ငါ့စကား ကြောင့် နွားတွေ ရလာပြီ

by Hla Soewai - Jul 09 2025

အာရှ ၏ ရန်လိုနေသော အင်အားကြီး နှစ် နိုင်ငံ ကြား တွင် ရှိပြီး မဟာဗျူဟာ အရ လွန်စွာ အချက်အခြာ ကျသော မြန်မာ တွင် ပြည်တွင်းစစ်မီး ကြီး က တဟုန်းဟုန်း တောက်လောင်နေသည်။

 

ယင်းသည် အင်အားကြီး နိုင်ငံများ ပါဝင် ပတ်သက်လာ‌ပြီး ပဋိပက္ခသည် ပို၍ ကြီးသည်ထက် ကြီး အောင် မျက်စပစ် ဖိတ်ခေါ်နေသလို ဖြစ်လာနေသည် ကို ကမ္ဘာ ကုလ သမဂ္ဂ အဖွဲ့ကြီးက မည်သို့မျှ မတတ်နိုင် လက်ပိုက်ကြည့်နေကြရသည်။

 

ထိုသို့ ဘူမိနိုင်ငံရေး အခြေအနေ အရ ရတက်မအေး ဖြစ်လာနေချိန်တွင် ပြည်တွင်းတွင်လည်း စစ်အုပ်စုသည် ဝေသာလီ ပြည် ဘီလူးစီးသည့်အလား မဲမဲမြင်ရာ ထင်ရာ စိုင်းနေသည့် အတွက် ၂၂ သန်း ခန့် ရှိသော ပြည်သူများသည် ဒုက္ခပင်လယ်ဝေကာ အသက်တ ချောင်းကို မနည်း ရှာကြံ မွေးနေရသည့် အဖြစ် ရောက်နေပေသည်။

 

တရုတ် မှ ၎င်းတို့၏ လုပ်ငန်းများ အမြန်ဆုံး အကောင်အထည် ဖေါ်နိုင် ရေး အတွက် ဆူးညောင့် ခလုတ် မှန်သမျှ ရှင်းလင်း ဖယ်ရှားပေးရန် ‌ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်ပြီး စစ်အုပ်စု အား လက်နက် တပ်ဆင်ပေးပြီး ရှူး တိုက် ပေးနေချိန်လည်း ဖြစ်သည်။

 

ဤသည်ကိုပင် မိမိတို့သည် ပြည်သူအများ မျှော်လင့် တောင့်တနေကြသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကြီး ပေါ်ပေါက်လာရန် တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်ဟု ဘဲလာရုစ်သို့ သွားရန် လေယာဉ် ‌ပေါ် တက်ခါနီး ငြိမ်းချမ်းရေး ဖိုရမ် ကြီးတွင် ငါ့စကား နွားရ ပြောသွားခဲ့သေးသည်၊ တကယ်တော့ ၎င်းတို့ ပြည်သူကို ထိုသို့ ပျားရည်ဖြင့် ဝမ်းချလာခဲ့သည်မှာ ၁၉၈၈ ကတည်းက ဖြစ်သည်ကို အားလုံး က သိနေပြီး ရှက်တတ်မည် ဆိုလျင် လဲသေဖို့ပင် ကောင်းလှသည်။

 

ဘီဂျင်း၏ ညွှန်ကြား ချက်အရသာ ၎င်းတို့ လုပ်မည့် ရွေးကောက်ပွဲ ဆိုသည်ကြောင့် ပြည်သူများသည် မိမိတို့၏ အခြေအနေများ ပို၍ ဆိုးလာ‌တော့မည်ကို ကောင်းစွာ သိနားလည်ထားကြပြီး ဖြစ်သည်။

 

ထိုသို့ တိုင်းပြည် ပြိုကွဲလာနိုင်သည့် အခြေအနေ ဖြစ်နေသည်ကို ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလား ပြည်ပ ဩဇာခံ ရွေးကောက်ပွဲ ကို ဝင်မည့် ခပ်ညံ့ညံ့ နိုင်ငံရေး သမားများက လက်ခမောင်း ခတ်နေချိန်လည်း ဖြစ်သည်။ ထိုမျှသာ မကသေး မိမိတို့ အား စိတ်ချပါရန် တရုတ် ပြည် ကွန်မြူနစ် ပါတီ အား ကိုယ်တိုင်ကိုယ်ကျ ပင် သွားရောက် သံတော်ဦး တင်နေကြသည်။

 

ပြိုင်ဖက် လည်း မရှိ၊ တကိုယ်တည်း ဝင်ရောက် ပြိုင်ရမည့် အပြေးပြိုင်ပွဲ ကို ဆင်နွှဲပြီး ‌မျက်နှာ‌ ပြောင် တိုက်ကာ ရွှေတံဆိပ် တက်ယူရဲကြသည့် ထိုကဲ့သို့သော နိုင်ငံရေး သမား များကို ပြည်တွင်း ပြည်ပက မည်သို့များ တလေးတစား ဆက်ဆံကြပေမည်နည်း။ ၎င်းတို့ အတွက်က ပြိုင်ဖက်မရှိ ဝင်ရောက် ယှဉ်ပြိုင်ရမည့် ပွဲတွင် မျက်နှာပြောင် တိုက်ရဲဖို့ ဆိုသည့် အရည်အချင်းမျိုးသာ လိုပေသည်။

 

တကယ်တမ်း တွေးကြည့်မည်ဆိုလျှင် ပြည်သူတို့ တညီတညွတ်တည်း ဆန့်ကျင် တွန်းလှန်နေကြ၍သာ ထွက်ပေါက် ပိတ်မိကာ ကြံရာမရ ဖြစ်လာသော စစ်အုပ်စုသည် အသက်ရှု ချောင်လာလို ချောင်လာငြား ရွေးကောက်ပွဲ ဆိုသည့် ဆေးမြီတို ဖြင့် ကုစား ရန် အမြန် ကြံစည်ခဲ့ကြ၍သာ ၎င်းတို့ လွှတ်တော်ထဲ ဝင်ရောက်ခွင့် ရခဲ့ကြခြင်းပင် ဖြစ်သည်။

 

အဘယ်ကြောင့် ဆိုသော ထိုသို့ တွန်းလှန်မှု များ မရှိခဲ့သည့် ဗိုလ်သန်းရွှေတို့ စစ်အုပ်စုပင်လျှင် တိုင်းပြည်ကို ၂၂ နှစ်ကြာ အေးအေးလူလူ အုပ်ချုပ်သွားခဲ့ကြသည် မဟုတ်ပါလား။

 

ကုလသမဂ္ဂ လူ့အခွင့် အရေး မဟာမင်းကြီး ၏ ညီလာခံ တွင် တင်ပြချက်အရ ၄၅ သန်းသော ပြည်သူများသည် ကမ္ဘာဘဏ် က သတ်မှတ်ထားသော ဆင်းရဲစွာ နေထိုင်ကြရသည့် တနေ့ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂.၁၅ (မြန်မာ ကျပ်ငွေ ၄,၅၀၀) ဖြင့် ရုန်းကန်နေကြရသည်ဟု ဖေါ်ပြထားသည်။

 

အစ္စရေး-ဂါဇာ၊ အီရန် စစ်ပွဲကဲ့သို့ ပဋိပက္ခကြီး ကို မည်သို့မျှ မဖြေရှင်း နိုင်သည်ကို အပြစ်တင်ဖို့ ခက်လှသော်လည်း မြန်မာ ကဲ့သို့ နိုင်ငံလေး အရေး တွင် ကုလသမဂ္ဂ၏ အခန်း ကဏ္ဍ ပျောက်ကွယ်‌သွားရသည့် အဖြစ်အတွက် အဖွဲ့ကြီး၏ အနာဂတ်သည် ရင်လေးဖွယ် ဖြစ်လာနေသည်က သိသာထင်ရှားစွာ မီးမောင်းထိုးပြနေသည်။

 

ယခင် နိုင်ငံ ပေါင်းချုပ် အသင်းကြီးကဲ့သို့ နိဂုံးချုပ်သွားရမည့် အရေး ကို အားလုံးက စိုးရိမ်ကြောင့်ကြလာကြ၍ ပြုပြင်ပြောင်းလဲရေး များ ဖေါ်ဆောင်ကြဖို့ အပူ တပြင်း တောင်းဆိုလာနေကြသည်။

 

အဓိက အားဖြင့် တော့ ကုလလုံခြုံရေး ကောင်စီ တွင် ကြီး ငါးကြီး ဖြစ်သော အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား တို့က ဗီတိုအာဏာ စွဲကိုင်ထားပြီး ဆရာမွေး၊ တပည့်‌မွေး မူဝါဒ ဖြင့် ကမ္ဘာ ငြိမ်းချမ်းရေး ကို ဖျက်လို ဖျက်ဆီး လုပ်နေသည့် အဖြစ်ကို ပယ်ဖျက်ပေးရန် တောင်းဆိုလာကြသည်။

 

ဖြစ်သင့်သည်က ၎င်းတို့ ဗီတိုဖြင့် ပယ်ချထားသော အဆိုကို အထွေထွေ ညီလာခံကြီး တွင် အများစု၏ မဲဖြင့် ဆုံးဖြတ်၍ ပယ်ဖျက်ကာ လုံခြုံရေး ကောင်စီ အား မဖြစ်မနေ ပြန်၍ လိုက်နာ စေခိုင်း စေမည် ဆိုက ပြဿနာ အတော်များများ ပြေလည် သွားနိုင်မည်ဟု ယူဆမိသည်။

 

ပြဿနာ ကား ကုလ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲမှု မှန်သမျှ အား ဗီတို အာဏာ ကိုင်စွဲထားသော ငါးနိုင်ငံ စလုံး သဘောတူ အတည်ပြုရမည် ဆိုခြင်းပင် ဖြစ်သည်။ veto over any veto reform ဖြစ်လာပေမည်။

 

အချို့ကလည်း ဗီတိုအာဏာ သုံးပိုင်ခွင့် ရှိသည့် နိုင်ငံ၏ လုံခြုံရေး ကို တိုက်ရိုက် မထိပါးသရွေ့ သုံးစွဲခွင့် မပြုဟု ကန့်သတ်ရန် အကြံပေးမှု များလည်း ထွက်ပေါ်လာသည်။

 

အချို့ကလည်း ဂျီနိုဆိုက် အပါအဝင် လူသားများ အပေါ် ကျူးလွန်နေသော ရာဇဝတ်များ နှင့် ဆိုင်သော အဆိုကို ဗီတို သုံးစွဲခွင့် မပြုရဟု ကန့်သတ်ရန်လည်း ပြောလာကြသည်။

 

မည်သို့ပင် ဆိုစေ မြန်မာ ဟု ဆိုလိုက်သည်နှင့် လုံခြုံရေး ကောင်စီရှိ တရုတ်၊ ရုရှားတို့က လက်ထောင် ကန့်ကွက်နေသည်ကြောင့် ကုလ သည်မည်သို့မျှ ရှေ့မတိုး နိုင် ဖြစ်နေသည်ကပင် ပြုပြင် ပြောင်းလဲရတော့မည် ကို အထင်အရှား ပြသနေခြင်းပင် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော ခုခံစစ် မုချ အောင်ရမည်!!!

 

Photo credit - Original creator modified The Economist illustration