတ္တိရှိရှိ လုပ်လိုသည့် ခေါင်းဆောင်တယောက်နှင့် အစားထိုးရန် ကြံရွယ်နေသည်ဟု ပြောဆိုနေကြသည်။
တရုတ်သည် ၁၀၂၇ စစ်ဆင်ရေး ကြီး နောက်ပိုင်း တရုတ်နယ်စပ် တလျောက်ရှိ နယ်မြေ အမြောက်အမြားကို တိုင်းရင်းသား အဖွဲ့များက သိမ်းယူထားခြင်း၊ ရခိုင် တွင်လည်း ၎င်းတို့၏ စီမံကိန်း ဒေသများအား အာရက္ခ တပ်တော် ၏ ဝိုင်းထား ခံနေရခြင်း ဆိုသည့် နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင် ဖြေရှင်းနေရသည်။
မင်းအောင်လှိုင်က မိန့်ခွန်းထဲတွင် တရုတ်ပြည်အား မသိမသာ ထဲ့ နှက်သွားသေးသည်။ "ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ပြည်ပ စွက်ဖက်မှု ကင်းဝေးရမည်၊ အခြားသူများ၏ ဩဇာ အလွှမ်းမခံရအောင် အထူး သတိထားရမည် ဟု ထည့် ပြောသွားခဲ့သည်။
ပြည်တွင်းရေး ဝင်မစွက်ရ ဆိုသည်က အာဏာရှင်တို့၏ လက်သုံးစကား ဖြစ်သော်လည်း လားရှိုး ပြန်ရအောင် တရုတ်တို့ ကြားဝင်ပေးခဲ့မှု နှင့် မြောက်ပိုင်းရှိ အခြား လက်နက်ကိုင် အဖွဲ့များနှင့် အဆက်အဆံ မပျက်ရှိနေမှု ကို ရည်ညွှန်းခြင်းလည်း ဖြစ်နိုင်ပေသည်။
ထိုင်းဖက်မှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း နှင့် ထိုင်း ကြည်းတပ် စစ်ဦးစီးချုပ် ဟောင်းတို့ တက်ရောက်ခဲ့ကြသည်။ ထိုင်း နှင့် တရုတ်သည် စစ်တပ် အာဏာသိမ်းခဲ့မှုကြောင့် အထိခိုက် အခံရဆုံး နိုင်ငံများလည်း ဖြစ်သည်။
၎င်းတို့ တက်ရောက်လာခြင်းသည် စစ်အုပ်စု၏ ရွေးကောက်ပွဲ ကို ချွင်းချက်မရှိ ထောက်ခံခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့၏ လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွားအတွက် ရှေ့ဆက်နိုင်မည့် လမ်းကြောင်းများကို ရှာဖွေရန် သတိကြီးစွာဖြင့် သံတမန်ရေးရာ ဟန်ချက်ညီအောင် ထိန်းညှိဆောင်ရွက်ခြင်း ဖြစ်သည်။
အဓိက ထား၍ စောင့်ကြည့်ရမည်က အိန္ဒိယ ပင် ဖြစ်သည်။ အိန္ဒိယသည် အာဏာသိမ်းပြီးနောက် ဆိုးဆိုးဝါးဝါး တလွဲ ဆံပင်ကောင်းပြီး ပတ်သက်လာ၍ ဖြစ်သည်။ ဖိုရမ်သို့ ဝါရင့် သံတမန် တဦး နှင့် သတင်းစာ ဆရာ အများအပြား ရောက်လာကြသည်။
အိန္ဒိယ သည် စစ်အုပ်စု၏ ရွေးကောက်ပွဲ ကို လိုလိုလားလား ထောက်ခံလာဖွယ် ရှိနေသည်။ အိန္ဒိယ ၏ အီလက်ထရောနစ် မဲပေးစက်ကိုလည်း သုံးလာဖို့ ရှိနေသည်။
စစ်အုပ်စုကလည်း ၎င်းတို့ သုံးပါများ၍ သနားစရာ ကောင်းနေရသည့် လက်ပါးစေများ ဖြစ်သော လှမောင်ရွှေ၊ ဇော်ဦး၊ အောင်နိုင်ဦးတို့အားလည်း ပွဲထုတ်လာပြန်သည်။ ၎င်းတို့၏ ဂုဏ်သိက္ခာ များသည်လည်း ၂၀၁၂-၂၀၁၅ ခုနှစ်၊ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်းမှာပင် ကျဆင်း သွားခဲ့ရပြီး ဖြစ်သည်။
ပြည်သူ့ ပါတီဥက္ကဌ ကိုကိုကြီး နှင့် အတူ ရွေးကောက်ပွဲ ဝင်မည့် ပါတီများမှ ကိုယ်စားလှယ်များလည်း ရောက်လာကြသည်။
၂၀၁၅ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ခေါင်းဆောင် ဆိုသူများကလည်း ထိုကဲ့သို့သော ပွဲမျိုးကို သစ်သား ရုပ်ကြီးများ ပမာ မပျက်မကွက် ရောက်လာကြသည်။ သို့သော် လေးနှစ်ကြာ ပြည်တွင်း စစ်ကြီး အတွင်း ဒေသခံ လူထု ၏ ထောက်ခံမှုလည်း မရတော့သည့်အပြင် တရားဝင် ကိုယ်စားပြုခွင့်လည်း ဆုံးရှုံးသွားခဲ့သူများ ဖြစ်သည်။
ငြိမ်းချမ်းရေး ဖိုရမ် ဆိုသည်က စစ်အုပ်စု ကို ဖျော်ဖြေရန် သက်သက် မရိုးမသား စကားများ တန်ဆာဆင် လာရောက် ပြောဆိုကြသည့် လုပ် ပွဲ မျိုးသာ ဖြစ်သည်။
အနောက်တိုင်း သံရုံး အများစု အား ရက်သတ္တပတ် ပေါင်းများစွာ ကြိုပြီး ဖိတ်ခဲ့သော်လည်း ဝေးဝေးက ရှောင်နေခဲ့ကြသည်။
စစ်အုပ်စုသည် ခပ်ညံ့ညံ့ အကွက်များဖြင့် ထိုသို့သော ပွဲမျိုးကို အမြဲလို ထ ထ လုပ်တတ်သော်လည်း အခွင့်ရေး သမားများထဲတွင်ပင် ခပ်နုံနုံ ခပ်အအ များသာ ကောင်းကျိုး တခုတလေ ပါနိုင်သည်ဟု တွေး နိုင်သည့် ပွဲမျိုးလည်း ဖြစ်သည်။
မည်မျှပင် ပွဲများ ထ ထ လုပ်နေစေကာမူ ပြည်သူ အများစု အပေါ် စစ်ပွဲ ဆင်နွှဲနေခြင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ခု တွင် မဲဆန္ဒရှင် များ တခဲနက် မဲပေး ရွေးချယ်ခဲ့သည့် ပါတီကြီးအား ဖျက်သိမ်းပစ်ခဲ့ကြ၍ ၎င်းတို့၏ ရွေးကောက်ပွဲ ဆိုသည်ကို ပြည်တွင်းပြည်ပ မှ မည်သူတဦး တယောက်မျှ ယုံကြည်ကြမည် မဟုတ်သည့် ပွဲလည်း ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Illustration Credit - Original Creator