အင်အားချိနဲ့သော နိုင်ငံများတွင် မကြာခဏ ဆိုသလို အစိုးရ၏ အုပ်ချုပ်မှု ကင်းမဲ့သော နယ်မြေ အများ အပြား ထွက်ပေါ်လာရစမြဲ ဖြစ်သည်။ အင်အားချိနဲ့သော နိုင်ငံ weak state နှင့် ပြိုလဲလုနီးပါး နိုင်ငံ failed state ဆိုသည် အကြား ကွာခြားမှု အား အတိုင်းအတာ ပမာဏ ကို ကြည့်၍ ဆုံး ဖြတ်၍ ရသည်။
ပြိုလဲလု နီး ပါး နိုင်ငံတိုင်း တွင် အင်အားချိနဲ့သော အစိုးရများ ရှိနေပြီး နယ်မြေ အမြောက်အမြားကိုလည်း ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့၊ ထိုနယ်မြေ များအားလည်း ပြန်ရဖို့ အခွင့်အလန်း လွန်စွာ နယ်ပါး လျက်ရှိသည်။ အင်အား ချိနဲ့သော နိုင်ငံများသည် ပြင်ပ မှ ရရှိလာ သော အကူအညီ များကို အကျိုး ရှိရှိ အသုံးချ နိုင်မည် ဆိုက အခြေအနေကို ပြန်၍ အဖတ်ဆယ် နိုင်သည့် အခွင့်အလန်းများ ရှိနေသည်။
ပြိုလဲလုနီးပါး ဖြစ်လာနေသည့် နိုင်ငံများကမူ ထိုသို့ ပြန်၍ အဖတ်ဆယ် နိုင်ရန်၊ ဆုံးရှူံးသွားသော နယ်မြေ အမြောက်အမြားကို ထိထိရောက်ရောက် ပြန်လည် ထိန်းချုပ် နိုင်ရန် အတွက် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်ပေါင်း များစွာ အသည်းအသန် ကြိုးပမ်းနိုင်မှ ဖြစ်ပေမည်။
အဓိက စံနမူ နာ အဖြစ် ဆိုမာလီယာ ကို ပြဆိုရမည် ဖြစ်သည်။ ထိုနိုင်ငံသည် မကြာမီ အတွင်း အစိုးရ ပုံစံ ဖြင့် ပုံမှန် လည်ပတ် အုပ်ချုပ်နိုင်သည့် အနေအထား ရောက်ဖို့ အခွင့် အလန်း လွန်စွာ နည်းပါးလျက် ရှိသည်။ ယီမင်၊ ဗင်နီဇွဲလား၊ ပါကစ္စတန် နှင့် မက္ကဆီကို တို့ကိုလည်း လက်ရှိ အချိန်တွင် အား ပျော့ သော နိုင်ငံ အဖြစ် ရှူမြင်၍ ရနေသည်။
ပြည်တွင်း မတည်ငြိမ်မှု နှင့် နိုင်ငံတနိုင်ငံ ကျဆုံးရမှူ ၏ အကြောင်းရင်းများ
**************
နိုင်ငံ တနိုင်ငံ အင်အား ချိနဲ့လာခြင်း သို့မဟုတ် ပြိုလဲလိုက်လာခြင်း နှင့် အများဆုံး ဆက်စပ်နေသော အခြေ အနေများ သည် အဘယ်သို့ ရှိနေသနည်း။ ထိုကဲ့သို့ သော နိုင်ငံများတွင် တရားဥပဒေ စိုးမိုးရေး အတွက် အလေးအနက် ခံယူချက်ထား လုပ်ဆောင်မှု ကင်းမဲ့နေရ ခြင်းကြောင့် ပင် ဖြစ်သည်၊ ထိုသို့ ဖြစ်ရခြင်းသည် အကျင့်ပျက် ခြစားမှု များ ရှိနေခြင်း၊ သို့တည်း မဟုတ် ခေါင်းဆောင် ဖြစ်သူထံတွင် လုပ်ပိုင်ခွင့် အာဏာများ စုပြုံရောက်ရှိနေခြင်း၊ သို့မဟုတ်ကလည်း အဆိုပါ အချက် နှစ်ချက် စလုံး ရှိနေသည်။
ထိုအကြောင်းများကြောင့် လူများသည် ပစ္စည်း ဥစ္စာများများ ပိုင်ဆိုင်ရန် နှင့် ရင်းနှီး မြုပ်နှံရန် စိတ်အားထက်သန်မှု မရှိ ဖြစ်လာသဖြင့် စီးပွားရေး တိုးတက်လာရမည့် အရေးကို ပိတ်ဆို့ တားဆီးထားသလို ဖြစ်လာခဲ့ရသည်။
အစိုးရ လုပ်သူများမှ တချိန်မဟုတ် တချိန်တွင် မလိုလျင် မလိုသလို သိမ်းယူ နိုင်သည့် နေရာမျိုးတွင် ပစ္စည်း ဥစ္စာများ ဝယ်ယူခြင်း၊ ကုမ္ပဏီများ တည်ထောင်ခြင်း၊ စက်ရုံများ တည်ဆောက်ခြင်းများ ကို မည်သူက စိတ်ကူးထဲ ထည့်လာ ကြပေမည်နည်း။
ခွဲခြား ဆက်ဆံနေမှု များအားလည်း အားနည်းသော နိုင်ငံများ တွင် အလွန်အမင်း တွေ့လာခဲ့ရသည်။ ထို့အတွက် လူနည်းစုများ နှင့် အမျိုးသမီးများ တိုးတက်ရာ တိုးတက်ကြောင်းများ ပိတ်ပင်ခြင်း ခံခဲ့ရ၍ စီးပွား ဆောင်ရွက်မှု တွင် ညံ့ဖျင်းလာခဲ့သည်။ ပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သော ပညာရေး နှင့် လူထု သယ်ယူ ပို့ဆောင်ရေး ပိုင်းများ တွင် လုံလောက်အောင် လုပ်ပေးနိုင်စွမ်း မရှိ ဖြစ်လာရသည်။
နိုင်ငံရေး ပိုင်းတွင်လည်း လုပ်ပိုင်ခွင့် အာဏာများသည် လူအနည်းငယ်၏ လက်ဝယ်တွင် စုပြုံ ရောက်ရှိနေ၍ ပြည်တွင်းရေး မတည်ငြိမ်မှု များ ဖြစ်ရန် အခြေအနေများ ဖန်တီးပေးသလို ဖြစ်လာသည်။ခေါင်းဆောင်လုပ်သူများအားလည်း ကြီးကြပ် နိုင်စွမ်း ကင်းမဲ့လာ၍ ၎င်းတို့ဖက်မှလည်း အမှားများမှ သင်ခန်းစာ ယူရကောင်းမှန်း မသိ ဖြစ်လာသည်။
ဤသို့ဖြင့် လူထု ၏ အမြင်တွင် ၎င်းတို့ အပေါ် အုပ်ချုပ်ပိုင်ခွင့် နှင့် တရားဝင်မှု မရှိတော့ဟု ယူဆလာကြသည်။
အာဏာကို စိတ်ထင်တိုင်း ကျင့်သုံးလာကြ၍ ဖွဲ့စည်းပုံ နှင့် အပြန်အလှန် စစ်ကြော ထိန်းညှိရေး ပိုင်း တွင် လုံလောက်မှု မရှိ ဖြစ်လာယုံမျှမက တင်းတင်း ကျပ်ကျပ် ကျင့်သုံးနိုင်ခြင်း မရှိ ဖြစ်လာသည်။
စီးပွားရေး ပိုင်းတွင်လည်း ကျဆုံးခန်း ဦးတည်လာသော နိုင်ငံများတွင် လဒ်စားမှု များ ဒင်းကြမ်း ဖြစ်လာနေ၍ လူများသည် ကိုယ့်စီးပွား ကိုယ် အာရုံ စိုက်နိုင်စွမ်း မရှိ ဖြစ်လာကာ လဒ်ထိုး နိုင် ရန် အချိန်ကုန် လူပမ်း ခံပြီး လုပ်နေကြရ၍ စီးပွားရေး တိုးတက်မှု များ နှောင့်နှေးလာခဲ့သည်။
အစိုးရ၏ စွမ်းဆောင်ရည်သည်လည်း ကျဆင်းလာခဲ့ရသည်။ အခွန်ကောက်ယူမှုသည်လည်း မရှိသလောက် ဖြစ်လာပြီး ကောက်ယူသည့် အခါတွင်လည်း ညီတူမျှတူ မဟုတ်တော့ပေ။
ရဲ အဖွဲ့ နှင့် တရားရုံးများသည်လည်း အားနည်းလာယုံမက အကျင့်ပျက် ခြစားမှု များ ကြောင့် ဥပဒေ စိုးမိုးရန် လုပ်နိုင်စွမ်း မရှိ ဖြစ်လာသည်။
ဆင်းရဲချမ်းသာ ကွာဟမှု မြင့်မားလာ၍ လူများ၏ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေ နိုင်မည့် အခွင့်အလမ်း များ ကန့်သတ်ခံလာရယုံမက နောက်ဆုံး တွင် မရှိသလောက် ဖြစ်လာရသည်။
အထက်တန်းလွှာ ဆိုသူများသည်လည်း မိုးရွာတုန်း ရေခံ ဆိုသလို ၎င်းတို့ စီးပွား ရေရှည် တည်တံ့ခိုင်မြဲအောင်သာ ပြုလုပ်လာကြပြီး လူများ၏ အကျိုးစီးပွား နှင့် သက်ဆိုင်သော မည်သည့် ကိစ္စ တွင် မဆို ၎င်းတို့ ၏ အထူး အကျိုးစီးပွားများကသာ လွှမ်းမိုးလာ နေသည်။