ရွေးကောက်ပွဲ နှင့် အညံ့စား နိုင်ငံရေး သမားများ

by Hla Soewai - Jul 09 2025

ပြည်သူက ရွေးချယ် တင်မြှောက်ထားခြင်းလည်း မရှိ၊ လက်နက်အားကိုး ဖြင့် ၎င်းကိုယ်၎င်း ဝန်ကြီးချုပ် ဆိုကာ မင်းအောင်လှိုင်သည် ဘဲလာရုစ် မြို့တော် မင့်စ်သို့ ‌၎င်း၏ ကိုယ်ပိုင် လေယာဉ် ကြီး ဖြင့် ဆိုက်ရောက်လာပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် မေလ အတွင်း ဘဲလာရုစ်သို့ ရောက်စဉ် က ရွေးကောက်ပွဲ ကို ယခုနှစ် ဒီဇင်ဘာလ အကုန် နှင့် ဇန်နဝါရီ အစ ပိုင်း တွင် ပြုလုပ်သွားမည်ဟု ပထမဆုံး အကြိမ် ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ကြီး ကို ထောက်ခံအားပေးနေသည့် ဒီမိုကရေစီ အပေါင်းအပါများက ရုရှား၊ ဘဲလာရုစ် နှင့် တရုတ် ကွန်မြူနစ် ပါတီ တို့ ဖြစ်နေခြင်းကပင် နိုင်ငံတကာ အဖို့ ပျက်လုံးကြီးသဖွယ် ဖြစ်လာနေသည်။

 

ယူရေးရှား ရီဗြူး တွင် ဆောင်းပါးရှင် Dr. Azeem Ibrahim က ‌၎င်း၏ ရွေးကောက်ပွဲ ဆိုသည်က ဒီမိုကရေစီ အနှစ်သာရ များ ကင်းမဲ့နေပြီး ပြည်တွင်း ပြည်ပ ကို လှည့်စားရန်၊ ၎င်းတို့ အာဏာ ပိုမို ဆုပ်ကိုင် သွားနိုင်ရေး အတွက် အချိန်ရရန် သက်သက်သာ ဖြစ်၍ ကမ္ဘာကြီးသည် ၎င်းတို့၏ လှည့်ကွက်ထဲ အဝင်မခံဖို့ လိုသည်ဟု ရေးသား သတိပေးလာခဲ့သည်။

 

အတိုက်အခံ များကို အသံတိတ်အောင် လုပ်ထားပြီး မာရှယ်လော အောက်တွင် လုပ်မည့် ရွေးကောက်ပွဲ၊ ပြည်သူတို့၏ လွတ်လပ်ခွင့် အဝဝ ကို ဟန့်တားထားသည့် အခြေအနေမျိုး နှင့် ပြုလုပ်မည့် ရွေးကောက်ပွဲသည် အဘယ်သို့များ လွတ်လပ်၍ တရားမျှ တမှု ရှိပေမည်နည်း။ ထို့ပြင် နေရာကွက်၍ ပြီးစလွယ်လုပ်မည့် ရွေးကောက်ပွဲမျိုး ဖြစ်နေပြန်သည်။

 

ကမ္ဘာကြီးသည် စစ်ကောင်စီ ကပြ အသုံးတော်ခံမည့် ရွေးကောက်ပွဲ ပြဇာတ်ကြီးကို မ်န်းမော မနေသင့်၊ မြန်မာ ပြည်သူများနှင့် ထိုက်တန်သော အစစ်အမှန် ရွေးချယ်ခွင့် ကို ပေးသင့်လှသည်။ ဒီမိုကရေစီ အဆောင်အယောင်များ ဝတ်စားပြီး ကပြ အသုံးတော် ခံလာမည့် စစ်အုပ်ချုပ်ရေး ဇာတ်လမ်း ၏ အခန်းဆက် မျိုး ကို ဆက်၍ ခွင့်မပြုသင့် တော့ဟု ဆောင်းပါးရှင်က ဆိုသည်။

 

လူတို့၏ ဆင်ခြင်တုံတရား ပျက်စီးလုနီးပါး ဖြစ်ကုန်ပြီလော ဟု ထင်ရလောက်အောင် ထိုကဲ့သို့ ရွေးကောက်ပွဲ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်မည့် အညံ့စား နိုင်ငံရေးသမား များ ထွက်ပေါ်လာပြန်သည်။

 

နိုင်ငံရေး ဆိုသည်က နေလုံးကြီးအောက်တွင်ဖြစ်ပျက်နေသည် အရာရာတိုင်းနှင့် သက်ဆိုင်သည်ဟု ‌ဆိုစမှတ် ပြုခဲ့ကြသည်။ အင်္ဂလိပ် ဝေါဟာရ ဖြစ်သော politics ဆိုသည်ကလည်း အရစွတိုတယ် ၏ ကျမ်းလာ ဂရိ ဘာသာ စကား ဖြစ်သည့် politika (မြို့ပြအရေးအရာများ) ဆိုသည့်စကားမှ ဆင်းသက်လာခြင်း ဖြစ်သည်။

 

နိုင်ငံရေးကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုရာတွင် မိမိသဘောအကျဆုံးသည်က အမေရိကန် နိုင်ငံရေး သိပ္ပံပညာရှင်ကြီး ဒေးဗစ် အိစတန် ဆိုသူပင် ဖြစ်သည်။ ၎င်းက နိုင်ငံရေးဆိုသည်မှာ လူ့ဘောင် အဖွဲ့အစည်းအတွက်တန်ဖိုးရှိရာ ရှိကြောင်းများကို အာဏာဖြင့်ခွဲဝေ လျာထားပေးရခြင်း ဟု ဆိုသည်။

 

ထိုသို့ လူ့ဘောင် အကျိုးရှိရာ ရှိကြောင်းဆောင်ကျဉ်းနိုင်ဖို့ အရေးသည် လုပ်ပိုင်ခွင့်အာဏာ လက်ဝယ်ရှိမှ ဖြစ်မည်။ ထိုလုပ်ငန်းစဉ်က နိုင်ငံရေးပင် မဟုတ်ပါလော။

 

နိုင်ငံ‌အရေး ကို လုပ်ဆောင်လျက် ရှိကြသူများထဲတွင် နှစ်မျိုး နှစ်စားသာ ရှိသည်။ တမျိုးကထိတ်တန်း နိုင်ငံရေးသမားများ ဖြစ်ပြီး တမျိူးက အညံ့စား နိုင်ငံရေး သမားများ ဖြစ်သည်။

 

ထိတ်တန်းနိုင်ငံရေးသမားများက နိုင်ငံ အကျိုး ကို သယ်ပိုးလိုစိတ်နှင့် ကျရာနေရာမှဝင်ရောက်လုပ်ကိုင်နေကြသူများဖြစ်သည်။သူတို့အကြောင်းကို အကျယ်တဝင့် မပြောလို။

 

ပြောလိုသည်က နိုင်ငံတွင်း ပေါများလှသောအ ညံ့စား နိုင်ငံရေး သမားများ အကြောင်းပင် ဖြစ်သည်။ 

 

အံ့ဩ‌ဖို့ ကောင်းနေရသည်က အဆိုပါ နိုင်ငံရေး သမားများသည် လူထုကို ပလီပလာ စကားများ၊ ဟုတ်သည် မဟုတ်သည် အပထားစိတ်ဓါတ်တက်ကြွဖွယ် စကားများ ပြော‌ဆိုစ ည်းရုံးကြခြင်း မရှိသည်ကိုပင် ဖြစ်သည်။ ပြောစရာလည်း မလိုအပ်၍ ဖြစ်သည်၊ ၎င်းတို့ ၏ အစစ်အမှန် ရွေးကောက်ပွဲ ပလက်ဖောင်းကပင် လူထုနှင့် ဆန့်ကျင်ဖက်တွင် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော စစ်တပ်ကို ဗြောင်ကျကျ ထောက်ခံရေးပင် ဖြစ်သည်။

 

အဘယ့်ကြောင့်နည်း။

 

၎င်းတို့က ဒီမိုကရေစီ နည်းလမ်းဖြင့် အာဏာကို မည်သည့်နည်းနှင့်မျှ ရနိုင်စရာ အကြောင်းမရှိ ဆိုသည်ကို သိထားကြ၍ ဖြစ်သည်။

 

ထိုသို့သော လူများက လူထုကို အထင်သေးစွာ ဆက်ဆံ‌ နေကြခြင်းပင် ဖြစ်သည်။ ပြည်သူများ အဖို့ ကလည်း အဆိုးထဲက အကောင်းထွက်လာရသည်က အမျိုးသား သစ္စာဖေါက်များကို မျက်ဝါးထင်ထင် ‌တွေ့မြင်သိရှိခွင့် ရလိုက်ခြင်းပင် ဖြစ်သည်။

 

အာဏာရှင်များသည် လူထုအား အကြောက်တရားများ၊ လိမ်လည်လှည့်ဖျားမှု များ၊ တဦး နှင့် တဦး ညီညွတ်ခြင်း မရှိအောင် ရန်တိုက်ပေးမှုများ ဖြင့် အာဏာသို့ တက်လှမ်းလာခဲ့ကြစမြဲ ဖြစ်သည်။ အာဏာရှင်များသည် ၎င်းတို့ အာဏာ တည်မြဲစေရန် ဒီအတိုင်း တော့ နေ၍ မရ၊ ၎င်းတို့အား ဆန့်ကျင်သူများကို နှိပ်စက် သတ်ဖြတ် ကွပ်မျက် ခြင်းများ ကျုးလွန်ခဲ့ခြင်း ဖြင့် ရှင်သန်ခဲ့ကြရသည်။ ထိုသို့ ကျုးလွန်ခဲ့ကြသူများ သည် ကံကြမ္မာ၏ ဒဏ်ခတ်ခြင်းကို လည်စင်းခံရစမြဲ ဖြစ်သည်၊ ထိုနေ့သည် မလွဲမသွေ အနှေး နှင့် အမြန်ဆိုသလို ရောက်လာ ပေ တော့မည်။

 

ထိုအခါတွင်တော့ ၎င်းတို့နှင့် ကြံရာပါ လက်ပါးစေများ အဖြစ် အသုံးတော် ခံခဲ့ကြသူများသည် သမိုင်း၏ ပြစ်တင် ရှုတ်ချခြင်း ခံကြရပေ တော့မည်။ လူများ၏ ဝိုင်းပယ်ခြင်းလည်းခံကြရ ပေတော့မည်၊ ထိုသို့ ကြုံလာရမည့် အရေးကိုလည်း မှုရကောင်းမှန်းမသိ၊ ယခူအခါ လူထု က ၎င်းတို့အား မစင်ပုံထဲက လောက် များသဖွယ် ယူဆနေကြပြီ ဖြစ်သည်။

 

အညံ့စား နိုင်ငံရေး သမားများကတော့ ၁၉၄၉ အင်းစိန်တိုက်ပွဲ၊ ပဲခူးရိုးမမှ ဗမာပြည် ကွန်မြူနစ် ပါတီ တပ်များကို တိုက်ထုတ်နိုင်ခဲ့မှု၊ တရုတ်ဖြူ စစ်ဆင်ရေး များ ဖြင့် ဆက်၍ စိတ်ကူးယဉ်နေကြဆဲ ဖြစ်သော မင်းအောင်လှိုင် နှင့် အပေါင်း အပါများသည် လူထု ထောက်ခံမှု အပြည့်အဝရထားသော ပြည်သူ့တော်လှန်ရေး အင်အားစု များကို အဆုံးတွင် ဖြိုခွင်းနိုင်ကြလိမ့်မည်ဟု ကိုယ်လိုရာ ဆွဲကာ ယစ်မူးနေကြဆဲ ဖြစ်သည်။

 

ပန်း ပန်သည်ကိုပင် “ဥပဒေနှင့် အညီ” ဖမ်းဆီး ခဲ့သည်ဟု ပြောလာသော အဖွဲ့၏ ရွေးကောက်ပွဲ ကို ဝင်ရန် လူရွေး ဇာတ်တိုက် နေကြပြီ ဖြစ်သည်။

 

၎င်းတို့ အားလုံး စုံစမ်းရေး ကော်မရှင် လိုမျိုး ပြည်သူ့ တရားခွင်တွင် မျက်ရည်လည်ရွှဲ ထွက်ဆိုနေကြမည့် အဖြစ်ကို ကြည့်ရမည်ဆိုက မည်မျှ အထိ ချိုမြိန်လှပေမည်နည်း၊ ထိုအဖြစ်ကို ရောက်အောင် အချိန်ဆို သည့် အရာသာ ကြားတွင် ခံနေသည်။ တော်လှန်ရေးကြီး အမြန် အောင်မြင်ဖို့ လိုအပ်နေသည်။

 

တဖက်တွင်လည်း ၎င်းတို့အား ထိုကဲ့သို့ အဖြစ်မျိုး ရင်ဆိုင်ရနိုင်သည်ဟု အတွေးဖြင့် နေ့စဉ်လို ခြောက်လှန့်နေသည့် သတင်းများကလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။

 

ယခုပင် ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့်စခန်း (၉)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်ရှိ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များက ဇွန်လ (၂၅)ရက်၊ မနက်အစောပိုင်းတွင် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည့် သတင်း ထွက်ပေါ်လာသည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ ရဲအုပ်တစ်ဦး အပါအဝင် စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးရရှိခဲ့သည်။

 

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်အစုံ (၁၆)လက်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

 

"When good people in any country cease their vigilance and struggle, then evil men prevail.

 

Pearl S. Buck

 

မည်သည့်နိုင်ငံ၌မဆို လူကောင်း သူ ကောင်းတို့သည် ၎င်းတို့၏ နိုးကြားမှုနှင့် ရုန်းကန်မှုကို ရပ်ဆိုင်းလိုက်သောအခါ လူဆိုး လူယုတ်တို့ အောင်ပွဲခံကြ စမြဲ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!