စစ်အုပ်စု မှ ထင်မှတ် မထားဘဲ ၎င်းတို့ ပိုင် မီဒီယာ များမှ တဆင့် "လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ဥပဒေ ဘောင် အတွင်း တရားဝင် ရပ်တည်ပြီး အစိုးရ နှင့် တရားဝင် လက်တွဲလုပ်ဆောင်သွား မည် ဆိုလျင် မိမိတို့မှ လက်ခံ ကြိုဆိုမည် ဖြစ်ကြောင်း" ထုတ်ပြန်လာခဲ့သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ မှ "၎င်းတို့ အာဏာ တည်မြဲ ရေး ရည်ရွယ်လုပ်ဆောင်နေသည့် ရွေးကောက်ပွဲ တရားဝင် ဖြစ်စေရန် လိမ်ညာလှည့်ဖျားလာသည့် မဟာဗျူဟာ သာ ဖြစ်ကြောင်း နှင့် တော်လှန်ရေး အား သွေးခွဲ ပြီး အင်အားချိနဲ့သွားစေရန်" သာ ဖြစ်သည် ဆိုကာ ပယ်ချလိုက်သည်။
စစ်အုပ်စု ပြုလုပ်ပေးသော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ် မပြုယုံ တင်မက သေး ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ လွှတ်တော်ကိုယ်စားလှယ်များ အား နိုင်ငံရေး ဆက်မလုပ်တော့ပါဟု ခံဝန်ချက် ထိုးခိုင်းခြင်း၊ ဖမ်းဆီး ထောင်ချခြင်း၊ နယ်စပ်သို့ ထွက်ပြေး တိမ်း ရှောင်သွားကြခြင်း အစရှိသည့် ဖြစ်ရပ်များက ၎င်းတို့နောက်ပိုင်း မည်သို့ ပြုလုပ်မည် ဆိုသည်ကို သက်သေခံနေပြီ ဖြစ်သည်။
၎င်းတို့၏ ကမ်းလှမ်းချက်သည်လည်း လူထု တရပ်လုံး မမေ့နိုင် ဖြစ်နေရသည့် 7 July အရေးအခင်းကြီး နှစ်ပတ်လည် နား နီး နေခိုက်ဖြစ်၍ အနာဟောင်းကို ဆွပေးလိုက်သလို ဖြစ်ခဲ့ရသည်။
ပြည်သူများ ဖက်ကလည်း ၎င်းတို့ ရှိနေသရွေ့ စစ်မှန်သော ငြိမ်းချမ်းရေး နှင့် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ထွန်းလာမည် မဟုတ်ဆိုသည် နှင့် ၎င်းတို့၏ လက်ဝေခံ USDP ကို ပြန်လည် တင်မြှောက် နိုင်ရန် အတွက် ဖြစ်သည်ကို သိရှိထားကြပြီး ဖြစ်သည်။
ထိုသို့ လူထု ၏ အယုံအကြည် မဲ့နေမှု ကို သိထားပြီးလည်း ဖြစ်၍ မဲ မပေး မနေရ ဥပဒေမျိုး ပြဋ္ဌာန်းလာဖွယ် ရှိနေသည်။
၎င်းတို့၏ ရွေးကောက်ပွဲ အား နိုင်ငံတကာ မှ လေးစား အသိအမှတ် ပြုထားသည့် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များက ယုံကြည်လောက်စရာ မရှိ ဆိုကာ ပယ်ချခဲ့ပြီး ဖြစ်သည်။
အခြေအနေ မကောင်း ဖြစ်လာနေသည် ကို ရိပ်စားမိသော တရုတ် အစိုးရ ၏ တိုက်တွန်းချက်အရသာ ယခုလို စိတ်မပါ လက်မပါ ဖြင့် လုပ်လာခြင်းလည်း ဖြစ်ပုံရသည်။
စစ်အုပ်စု အဖို့က တရုတ် အား အပူကပ်ကာ ဆုံးရှုံးကဲ့သို့ ဆုံးရှူံးသွားသော နယ်မြေများ ပြန်ရဖို့၊ တော်လှန်ရေး အင်အားစု များ အား သွေးခွဲဖို့ ဆိုသည်များ သာ လုပ်နိုင်စွမ်း ရှိနေသည့် အချိန်လည်း ဖြစ်သည်။
ဘီဂျင်းသည် တဖက်တွင် ၎င်းတို့ အသက်ရှု ပေါက် ရစေရန် TNLA နှင့် အပစ်အခတ် ရပ်စဲရေး အတွက် ကြားဝင် စေ့ဆပ်ပေးနေသော်လည်း နောင်ချိုကို မဖြစ်မနေ ခုခံ ကာကွယ်သွားမည်ဟု ပြောခွင့်ရ လွေးရေဦး မှ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။ စစ်အုပ်စု မှ မည်မျှပင် လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက်နေသော်ငြားလည်း ၎င်းတို့ ပြန်လိုချင်နေသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် မိုးမိတ်မြို့များ တလက်မ ပင် ပြန်၍ သိမ်းယူ နိုင်စွမ်း မရှိသေးပေ။
NUG ဖက်မှ လာသော သတင်းများအရ စစ်အုပ်စု မှ TNLA အား သဲကြီး မဲကြီး တိုက်ခိုက်နေ၍ MDY-PDF များ အဖို့ လက်နက်ခဲယမ်း စီးဝင်မှု ရပ်တန့်နေ၍ လက်ရှိ ရရှိထားသော နယ်မြေများကို သာ ခုခံနေရသည်ဟု သိရသည်၊ သို့သော် ကိုးကန့် ဖက်တွင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ပြန်ပွင့်သွားပြီ ဖြစ်၍ MNDAA သည် လက်နက်များ ထုတ်လုပ်ရန် ကုန်ကြမ်းများ ပြန်လည် ရရှိနေပြီ ဟုလည်း သိရသည်။
ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များအားလည်း NUG တိုက်ရိုက် လက်အောက်ခံ PDF ၊ တိုင်းရင်းသား တပ်ဖွဲ့ များ လက်အောက်ခံ PDF၊ BPLA ကဲ့သို့ သီးခြား ရပ်တည်နေသူ များ ဆိုကာ သုံးပိုင်းခွဲ၍ မဟာဗျူဟာ ပိုင်း အရ ဆက်ဆံပြီး ရွေးကောက်ပွဲ မတိုင်မီ အခြေအနေများ ပြောင်းသွားရန် ထိုးစစ်ကြီး ဆင်နွှဲ သွားမည်ဟု လည်း သိရသည်။
မြေငလျင် ဒဏ်ကြောင့် တိုင်းပြည်ထုတ်ကုန် စုစုပေါင်း၏ ၁၄ ရာနှုန်းခန့် ဆုံးရှုံးသွားသော်လည်း ပြန်လည် နာလံထူလာမည့် အရိပ်အယောင် မတွေ့ရသေးသည့် အပြင် ငွေကြေး ဖေါင်းပွမှုနှုန်းသည် ၃၄.၁ ရာနှုန်း ဖြစ်လာနေသည်ဟု စီးပွားရေး ပညာရှင် ကင် အက်ဒွပ် က ဆိုသည်။
စစ်တွေ နှင့် ကျောက်ဖြူအားလည်း စစ်အုပ်စု မှကုန်သွယ်ရေးလမ်းကြောင်း များ ပိတ်ဆို့ထား၍ မြို့ခံများ စားရေ ရိက္ခာများ ပြတ်လတ်နေပြီး ငါးဆယ် ကီလို ဆန်တအိတ် သည် ကျပ် ငါးသိန်းအထိ ပေါက်နေသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။
အင်ဒိုနီရှား နှင့် သံခင်းတမန်ခင်း အငြင်းပွားမှု ဖြစ်ပွားနေသည်။ ၎င်းတို့ ၏ ဆိုရှယ် မီဒီယာ တွင် ထင်ရှား ကျော်ကြားသူ တဦး ဖြစ်သည့် နိုင်ငံသား တဦးအား နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှု၊ လက်နက်ကိုင် အဖွဲ့များ နှင့် တွေ့ဆုံခဲ့မှုများ ဖြင့် ဒီဇင်ဘာ ၂၀ ရက် နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန် ထောင်တွင် ထောင် ခုနှစ် နှစ် အကျဉ်းချ ခံနေရမှု မှ စတင်ခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီရှား လွှတ်တော် ဒုဥက္ကဌ ဆပ်ဖ်မီ ဒါစ်ကို အာမက် မှ သံတမန် နည်းလမ်းအရ မအောင်မြင်လျင် စစ်ရေး နည်းလမ်းဖြင့် ကယ်ထုတ်ရန်ပင် လူသိရှင်ကြား ပြောဆိုလာသည် အထိ ဖြစ်လာသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!