ဇူလိုင် ၁ ရက်နေ့သည် ဟောင်ကောင်အား ဗြိတိသျှ တို့ မှ တရုတ် လက်အောက်သို့ လွှဲပြောင်းပေးခဲ့သည်မှာ ၂၃ နှစ် ပြည့် မွေးနေ့လည်း ဖြစ်သည်။ တချိန်တည်းတွင်ပင် ထိုနေ့သည် ဟောင်ကောင်ပြည်သူများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆုံးရှုံးသွားခဲ့ရသည့် နေ့လည်း ဖြစ်လာခဲ့ပေသည်။
ထိုသို့သော နှစ်ပတ်လည် နေ့မျိုးတွင် ဆန္ဒပြပွဲများ ဖြစ်လာမည် စိုး၍လော၊ သို့မဟုတ် တရုတ် ကွန်မြူနစ်ပါတီ ကို လွန်ခဲ့သော ၉၉ နှစ် က လူ ၅၀ ဖြင့် စတင် တည်ထောင်ခဲ့သည့် အထိမ်းအမှတ်ပေလောမသိ၊ တရုတ်တို့က ဟောင်ကောင် အတွက် အမျိုးသား လုံခြုံရေး အက်ဥပဒေ ကို ဇွန်လ ၃၀ ရက်နေ့တွင် အပြီးသတ် အတည်ပြုပြဌာန်းလိုက်ပြီး ထိုနေ့ည ၁၁ နာရီ တွင် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။
သို့သော် တရုတ်တို့ ထင်သလို ဟောင်ကောင် ပြည်သူများက ကြောက်ရွံ့မသွားကြသည့် အပြင် လမ်းများ ပေါ်သို့ ထွက်လာပြီး ၎င်းတို့ ဆန္ဒ တလုံးတပါဒမျှ မပါပဲ အနိုင်ကျင့် ပြဌာန်းလာသည့် ဥပဒေကို ဆန့်ကျင် ဆန္ဒပြလာခဲ့ကြသည်။
ရဲများက ဥပဒေ သည် အသက်ဝင်နေပြီ ဖြစ်ကြောင်း သတိပေးသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ရေပိုက်များ၊ မျက်ရည်ယိုဗုံးများ နှင့် ငရုတ်သီးအရည်များ ဖြင့် ဖြိုခွင်းခဲ့ကြပြီး လူ သုံးရာခန့် ကို ဖမ်းဆီးလိုက်ကြသည်။
ဥပဒေသည် ခွဲထွက်ရန် ဟန့်တားဖို့ ရည်ရွယ်သည် ဆိုပြီး ဟောင်ကောင် အား လွတ်လပ်ရေး ပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ် ကိုင်ဆောင်ထားသူကို ဦးစွာ ဖမ်းဆီး ခဲ့သည်။ ၎င်းနှင့် အခြား လူကိုးဦးအား နိုင်ငံကို ဖျက်လို ဖျက်ဆီး လုပ်ရန် ကြံစည်မှု၊ အကြမ်းဖက်ဝါဒ နှင့် အမျိုးသားလုံခြုံရေး ကို အန္တရာယ် ကျရောက်စေမည့် ပြည်ပ အင်အားစုများ၊ အစိုးရများနှင့် ပူးပေါင်းမှုများအတွက် တသက်တကျွန်းအထိ ထောင်ဒဏ်ကျခံရမည့် ဥပဒေ ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။ အဆိုပါ ဥပဒေသည် ဟောင်ကောင်ရှိ လက်ရှိ ပြဌာန်းထားသော ဥပဒေများ၏ အထက်သို့လည်း ရောက်ရှိသွားခဲ့သည်။ တရုတ် သမ္မတ ရှီကျင့်ဖျင် လက်မှတ်ဖြင့် ထုတ်ပြန်သော ဥပဒေပါ စာသားများကို ဇွန်လ ၃၀ ရက်နေ့ ညပိုင်းတွင် အများသိရှိစေရန် ထုတ်ပြန်ပေးခဲ့သော်လည်း ဟောင်ကောင် အစိုးရ ပြန်တမ်းတွင် ထည့်သွင်းဖို့ပင် အချိန်မရခဲ့ပေ။
ဟောင်ကောင် တရားရုံးများ၏ ဆုံးဖြတ်ချက်ကို ဘီဂျင်း မှ အချိန်မရွေး ပယ်ဖျက် ပြောင်းလဲပိုင်ခွင့်လည်း ရရှိသွားခဲ့သည်။ ထို့အတွက် အမျိုးသား လုံခြုံရေး နှင့် ဆက်နွယ်နေသော အမှုများအား မည်သည့် တရားသူကြီးက ကြားနာ စီရင်မည်၊ မည်သို့ အပြစ်ဒဏ်ချမှတ်မည် ဆိုသည်ကား အရေးမပါတော့ပေ။
ဟောင်ကောင် ရဲအဖွဲ့အား စုံစမ်းစစ်ဆေးခွင့်ပေးထားသော်လည်း လွန်စွာ အရေးပါသော အမှုများအား ပြည်မကြီးရှိ အစိုးရမှ တိုက်ရိုက် ကိုင်တွယ် စစ်ဆေးသွားမည် လည်း ဖြစ်သည်။
အဆိုပါ ဥပဒေအား မပြဌာန်းမီကပင် ဟောင်ကောင် ပြည်တွင်း နိုင်ငံရေး နှင့် နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်လာခဲ့ရပြီ ဖြစ်သည်။ ဇွန်လ ၃၀ ရက်နေ့တွင် ဟောင်ကောင်ရှိ နာမည်ကြီး တက်ကြွလှုပ်ရှားသူ ဂျိုရှုဝါ ဝေါင် သည် ၎င်း၏ အဖွဲ့ငယ် တခု ဖြစ်သော Demosisto အား ဖျက်သိမ်းပြီး တဦးချင်းစီသာ လှုပ်ရှားသွားမည်ဟု ကြေငြာခဲ့သည်။ “ကျွနုပ်အား ဤကျွန်းပေါ်မှ လုံးဝပျောက်ကွယ်အောင် နှင့် အသံတိတ်သွားအောင် မလုပ်နိုင်မချင်း ကျွနုပ် မွေးရပ်မြေ အတွက် ဆက်လက် ကာကွယ်သွားမည်ဖြစ်သည်” ဟု ဖေ့စ်ဘုတ်မှ ကြေငြာခဲ့သည်။ ဟောင်ကောင် လွတ်လပ်ရေး အတွက် ကမ်ပိန်း ဆင်နွဲနေသော အခြား အဖွဲ့ငယ် သုံးဖွဲ့လည်း ဖျက်သိမ်းလိုက်ကြသည်။
အဆိုပါ ဥပဒေသည် တရုတ်မှ နိုင်ငံတကာသို့ ကတိကဝတ်ပြုထားသော “တနိုင်ငံ စနစ် နှစ်မျိုး” ဆိုသည့် တာဝန်ခံထားမှုကို ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု ကမ္ဘာတဝှမ်းမှ ရှုတ်ချ မှုများ ထွက်ပေါ်လာခဲ့သည်။ ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကလည်း တရုတ်တို့၏ လုပ်ရပ်သည် မိမိတို့အား ၁၉၉၇ ခုနှစ်တွင် ပေးခဲ့သော ကတိကို “အထင်ကရ ပြတ်သားစွာ” ပယ်ဖျက်လိုက်ခြင်း သာ ဖြစ်၍ ဟောင်ကောင်ရှိ “ပင်လယ်ရပ်ခြား ဗြိတိန် နိုင်ငံသား British National Overseas (BNO) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ အား နိုင်ငံတွင်း အခြေချခွင့် ပြုမည်ဖြစ်ပြီး နိုင်ငံသား အဖြစ် လျှောက်ထားနိုင်ရန် လမ်းဖွင့်ပေးမည်ဟု ဆိုသည်။
အမေရိကန် အစိုးရကတော့ ဟောင်ကောင်အား ပေးထားသည့် အထူးကုန်သွယ်ခွင့် ရ အဆင့်အတန်းကို ပယ်ဖျက်သွားပြီး တရုတ် နှင့် တန်းတူထား ဆက်ဆံသွားမည်ဟု တုန့်ပြန်လာခဲ့သည်။ “ဘီဂျင်း၏ လုပ်ရပ်သည် နိုင်ငံတနိုင်ငံ စနစ်တမျိုး သာ ဖြစ်၍ မိမိတို့ကလည်း အလားတူ သဘောထားသွားမည်” ဟု နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယို က ထုတ်ဖေါ်ပြောဆိုလိုက်သည်။
တရုတ်တို့ အတွက် အကြီးကျယ်ဆုံး ဆုံးရှုံးသွားမှုကြီးသည်ကား တိုင်ဝမ်တွင် မဆိုသလောက်သာ ရှိနေသည့် ပြည်မကြီးနှင့် ပေါင်းစည်းရန် ဆိုသော အတွေးအခေါ်များသည် လုံးဝ ကွယ်ပျောက်သွားခဲ့ရခြင်းပင် ဖြစ်သည်။
ဟောင်ကောင်အရေး နှင့် ပတ်သက်ပြီး တရုတ် ဗဟိုအစိုးရ ၏ အထက်တန်း အကြံပေး လောဆူကိုင်မှ “ဥပဒေသည် မျောက်များကို ချောက်လှန့်ရန် ကြက်ကို သတ်ပြခြင်း" သာ ဖြစ်ပြီး အားလုံးကို သိမ်းကျုံး အရေးယူရန် မဟုတ်ပဲ ထင်ရှားသော အမှုများကိုသာ ကိုင်တွယ် စီရင်သွားရန် ဖြစ်သည်ဟု ပြောလာခဲ့သည်။ ဤသည်ကပင် ဟောင်ကောင်ကျွန်းတွင် ၎င်းတို့အား ဆန့်ကျင်သူများကို ချေမှုန်းရန် တရုတ် အစိုးရ၏ ရည်ရွယ်ချက်သာ ဖြစ်ပေသည်။ ၎င်းတို့၏ စိတ်ထဲတွင် ဟောင်ကောင် မငြိမ်သက်မှုများကို နောက်ကွယ်မှ လှုံ့ဆော်နေသူ မဆိုသလောက်သာ ရှိနေသည်ဟု ယုံကြည်ထားမှုကို ထင်ဟပ်စေခဲ့သည်။
လက်တွေ့တွင်မူ များပြားလှသော ဟောင်ကောင် ပြည်သူများက မိမိတို့အား ဒူးထောက် အညံ့ခံလာစေရန် ကွန်မြူနစ် ပါတီ၏ ကြိုးပမ်းလာမှုများကို အာခံရန် အဆင်သင့် ဖြစ်လျှက် ရှိနေကြပြီ ဖြစ်သည်။
(ဇူလိုင် ၁ ရက် နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း ပါ Unhappy Birthday အား ကိုးကားသည်)