မင်းအောင်လှိုင် သည် ၎င်း၏ ရွေးကောက်ပွဲ အား လုပ်မည် တကဲကဲ လေသံပစ်လာ၍ ပြည်တွင်း ပြည်ပတွင် ပြင်းထန် သော ဝေဖန် ရှုတ်ချ မှု များ ထွက် ပေါ်လာချိန်တွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း ကိုယ်စားလှယ် များ ရှေ့မှောက်တွင် ငြိမ်းချမ်းရေး ဖိုရမ် ဆိုကာ တခမ်းတနား ခေါ်ယူ ကျင်းပလာခဲ့သည်။
တရုတ် အထူး သံကြီး တိန်ရင်ချွန်း နှင့် အတူ တက်ရောက်လာသူများကလည်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားခြင်း မရှိ သော်လည်း ၎င်းတို့နှင့် သေနတ်တချက်မှ ဖေါက်ဖူးခြင်း မရှိသည့် ဝ ၊ NDAA နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံ ရေး ပါတီများ၊ ၎င်းတို့ လက်အောက်ခံ အရပ်ဖက် အဖွဲ့အစည်း များ သာ ပါဝင်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မျိုး ဖြစ်နေသည်။
လာမည့် ရွေးကောက်ပွဲ အောင်မြင်ရေးသည် နိုင်ငံ တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေး ရရှိလာရေး အပေါ် တည်မှီနေ၍ အားလုံး လက်နက်စွန့်ပြီး ရွေးကောက်ပွဲ ဝင်ကြဖို့ အောင်နိုင်နေသူ ပမာ ပြောဆို နေပြန်သည်။ သို့သော် ရွေးကောက်ပွဲ တွင် အနိုင်ရသူ ကို အာဏာလွှဲပြီး ၎င်းတို့ စစ်တန်းလျား ပြန်မည်ဆိုသည်နှင့် ပတ်သက်၍ စကားတလုံးမှ မဟပေ။
မည်သူပင် အနိုင်ရစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ၎င်းတို့ လက်အောက်တွင်သာ ရပ်တည်ရမည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။ ကြာသပတေးနေ့တွင် ဖိုရမ် တက်ရောက်သူ များက ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စည်းဝါး ရိုက်ရန် တံခါးပိတ် စည်းဝေး ကြသည်ဟု ဧရာဝတီ သတင်းကဆိုသည်။
မင်းအောင်လှိုင် နှင့် အဖွဲ့က ရုပ်သေးများကို ပွဲထုတ်ပြီး သူခိုးက လူဟစ်သည့် ငြိမ်းချမ်းရေး စကား တွင်တွင် ဟစ်ကြွေးလာခြင်းသာ ဖြစ်သည်။
မင်းအောင်လှိုင် နှင့် စစ်အုပ်စုသည် ဘီဂျင်းရေးပေးသော ဇတ်ညွှန်း အတိုင်း ကပြ အသုံးတော် ခံနေရသော်လည်း ၎င်းတို့၏ ရွေးကောက်ပွဲသည် လူ ရီစရာ ကြီး ဖြစ်နေသည် ကို ကောင်းစွာ သိထားပြီးလည်း ဖြစ်သည်။
ယခု အချိန်အထိလည်း ရွေးကောက်ပွဲ ရက်ကို အတိအကျ မသတ်မှတ် နိုင်သေးသည် သာ မက နိုင်ငံရေး ပါတီများအတွက် မဲဆွယ်ကာလ ပင် သတ်မှတ် ပေးနိုင်ခြင်း မရှိပေ၊ တကယ်တမ်းတွင် နိုင်ငံရေး ပါတီများက မဲဆွယ်စရာလည်း မလိုလှပေ။ ထွက်ပေါ်လာမည့် ရလဒ်က ၎င်းတို့ လက်ထဲတွင် ရှိနေပြီး ဖြစ်၍ စိတ်တော်သိ ဗောင်းတော်ငြိမ့် အလုပ်နိုင်ဆုံးဟု ယူဆခံရသူများသာ လွှတ်တော်ထဲ ဝင်ခွင့် ပေးမည်သာ ဖြစ်သည်။
မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ကုလ လူ့အခွင့် အရေး တာဝန်ခံ တွန် အင်ဒရူးမှ ဂျီနီဗာ တွင် ဗုဒ္ဓဟူးနေ့က သတင်းထောက်များအား စစ်အုပ်စု၏ ရွေးကောက်ပွဲသည် ပြည်ပမှ အသိအမှတ် ပြုခံရရေး သက်သက် ပြုလုပ်မည့် ရွေးကောက်ပွဲ မျိုး ဖြစ်၍ လိမ်ညာလှည့်ဖျား နေခြင်းသာ ဖြစ်သည် ပြောဆိုသွားခဲ့သည်။
စစ်တပ် အုပ်ချုပ်မှု အောက်တွင် ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မည်ဆိုသည်ကပင် ရယ်စရာ ကောင်းနေရသည်ဟု ဆိုသည်။
အတိုက်အခံ လုပ်သူ ၂၂,၀၀၀ ခန့် ဖမ်းဆီး နှိပ်စက် အကျဉ်းချထားပြီး အမှန်ကို အမှန် အတိုင်း သတင်း ရေးသား အစီရင်ခံခြင်း၊ ၎င်းတို့အား ဝေဖန် ပြောဆိုမှုများကို ပင် တရားမဝင်ဟု သတ်မှတ်ထားသူများက ဦးဆောင်လုပ်မည့် ရွေးကောက်ပွဲမျိုးဟုလည်း မှတ်ချက်ချသွားခဲ့သည်။ ယခုအချိန်ထိ သတင်းသမား အနည်းဆုံး ၆၀ ခန့် အကျဉ်းထောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ဆုတောင်း ဖေ့စ်ဘုတ် ပေါ်တွင် ရေးသားခဲ့သည့် အမျိုးသမီး တဦးအား ဖမ်းဆီးခဲ့မှု ကို နမူနာ အဖြစ် ထုတ်ပြ သွားခဲ့သည်။
မင်းအောင်လှိုင် ကိုယ်တိုင်ပင် နိုင်ငံတကာ မှ နာမည်ပျက် စာရင်းသွင်းကာ ပိတ်ဆို့ဒဏ်ခတ်ခံရထားသည့် အပြင် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး ၏ ရှေ့နေ့ချုပ်ကပင် ၎င်း ကျုးလွန်ထားသော ပြစ်မှု များ အတွက် ဖမ်းဝရမ်း ထုတ်ပေးရန် ရုံးတော်သို့ တင်ပြ တောင်းဆိုထားပြီး ဖြစ်သည်။
မင်းအောင်လှိုင် မှ ဘဲလာရုစ် တွင် အနောက်တိုင်း၏ စီးပွားရေး ပိတ်ဆို့မှုများ အား ယခင် ကဒါဖီ နှင့် ဆက်ဒမ် ဟူစိန် တို့၏ ကိုယ်စားလှယ်များ ပြောဆိုသည့် လေသံ အတိုင်း တသွေမတိမ်း ပြောဆို ရှုတ်ချနေချိန်တွင် ၎င်းရှိရာနှင့် မဝေးကွာလှသော ဂျီနီဗာ တွင် ကုလ လူ့အခွင့် အရေး မဟာမင်းကြီး ဗော်ကာ တပ်ခ် မှ နိုင်ငံတွင်း ဖြစ်ပျက်နေမှု များ နှင့် ၎င်းတို့၏ လုပ်ရပ်များကို ကျင်းပဆဲ ညီလာခံတွင်အကျယ်တဝင့် တင်ပြပြောဆိုသွားခဲ့သည်။ မြန်မာ ပြည်သူများ၏ ခံနိုင်ရည် စွမ်းအား နှင့် သတ္တိကိုလည်း ရှင်းလင်း ပြောဆိုသွားခဲ့သည်။
၎င်းတို့အား တာဝန်ခံမှု နှင့် တရားဥပဒေ နှင့် အညီ အရေး ယူနိုင်ရေးသည် ငြိမ်းချမ်းသာယာပြီး အားလုံး ပါဝင်နိုင်မည့် အနာဂတ် မြန်မာနိုင်ငံ ပေါ်ထွန်းရေး အတွက် လွန်စွာ အရေးကြီးကြောင်း လည်း ထည့်သွင်း ပြောဆိုသွားသည်။ လုံခြုံရေး ကောင်စီအားလည်း ၎င်းတို့ အမှုတွဲအား နိုင်ငံတကာ ရာဇဝတ် တရားရုံးသို့ လွှဲပြောင်းပေးရန်လည်း တိုက်တွန်းသွားသည်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းမှ R2P ဆိုင်ရာ နှစ်ပတ်လည် ညီလာခံ တွင် မြန်မာ ပြည်တွင် စစ်အုပ်စု လက်ချက်ဖြင့် သေဆုံးသူ စုစုပေါင်း ၆,၈၀၀ ကျော် သွားပြီ ဖြစ်၍ R2P ၏ မြင့်မြတ်သော တာဝန်ခံချက်များ ကို လိုက်နာ အကောင်အထည် ဖေါ်ပေးရန် နယူးယောက်ရှိ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ စင်မြင့် ပေါ် မှ နေ၍ တောင်းဆိုသွားခဲ့သည်။
ပုံတွင် ၎င်းတို့ ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပနေရာ နေပြည်တော်မှ မိုင် ၂၅၀ ကျော် အကွာတွင် ရှိသည့် ကျောက်မဲ မြို့အား အင်္ဂါနေ့က ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချ တိုက်ခိုက်ခံရပြီး မြင်ကွင်းကို တွေ့နိုင်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!