လူသားတို့ ကျင့်သုံးနေသော နိုင်ငံရေး စနစ်များ အားလုံးသည် စိတ်ကူး ဖြင့် ဖန်တီးထားမှု များကို အခြေခံထားခြင်း ဖြစ်သည်။ အချို့က ထိုအချက်ကို ဝန်ခံကြသော်လည်း အချို့က ဝန်ခံခဲ့ကြခြင်း မရှိသည်ကို တွေ့ရသည်။ ကျွနုပ်တို့ ရပ်တည်နေသော လူမှု ရေး စနစ် မူလ အစ ကို အမှန်အတိုင်း မြင်နိုင်မှသာလျင် ပြောင်းလဲရန် လွယ်ကူပေမည်။ ကျွနုပ်တို့ ကဲ့သို့ လူသားများ တီထွင် နိုင်ခဲ့သည် ဆိုလျင် ပြင်ဆင်နိုင်ရပေမည်။ သို့သော် အမှန်ကို အမှန်အတိုင်း မြင်နိုင်မှု က တန်ဘိုး တခု ပေးဆပ်ရစမြဲ ဖြစ်သည်။
လူမှုရေး စနစ်သည် လူသားတို့ကြောင့် စတင်ပေါ်ပေါက်လာခြင်း ဆိုသည်ကို အသိအမှတ် ပြုမည်ဆိုက လူတိုင်းအား ထိုစနစ်အပေါ် သဘောတူလာအောင် ဆွဲဆောင်ဖို့ ပို၍ပင် ခက်ခဲလာခဲ့ရသည်။ ကျွနုပ် တို့ ကဲ့သို့ လူသားများ တီထွင်ခဲ့သည် ဆိုလျှင် အဘယ်ကြောင့် လက်မခံ ပဲ နေသင့် ပေသနည်း။
ဆယ့်ရှစ်ရာစု ကုန်ဆုံးချိန် အထိ လူထု ဆက်သွယ်ရေး နည်းပညာများ မထွန်းကားခဲ့မှုကြောင့် လူနေမှု စနစ်၏ စည်းမျဉ်း ဥပဒေသများ အပေါ် သန်းပေါင်းများစွာသော လူများ အကြား အခြေအတင် ဆွေးနွေး နိုင်ခဲ့ခြင်း မရှိ ဖြစ်နေသည်။ လူများ အား လက်ရှိ အနေအထား အတိုင်း ထိန်းထားနိုင်ရန် ရုရှားဇာဘုရင်များ၊ မူဆလင် ဘာသာရေး ခေါင်းဆောင်များ၊ တရုတ်ပြည်ရှိ ကောင်းကင်ဘုံ မှ သားတော်များက လူအဖွဲ့အစည်း အတွင်း အခြေခံအားဖြင့် လိုက်နာရမည့် စည်းမျဉ်းများသည် ကောင်းကင်ဘုံမှ ဆင်းသက်လာခြင်း ဖြစ်၍ လူသားတို့ အနေဖြင့် ပြင်ဆင် နိုင်ခွင့် မရှိဟု ပြောလာကြသည်။
နှစ်ဆယ်ရာစု နှစ် အစောပိုင်း ရောက်လာသည့် အခါတွင် နိုင်ငံရေး စနစ်အများအပြားသည် လူသားတို့ လက်လှမ်းမမီသော အာဏာများ ဟု ပြောနေကြဆဲ ဖြစ်ပြီး မလိုလားအပ်သည့် အပြောင်းအလဲများ ထွက်ပေါ်မလာအောင် ဟန့်တားသည့် အနေဖြင့် ပွင့်လင်းစွာ ဆွေးနွေး ငြင်းခုံမှုမျိုး ကို ဆန့်ကျင်ခဲ့ကြသည်။
အမြဲလို ဆုပ်လည်းစူး စားလည်းရူး ဖြစ်လာခြင်း
**********
သမိုင်း တွင် စိတ်ကူး ဖြင့် ဖန်တီးထားမှုများ၏ အရေးပါသော အခန်းကဏ္ဍကို နားလည် လာသည့် အခါ သတင်းအချက်အလက် ကွန်ယက်များအား ပိုမိုပြည့်စုံသော ပုံစံမျိုး ဖြင့် တင်ပြရန် နောက်ဆုံးတွင် ဖြစ်လာနိုင်ပေသည်။ ထိုအခါ တွင် သတင်းအချက်အလက်များ နှင့် ပတ်သက်၍ အတွေ့အကြုံ မရှိသေးသော အမြင်များ နှင့် ထိုအမြင် အပေါ် လူကြိုက်များသော ဝေဖန် မှု နှစ်ခုစလုံးကို ကျော်လွန်သွားမည် ဖြစ်သည်။
အတွေ့အကြုံ မရှိ ယုံလွယ်သူတို့၏ အမြင် နှင့် ဆန့်ကျင်ဖက်ဖြစ်သည့် သတင်းအချက်အလက် ဆိုသည်က အမှန်တရား၏ ကုန်ကြမ်းပစ္စည်း မဟုတ်၊ လူသားတို့၏ သတင်းအချက်အလက် ကွန်ယက်များသည် အမှန်တရားကို ရှာဖွေ ဖေါ်ထုတ်ရန် ပြင်ဆင်ပေးထားခြင်း မရှိ ဆိုသည်ကို သိရှိလာမည် ဖြစ်သည်။ လူကြိုက်များအောင် ပြောလာသူတို့၏ အမြင် နှင့် ဆန့်ကျင်ဖက် အဖြစ် သတင်း အချက်အလက် ဆိုသည်ကို လက်နက်သဖွယ် အသုံးချ၍ မရ ဆိုသည်ကို လည်း သိရှ်ိလာမည် ဖြစ်သည်။
ယင်းအစား၊ ရှင်သန်ရပ်တည်ပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူသားတို့၏ သတင်းအချက်အလက်ကွန်ရက်တိုင်းသည် အရာနှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရန် လိုအပ်သည်– အမှန်တရားကို ရှာဖွေခြင်းနှင့် စနစ်ကို ဖန်တီးခြင်း တို့ဖြစ်သည်။
လူသားတို့၏ သတင်း အချက်အလက် ကွန်ယက်များသည် တမူထူးခြားသော စွမ်းရည် နှစ်ရပ်ကို ထုတ်ဖေါ်လာနေသည်ကို သမိုင်းစဉ်တလျှောက်တွင် တွေ့ခဲ့ရပြီး ဖြစ်သည်။
တဖက်တွင်လည်း အတွေ့အကြုံ မရှိသူတို့ မျှော်လင့်ခဲ့သလို ဆေးဝါး၊ တောရိုင်း တရိစ္ဆာန်ကြီးများ၊ နျူကလီယား ရူပဗေဒ ကဲ့သို့ အကြောင်းအရာများကို အတိအကျ နားလည် သိရှိနိုင်ရန် သတင်းများကို မည်သို့ မည်ပုံ ခံယူ သုံးသပ် စစ်ဆေးသွားရမည် ဆိုသည် ကိုကွန်ယက်များက လေ့လာသိရှိခဲ့ကြသည်။ တချိန်တည်း မှာပင် ပို၍ များပြားလာ နေသော လူများ အကြား ပိုမို ခိုင်မာသည့် လူနေမှု စနစ် တရပ်ကို ထိန်းသိမ်းထားနိုင်ရန် သတင်း အချက်အလက်များကို မည်သို့မည်ပုံ အသုံးချရမည် ဆိုသည်ကိုလည်း ကွန်ယက်များက လေ့လာသင်ယူခဲ့ကြသည်။ ဤနေရာတွင် အဖြစ်မှန်များ ကိာ သာမက ၊တီထွင် ဖန်တီး မှု များ၊ စိတ်ကူးယဉ်မှုများ၊ ဝါဒ ဖြန့်မှုများ၊ ဗြောင်ကျကျ လိမ်ညာမှု များကိုပါ အသုံးချရကောင်းမှန်း သိလာကြသည်။
သတင်း အချက်အလက် ဆိုသည်က အမှန်တရား၊ ထိုမှတဆင့် အသိလိမ္မာ နှင့် အာဏာ ဟူ၍ ခွဲဖြာ ထွက်လာသည်။
အတွေ့အကြုံ မရှိသူတို့၏ အမြင်တွင် မူကား သတင်းအချက် အလက် ဟူသည်ကား အမှန်တရားနှင့် စနစ်ဟူ၍ ခွဲဖြာ ထွက်သွားပြီး နောက်မှသာ အသိလိမ္မာ နှင့် အာဏာဟူ၍ ထပ်မံ ခွဲထွက်သွားသည်။
သတင်း အချက်အလက် အများကြီးရှိယုံဖြင့် အမှန်တရားကို ဖြစ်စေ၊ စနစ်တရပ်ကို ဖြစ်စေ ပေါ်ထွက်လာမည်ဟု အာမခံနိုင်မည် မဟုတ်ပေ။ သတင်းအချက် အလက်ကို သုံး၍ အမှန်တရားကို ရှာဖွေ ဖေါ်ထုတ်ရန်၊ တချိန်တည်းမှာပင် စနစ်တရပ်ကို ထိန်းသိမ်းထားနိုင်ရန် ဆိုသည်က ခက်ခဲသော လုပ်ငန်းစဉ် တရပ်လည်း ဖြစ်သည်။
အမေရိကန် ဖွဲ့စည်းပုံကို ကြည့်မည်ဆိုလျင် စိတ်ကူး ဇာတ်လမ်း များသည် ၎င်းတို့၏ စိတ်ကူးယဉ် ဆန်မှု ကို တခါတရံ တွင် ကိုယ်တိုင် အသိအမှတ် ပြုထားသော်လည်း အများအားဖြင့် ငြင်းဆိုခဲ့ကြသည်။
ဥပမာ အားဖြင့် ဘာသာရေးကို ကြည့်မည်ဆိုလျင် လူသားတို့က တီထွင်သည် ဆိုခြင်းထက် ဓမ္မဓိဋ္ဌာန် ကျပြီး ထာဝရ အမှန်တရား အဖြစ် အမြဲလို ပြောဆိုခဲ့ကြသည်။
ထိုသို့သော အကြောင်းအရာမျိုး တွင် အမှန်တရားကို ရှာဖွေ ဖေါ်ထုတ်ခြင်းမျိုးသည် လူမှုစနစ် တရပ်လုံးကို ခြိမ်းခြောက်ရာ ကျနေသည်။
လူအဖွဲ့အစည်း အတော်များများသည် အဖွဲ့အစည်းဝင်များအား ၎င်းတို့၏ မူလ ဘူတ ကို မသိဖို့ လိုအပ်သည်ဟု ယူဆထားကြသည်။ ထိုသို့ အသိအမြင်မဲ့မှု သည် အင်အား တရပ် ဖြစ်သည်။
လူများသည် အမှန်တရား ကို သိမြင်ဖို့ နီးစပ်လာပြီး စိတ်မသက်မသာ ဖြစ်လာသည့် အခါ ဘာတွေ ဖြစ်လာနိုင်မည်နည်း။ ထိုသတင်းအချက်အလက်များ၏ အစိတ်အပိုင်း ငယ်လေးတခုက ကမ္ဘာကြီး နှင့် ပတ်သက်၍ အရေးပါသော အချက်ကို ထုတ်ဖေါ်ပြ နိုင်ခဲ့ပြီး ၎င်းတို့၏ မြင့်မြတ်သည်ဟု ယူဆထားသော လိမ်လည်မှု ကို အားပျော့သွားမည် ဆိုလျင်ကော ဘာတွေ ဖြစ်လာနိုင်မည်နည်း။
ထိုအခါမျိုး တွင် လူ့ အဖွဲ့အစည်းများသည် ၎င်းတို့၏ စနစ်ကို ထိန်းသိမ်း ထားနိုင်ရန် အလို့ငှာ အမှန်တရား ရှာဖွေမှု လုပ်ငန်းစဉ်များကို ကန့်သတ်လာကြပေလိမ့်မည်။
အထင်ရှားဆုံး နမူနာ တခုသည်ကား ဒါဝင်၏ ဆင့်ကဲပြောင်းလဲမှု ဆိုသည့် အီဗော်လူးရှင်း သီအိုရီ ပင် ဖြစ်သည်။ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ကို နားလည် ခြင်းဖြင့် ကျွနုပ်တို့ အဖို့ လူသားများ အပါအဝင်သက်ရှိ မျိုးစိတ်များ၏ ရုပ်ပိုင်း ဆိုင်ရာ မူလ အစ နှင့် ဇီဝ ကမ္မဆိုင်ရာ များ အား နားလည်ထားမှု ကို မြင့်မားလာစေသည်။ တဖက်တွင်လည်း လူ့အဖွဲ့အစည်း အများအပြား ရှိ စနစ်ကို ထိန်းသိမ်းရန် အဓိက ကျသည့် စိတ်ကူးယဉ် ဒဏ္ဍာရီ များ ပြိုလဲသွား နိုင်သည်။ ထို့အတွက်ကြောင့်လည်း အစိုးရ အများအပြား နှင့် ခရစ်ယာန် ကျောင်းတိုက်များက ဆင့်ကဲ ဖြစ်စဉ် သင်ကြားမှု ကို ဖျက်ဆီးခြင်း၊ ကန့်သတ်ခြင်း တို့ ပြုလုပ်လာကြခြင်း ပင် ဖြစ်သည်။ ယင်းသည် စနစ်ကို ထိန်းသိမ်းနိုင်ရေး အတွက် အမှန်တရားကို စွန့်ပစ်ခဲ့ကြခြင်းလည်း ဖြစ်ပေသည်။