အာရက္ခ တပ်တော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်း မြတ် နိုင်မှ "အဖွဲ့အစည်း အများစုသည် မိမိတို့ လူမျိုးစု ရှု့ထောင့်မှ ကြည့်၍ လှုပ်ရှားလေ့ ရှိသည်၊ သို့ဆိုက အောင်မြင်မှု ရှိမည် မဟုတ်၊ ဒါကို နှစ် ခုနှစ်ဆယ် ကျော်ကြာ တိုက်လာပြီး အောင်မြင်မှု မရခဲ့တာ က သက်သေ ပြနေတယ်" ဟု ၂၀၂၄ ဩဂုတ်လ ဧရာဝတီ နှင့် အင်တာဗျုး တွင် ပြောသွားခဲ့သည်။
ပညာတတ် လူငယ် တဦးလည်း ဖြစ်၍ ရေရှည်ကို ကြည့် တွေးခေါ် မျှော်မြင် နိုင်စွမ်း ရှိသည်ကို အထင်အရှား တွေ့နေရသည်၊ ထို့အတွက်လည်း သာမန် ဧည့်လမ်းညွှန် အဖြစ်သာ လုပ်ကိုင်ခဲ့ဖူးသည့် ၎င်းထံသို့ မေမြို့ စစ်တက္ကသိုလ် ကျောင်းဆင်းများ၊ စစ်ဦးစီး တက္ကသိုလ် ကျောင်း ဆင်း များ ဖြစ်သော ဗိုလ်ချုပ်များ လက်နက်ချသူချ ၊ အဖမ်းခံရသူ ခံရ ဖြစ်နေကြခြင်းသည်လည်း ဆန်းကြယ်လှသည် တော့ မဟုတ်ပေ။
တရုတ် အထူးသံတမန် တိန်ရီချွန်းသည် အာရက္ခ တပ်တော် နှင့် ကချင်လွတ်လပ်ရေး တပ်တော် တို့မှ ခေါင်းဆောင် များ နှင့် မေလ ကုန်ပိုင်းတွင် တွေ့ဆုံခဲ့သော်လည်း မြို့များ ပြန်ပေးဖို့ လေသံမျှပင် မဟရဲဘဲ ထိုးစစ်ကို အရှိန်သပ်ဖို့သာ ပြောဆိုခဲ့သည်။ သို့သော် ကျောက်ဖြူ နှင့် ဗန်းမော်တွင် လက်ရှိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကပင် တရုတ်တို့ ဩဇာ သက်ရောက်နိုင်စွမ်း မရှိ ဆိုသည်ကို လောလောဆယ် တွေ့မြင်နေရသည်။
ညီနောင် သုံးဖေါ် ပါ MNDAA ကတော့ ၎င်းတို့ ပြည်သူများ စစ်ဖိနပ် အောက်မှ အပြီးအပိုင် လွတ်မြောက်ရေး အတွက် အနာခံမှ အသာစံရမည်ဟု စိတ်မျိုး မထား၊ မီးဖြတ်၊ အင်တာနက် ဖြတ် ခံရသည် နှင့် တရုတ်ဖိအားကြောင့် ဆိုကာ အသက်ပေါင်း များစွာ ရင်း၍ ရတောင့်ရခဲ သိမ်းယူ နိုင်ခဲ့သည့် လားရှိူးကို ပြန် ပေးလိုက်ကြသည်။ ဤသည်ကပင် မိမိတို့သည် တရုတ် ဩဇာခံများ ဖြစ်သည်ကို ပြည်သူတရပ်လုံး အား ရှင်းလင်းစွာ အသိပေးလိုက်သည့် သဘောပင် ဖြစ်၍ နိုင်ငံရေး အရ ဂွေးသင်း ခံလိုက်ရခြင်းပင် ဖြစ်သည်။
အကယ်၍သာ ထိုးစစ်ကို ဆက်လက်ဆင်နွှဲပြီး နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်သည့် အနေအထား ဖြစ်လာပါက ဘီဂျင်းသည် ယခုလို လုပ်ရဲမည် မဟုတ်၊ force to be reckoned ဆိုကာ တလေးတစား နှင့် တန်းတူရည်တူ ဆက်ဆံလာကြမည်သာ ဖြစ်သည်။
အထက်ပါ အချက်များကို ၎င်းတို့ သတိမမူမိဘဲ နေကြမည် မဟုတ်ပြန်သဖြင့် MNDAA ဆိုသည်က ကိုးကန့်တပ်များ မဟုတ်ဘဲ PLA များ ဖြစ်နေမလားဟု သံသယ ဝင်စရာပင် ဖြစ်သည်၊ လားရှိုးကို သိမ်းပြနိုင်ခဲ့၍လည်း စစ်အုပ်စု သည် ဟန်ပင် မဆောင်နိုင်တော့ဘဲ တရုတ် လက်အောက် ပြားပြားဝပ်သွားခဲ့ရပြီး ထင်သလို ချယ်လှယ်ခွင့် ရလာခဲ့သည်။
အကယ်၍ စစ်အုပ်စု သူ့အလိုလို ပြိုလဲသွားပါက မြေပြန့်အထိ ဆင်းလာကြမည့် အန္တရာယ်ကို ကြိုတင် တွက်ဆထားဖို့ လိုပေသည်။
ဧရာဝတီက ရေးသားရာတွင် ဘီဂျင်းသည် စစ်အုပ်စု အား တိုင်းပြည် ငြိမ်းချမ်း ရေး အတွက် အားကြိုးမာန်တက် ဆောင်ရွက် နေကြသောလူကောင်းသူကောင်း များ အဖြစ် ထင်မှတ်ပြီး ထောက်ခံမှု ပေးနေခြင်း မဟုတ်၊ မြန်မာစကားကို မြန်မာ တယောက်အလား မွှတ်နေအောင် ပြောတတ်သော တရုတ်ထောက်လှန်းရေများက ပြည်တွင်း တွင် ခြေချင်းလိမ် အောင် လှုပ်ရှားနေကြ၍ စစ်အုပ်စု၏ ရက်စက် ယုတ်မာသော လုပ်ရပ်များ နှင့် မြန်မာ ပြည်သူတရပ်လုံး ကျောကော့ အောင် ခံနေကြရပြီး ၎င်းတို့ အပေါ် မည်သို့မျှ အခဲ မကြေ နိုင် ဖြစ်နေကြသည် ကိုလည်း ကောင်းစွာ သိထားကြပြီး ဖြစ်သည်။
ထိုသို့ သိထားပြီး ဖြစ်ပါလျက် တိန်ရီချွန်းသည် ကန့်ကွက် ပြောဆိုဖို့ နေနေသာသာ တလုံးတပါဒမျှပင် စကားထဲ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပေ။ နိုင်ငံတကာ စင်မြင့် တွင်ပင် ငြိမ်းချမ်းရေးရအောင် ရွေးကောက်ပွဲ လမ်းစဉ် ဖြင့် လုပ်ဆောင်နေသူများ ဖြစ်သည်ဟု ကမ္ဘာက ထင်ယောင် ထင်မှား ဖြစ်အောင် အရှက်ကင်းမဲ့စွာ ကာကွယ်ပြောဆိုပေးထားခဲ့သည်။ ထို့အတွက်လည်း စစ်အုပ်စုသည် ထိုမျှအထိ ရဲတင်းလာခြင်းလည်း ဖြစ်သည်။
အဘယ်ကြောင့်နည်း။
ထိုအဖြေက ရှင်းလင်းလှသည်ဟု ဧရာဝတီက ဆက်လက်ရေးသားထားသည်၊ ဘီဂျင်းသည် ၎င်းတို့ကဲ့သို့ ဆူပါ ပါဝါကြီး ကျောထောက်နောက်ခံ ပေးထားမည် ဆိုက စစ်အုပ်စုသည် မည်သည့်နည်းနှင့် မျှ ပြိုလဲသွားနိုင်စရာ မရှိ၊ အဆုံးသတ်တွင် အောင်ပွဲခံရမည်သာ ဖြစ်သည်ဟု တရုတ် နိုင်ငံရေး ပရောဟိတ်ကြီးများက သုံးသပ်ခဲ့ကြသည်။ ၎င်းတို့ အတွက်လည်း ပြောသမျှ ကျိုးနွံစွာ လုပ်ပေးမည့် ပေါချောင်ကောင်း အဖွဲ့ကိုလည်း ပိုင်ဆိုင်ရမည် မဟုတ်ပါလား။
ထိုသို့ ဖြစ်လာအောင်လည်း ထောက်ခံနေယုံဖြင့် မလုံလောက်သေး၊ တိုင်းရင်းသား အဖွဲ့များကို အပစ်အခတ် ရပ်စဲခိုင်းပြီး ၎င်းတို့လိုလားသည်များအား မဆိုသလောက် ပေးခြင်းဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ ထီးထီးကြီး ဖြစ်အောင်လုပ်ပြီး ချေမှုန်း ပစ်ဖို့လည်း ကြိုးပမ်းရမည်ဟု ခံယူထားသည်။
ယင်းသည် မြန်မာ နိုင်ငံရေး၏ လက်ရှိ ပကတိ အနေအထားကို ကိုယ်လိုရာ ဆွဲ သုံးသပ်နေကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ လက်ပါးစေ ကျေးတော်မျိုး ကျွန်တော်မျိုး များမှ လွဲ၍ ပြည်သူတရပ်လုံး ရွံရှာ မုန်းတီးနေသော စစ်အုပ်စု အာဏာမြဲနေသရွေ့ နိုင်ငံသည် မည်သည့်နည်းနှင့်မျှ ငြိမ်းချမ်းမည် မဟုတ်၊ ခုခံ တွန်းလှန်မှု များက အရှိန်မြင့်လာဖို့သာ ရှိပေသည်။
ထိုသို့ သော အစိုးရမျိုး ကို ထောက်ခံခဲ့ကြသည် ဗီယက်နမ် ပြည်တွင်းစစ်၊ အာဖဂန်နစ္စတန် ပြည်တွင်းစစ်၊ ဆီရီယား ပြည်တွင်းစစ် အားလုံးလိုလို အရေးနိမ့် သွားခဲ့ရသည်ချည်းပင် ဖြစ်သည်။
နောက်တချက်ကလည်း တိုင်းရင်းသား အဖွဲ့များသည် စစ်တပ် အပေါ် တစက်ကလေးမျှ အယုံအကြည် မရှိကြ၊ ထို့အပြင် ရတောင့်ရခဲ သိမ်းပိုက်ထားနိုင်ခဲ့သည့် မြို့များကို MNDAA လို မီးဖြတ်၊ အင်တာနက် အဖြတ်ခံရ၍ ဆိုကာ အသာတကြည် ပြန်လွှဲ ပေးလိုကြမည် မဟုတ်။ ၎င်းတို့ ယခုလို အောင်ပွဲ ရလာခြင်းသည်လည်း ပြည်သူတရပ်လုံး၏ နွေဦးတော်လှန်ရေး နှင့် ဆက်စပ်နေပြီး အပြန်အလှန် မှီခိုမှု ရှိထား၍ ဆိုသည်ကို သဘောပေါက် ထားကြပြီး ဖြစ်သည်။
မြန်မာ နိုင်ငံရေး အကျပ်အတည်းသည် စစ်ဝါဒီများ နှင့် အားပြိုင်နေရသော ကစားပွဲ သာ ဖြစ်သည် ကို ပြည်တွင်း ပြည်ပမှ ငြိမ်းချမ်းရေး လေသံ ပစ်နေသူများ သဘောပေါက်မှ ဖြစ်မည်၊ ထိုပဋိပက္ခ ကြီး တွင် ရိုးရှင်းလှသည့် အမှန်တရားကို မြင်အောင် ကြည့်တတ်ဖို့ လိုသည်။
စစ်အုပ်စုသည် ရွေးကောက်ပွဲ ပြီးသည်နှင့် ရုပ်သေး အရပ်သား အစိုးရ တင်မြှောက်ပြီး "ငြိမ်းချမ်းရေး" စကား တွင်တွင် ဟစ်ကြွေးလာတော့မည် ဖြစ်သည်။ ထို ငြိမ်းချမ်းရေး မျိုးသည် ယာယီသာ ဖြစ်ပေမည်။
ဤသည်ကား နွေဦးတော်လှန်ရေး ကို အင်အား ချိနဲ့သွားအောင် လုပ်နိုင်လျင် လုပ်နိုင်ခြင်း စစ်ဝါဒီများသည် ၎င်းတို့ ရထားသော အပစ်အခတ် ရပ်စဲရေး ကို လားလားမျှပင် ဂရုစိုက်တော့မည် မဟုတ်ဘဲ ရှိသမျှ အင်အား ပုံအော်ပြီး လက်လွှတ်ခဲ့ရသည့် နယ်မြေများ ပြန်ရရန် တိုင်းရင်းသား အဖွဲ့များကို မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့မည် ဆိုသည်ပင် ဖြစ်သည်။
ယခုအခါ အပစ်အခတ် ရပ်ကြပါ၊ ဆားနဲ့ပဲ စားရစားရ အေးအေးလူလူ လုပ်ကိုင် စားသောက်ပါရစေဟု ဆိုလာသူများ ရှိက စစ် အုပ်စု ကို လုံးဝဥသုံ ယုံကြည် နိုင်၍ ရမည်လော ဆိုသည်ကို အရင်ဆုံး ပြန်လည် ဆန်းစစ် မေးခွန်း ထုတ်ရတော့မည် ဖြစ်သည်။
အစစ်အမှန် ငြိမ်းချမ်းရေး လိုလားပါက နွေဦးတော်လှန်ရေး အောင်မြင်အောင် အမျိုးသား ညီညွတ် ရေး အစိုးရ ကို ချည်း ပုံချ ထား၍ မဖြစ် လူတိုင်းလိုလို အုတ်တချပ် သဲတပွင့် ပါဝင်မှဖြစ်မည်။
ပေးထားသော ခေါင်းစဉ်သည် ကျုးဘား တော်လှန်ရေး ကာလ အတွင်း ၎င်းတို့ ပြည်သူများ ရေရွတ် ညည်းတွားခဲ့မှု သည် လက်ရှိ အနေအထား နှင့် သင့်လျော်နေ၍ အမေရိကန် နေရာ တွင် တရုတ်ကို ထည့်သွင်း လိုက်ရခြင်း ဖြစ်သည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!