အရှိန်အဟုန် မြင့်လာနေသော ပြည်တွင်းရှိ စပိန် ကျွဲရိုင်းသတ်ပွဲကြီး

by Hla Soewai - Jul 05 2020

စပိန် ကျွဲရိုင်းသတ်ပွဲများ တွင်matadors ဆိုသူများသည် အနီရောင် ပိတ်စကြီး တကားကား ဖြင့် ကျွဲရိုင်းများကို မြှူဆွယ်လေ့ရှိသည်။ တကယ်တမ်းတွင် ကျွဲရိုင်းများက အရောင် ကို ခွဲခြားနိုင်စွမ်း မရှိပေ။ အနီရောင် ပိတ်စကို သုံးသည်ဆိုခြင်းမှာ သူတို့၏ရှေ့တွင် အရာဝတ္ထုတခု ရွေ့လျားနေသည်ကို ‌သိသာရန် အတွက် ဖြစ်သည်။

အလားတူပင် မိမိတိုင်းပြည်တွင်လည်း အနီရောင် မြင်လျှင် မဲမဲမြင်ရာကိုလိုက် ဝှေ့တတ်သည့် ကစားပွဲကြီးအဖြစ် ဖေ့ဘုတ် ပေါ်တွင် ကျင်းပလျှက် ရှိနေသည်။

မည်သည့် အကြောင်းကိစ္စ ကြီးငယ် မဆို ၎င်းတို့အတွက် အသုံးချစရာ ဖြစ်လာရသည်။ ယခုအခါ ဖားကန့်တွင် မိမိတို့ ဝမ်းရေး အတွက် အသက်ပေးသွားရသော လူငယ်လေးများကိုပင် ခုတုံးလုပ်ကာ နာရီမဆိုင်း အစိုးရအား တိုက်ခိုက်လာကြသည်။ ထိုအထဲတွင် ၂၀၁၅ တုန်းက ကဲ့သို့ ဂုဏ်သိက္ခာ မဲ့သည့် အလုပ်ကို ဗြောင်ကျကျ ကျူးလွန်ခဲ့ဘူးသော သတင်းစာကြီး တစောင်သည်လည်း ထိပ်ဆုံးမှပါလာပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖားကန့်တွင် သေဆုံးမှုနှင့် ပတ်သက်ပြီး ဤသို့ ပြောခဲ့သည်။

"အားလုံးသိကြတဲ့အတိုင်းပဲ ဝမ်းနည်းစွာနဲ့ ဖားကန့်ကိစ္စကို ကြားကြပြီးသားဖြစ်မှာပါ။ ဖားကန့်ကိစ္စဟာ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စဖြစ်တယ်။ တစ်ခုကလည်း ကျမတို့အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲနဲ့ပတ်သက်နေတဲ့ ကိစ္စလည်း ဖြစ်ပြန်တယ်။ ဖားကန့်ကို သွားပြီးကျောက်တူးတယ်ဆိုတာ တော်တော်များက ဝမ်းစာအတွက်၊ အသက်မွေးဝမ်းကျောင်းအတွက်၊ သွားလုပ်တာဖြစ်တယ်။ အခုကွယ်လွန်သွားတဲ့သူတွေထဲမှာဆိုရင် တရားမဝင်တူးနေတဲ့သူတွေလည်း တော်တော်များများပါပါတယ်။ တရားမဝင်သွားပြီးတော့ ကျောက်တူးနေတယ်ဆိုတာဟာ တရားဝင်အလုပ်ရှာဖို့ ခက်ခဲနေတဲ့ အခြေအနေတွေ ကျမတို့နိုင်ငံမှာ အတိုင်းအတာတစ်ခုထိရှိနေတယ်ဆိုတာ ဖော်ပြနေတာပါ။ အဲ့တာကတော့ လက်ခံရမယ့်၊ရင်ဆိုင်ရမယ့်၊ ကိစ္စတစ်ခုဖြစ်ပါတယ်"

သို့သော် အဆိုပါ သတင်းစာကြီးက “သေဆုံးသူများသည် တရားမဝင် အလုပ်လုပ်ကိုင်သူများသာ ဖြစ်” ဟူ၍ ပြောသည်ဟု အရှက်ကင်းမဲ့စွာ ခေါင်းစဉ်တပ်လာခဲ့သည်။

ဖားကန့်တွင် တူးဖေါ်ပြီး ကျင်းများမှ ထွက်လာသော မြေစာပုံများ ပြိုကျလာသဖြင့် အနည်းဆုံး လူပေါင်း ၁၇၂ ဦး သေဆုံးခဲ့ရမှု တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ မှ မိမိတို့ နိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာ နက်ရှိုင်းနေဆဲ ဖြစ်သည်ကို ပြဆိုနေသည်ဟု မှန်ကန်စွာ သုံးသပ်ပြီး ထောက်ပြသွားခဲ့ခြင်းသာ ဖြစ်သည်။ တိုင်းပြည်တွင် အလုပ်အကိုင်များ ဖန်တီးပေးရေးအား ဦးစားပေး လုပ်ဆောင်သွားရမည်ဟု လည်း ပြောသွားခဲ့သည်။

ထိုသို့ ကံမကောင်း အကြောင်း မလှသည့် ဖြစ်ရပ်ကြီးသည် ယခုမှ စတင်ခဲ့သည်မဟုတ်။ ၂၀၁၅ နိုဝင်ဘာလတွင် တကြိမ်တခါဖြစ်ခဲ့ဘူးပြန်ရာ လူပေါင်း ၁၁၃ ဦး သေဆုံးသွားခဲ့ရသည်။ ယခုတကြိမ်တွင်တော့ လူသေဆုံးမှုတွင် စံချိန်တင်သွားခဲ့ရပြီ ဖြစ်သည်။

လန်ဒန်ရှိGlobal Witness အဖွဲ့ကြီးမှ ၂၀၁၄ ခုနှစ်ကတည်းကပင် အဆိုပါ လုပ်ငန်းကြီးအား စစ်တပ်နှင့် ဆက်သွယ်နေသော ဦးပိုင် ကုမ္ပဏီကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၊၎င်းတို့ နှစ်ဖွဲ့နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ကုမ္ပဏီကြီးများက ကြိုးကိုင်ချယ်လှယ်နေပြီး လူမှုရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး များတွင် ထိရောက်စွာ အဟန့်အတားဖြစ်စေမည့် စည်းမျဉ်းများ ချမှတ်ကာ ကျင့်သုံးခဲ့ခြင်း မရှိဟူ၍ ၂၀၁၄ ခုနှစ်ကတည်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ တဆက်တည်း ဆိုသလိုပင် တနှစ်လျှင်ကမ္ဘာ ကျောက်စိမ်း ထုတ်လုပ်မှု၏ ၇၀% ခန့်ရှိသည့် လုပ်ငန်းများမှ ရရှိသော ဝင်ငွေသည် ဒေါ်လာ ၃၁ ဘီလီယံ ရှိသည်ဟုလည်း တွက်ချက် ထုတ်ပြန်ခဲ့သည်။ အများစုသည် နယ်စပ်ကို ဖြတ်၍ တရုတ်ပြည်တွင်းသို့ တင်ပို့ခဲ့ကြသည်။

ထို့အတွက် လက်ရှိNLD အစိုးရ မှ ၂၀၁၉ ခုနှစ်တွင် ကျောက်မျက် ဥပဒေ ကို ထုတ်ပြန်လာခဲ့‌သော်လည်း အဆိုပါ ဥပဒေ ကို ထိထိရောက်ရောက် ကျင့်သုံးရမည့် အဖွဲ့အစည်းများက မျက်ကွယ်ပြုနေသည့်အခါ အစိုးရအဖို့ အစွယ်မရှိ‌ရှာသော ကျားကြီးသို့ ဘဝ ရောက်နေရသည်။ နိုင်ငံတွင်းပင် လက်ရှိ တည်ဆဲ တရားဥပဒေများကို လိုလျှင်သလို ရှုံ့ကြိုး သဖွယ် အသုံးချနေသည်များကို ကြည့်၍ ယခုလို အလှမ်းဝေးသော ဒေသတွင် မည်သူမျှ အရေးတယူ လုပ်ကြပေဦးမည်နည်း။

ထို့ပြင် ၎င်းတို့သည် လုပ်ငန်းများ ကို အထူးလျို့ဝှက်စွာ လုပ်ကိုင်နေကြပြီး အစိုးရ အဖို့ သူတို့ ပေးသလောက် အခွန် ကိုသာ လက်ခံရယူနေရသည်။ မြန်မာ အစိုးရမှ ခန့်ထားသော ကော်မရှင်၏ ဖေဖေါ်ဝါရီလအတွင်း တွက်ချက်မှုအရ ထုတ်လုပ်မှု၏ ၆၀-၈၀% အခွန် ပေးဆောင်ခြင်း မရှိဟု သိရသည်။ ထို့ပြင် အကျိုးစီးပွားခြင်း တူညီနေကြသော ကချင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ နှင့် တပ်မတော်အကြား အမြဲလို တိုက်ပွဲများ ဖြစ်ပွားနေခဲ့ပြန်သည်။

ကေအိုင်အေ တို့မှ အစိုးရ ခွင့်ပြုထားသော ကျောက်တွင်း ပတ်ပတ်လည်တွင် တရားမဝင် လာရောက်တူးဆွနေသည့် အလုပ်သမားများထံမှ အခွန်ကောက်ယူနေကြသည်။ ထိုဒေသတွင် နိုင်ငံတဝှမ်းမှ လာရောက် လုပ်ကိုင်နေသူ သုံးသိန်းခန့် ရှိနေပြီး ထိုအထဲတွင် သုံးပုံနှစ်ပုံသည် တရားမဝင် လာရောက် လုပ်ကိုင်‌နေသူများ ဖြစ်သည်ဟု နယူးယောက်တိုင်း သတင်းစာတွင် ဖေါ်ပြထားသည်။

အလုပ်သမားများသည် အခွန်ပေးကာ လုပ်ကိုင်ကြရသဖြင့် အေးဆေးစွာ လုပ်ကိုင်၍ မရတော့ပဲ အလုအယက် ရှာဖွေနေကြသဖြင့် အခြေအနေများမှာ ပိုမို ဆိုးဝါးလာခဲ့သည်။ ပြည်နယ် လွှတ်တော်အမတ် ဦးတင်စိုးက မိုင်းတွင်းများတွင် မတော်တဆ တခုမဟုတ် တခု ဖြင့် နေ့စဉ်လို သေဆုံးနေသည်ကို သိနေသော်လည်း မှတ်တမ်းမှတ်ရာ များလည်း မရှိဟု ၎င်းက နယူးယောက်တိုင်းမ် သတင်းစာကို ပြောပြခဲ့သည်။ လာရောက်စစ်ဆေးမည့် တာဝန်ရှိသူများအားလည်း လိုလိုလားလား ပူးပေါင်းဆောင်ရွက်ခြင်းမျိုး မရှိ၍ ကြည့်ပြီး ပြန်ရသည့် အဆင့်ထက် မည်သည့်အခါမှ မပိုခဲ့ပေ။

ဥပဒေ စည်းကမ်းဆိုသည်မှာ ထိုဒေသတွင် ချို”နဲ့လားဟူ၍ မေးရမလို ဖြစ်လာနေပြီး လောဘ၊ဒေါသများ ဖုံးလွှမ်းနေကာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည်ဟု ဦးတင်စိုးက ဆိုသည်။

တူးဖေါ်ရသမျှကိုလည်း ကေအိုင်အေ သို့ ထိန်ချန်မထားရဲဘဲ ရှယ်ယာခွဲပေးရကြောင်း၊ ထိန်ချန်ထားပါက အစဖျောက်ခံရဘို့သာ ရှိသည်ဟု ကိုအောင်ကျော်‌ဌေးက နယူးယောက်တိုင်းသို့ ပြောပြခဲ့ပြန်သည်။ ၎င်း၏ အဆိုအရ သူရရှိခဲ့သည့် ကျောက်တလုံးကို ဒေါ်လာ ၂,၂၀၀ နှင့် ရောင်းနိုင်ခဲ့သော်လည်း ကေအိုင်အေ အား ဒေါ်လာ ၆၀၀ နီးပါး ပေးခဲ့ရသည်ဟုလည်း ဆိုသည်။

ယခုအခါ ကိုဗစ်-၁၉ ကြောင့် တရုတ်ရှိ ဈေးကွက်များ ရပ်ဆိုင်းကုန်သဖြင့် ယခင်ကလို သူတယောက်တည်း ရပ်တည်၍ မရတော့ပဲ သူဌေးထံတွင် ဝင်လုပ်ရကြောင်း၊ သူဌေးက သူတို့အား နေစရာ စားစရာ ပေးပြီး ရလာသမျှ တဝက်ကို သိမ်းယူသည်ဟု ပြောပြခဲ့သည်။

မြေစာပုံ ပြိုကျရာတွင် ပွတ်ကာသီကာ အသက်ဘေးမှ လွတ်လာခဲ့သော်လည်း ဒီအလုပ်အပြင် အခြားလုပ်စရာ မရှိ၍ ငတ်ပြီးသေရမည်ထက် အန္တရာယ်မများလှဟု လည်း ဆိုသည်။

ယခုအခါ လုံးခင်း ဖားကန့် ရတနာ နယ်မြေ အတွင်း မြေပြိုကျမှု ဖြစ်စဉ်အတွက် ပြည်ထောင်စု ဝန်ကြီး သုံးဦးနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်ပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်းသိရသည်။ ထိုအထဲတွင် ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း ပါဝင်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သိရသလောက်မှာ ကုလ အတွင်းရေးမှူးချုပ်၊ ရုရှားသမ္မတ၊ တူရကီ သမ္မတ၊ ဗီယက်နမ် ဝန်ကြီးချုပ် တို့မှ အစိုးရထံ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။