အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ် (၆)

by Hla Soewai - Jun 18 2025

6. BE WARY OF PARAMILITARIES

 

စနစ်ကို ဆန့်ကျင်ရမည်ဟု အမြဲတမ်း ပြောဆို ကာ သေနတ် ကိုင်ဆောင်ထားသော အရပ်သား များသည် ယူနီဖောင်းများ ဝတ်၊ မီးတုတ် တဖက်၊ ခေါင်းဆောင်ဆိုသူ၏ ပုံကို ကျန် တဖက်က ကိုင်စွဲပြီး ချီတက်လာသည့် အခါတွင်‌ တော့ အဆုံးသတ်ဖို့ နီးလာပြီ ဖြစ်သည်။ ခေါင်းဆောင် ကို ထောက်ခံသည့် လက်နက်ကိုင် အဖွဲ့များ နှင့် ရဲ၊ စစ်တပ်တို့ ရောထွေး ပေါင်းစပ်သွားပါက အဆုံးသတ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

 

အစိုးရ အများစု သည် အချိန်တိုင်းလိုလိုပင် အကြမ်းဖက်လုပ်ရပ်များကို မောင်ပိုင် စီးထားတတ်ကြသည်။ အစိုးရသည်သာ အင်အားကို ဥပဒေနှင့် အညီ သုံးခဲ့မည်၊ ထိုသို့ အသုံးပြုခြင်းကိုလည်း ဥပဒေ က စည်းမျဉ်း စည်းကမ်းများ နှင့် ဘောင်ခတ်ပေးထားမည် ဆိုလျင် ကျွနုပ်တို့ ကြိမ်းသေပေါက် ရှိနေမည်ဟု မှတ်ယူထားသည့် နိုင်ငံရေး ပုံသဏ္ဍန်သည် ဖြစ်လာနိုင်ပေသည်။

 

သို့သော် အစိုးရ ကို ကျော်လွန်၍ ‌အဖွဲ့အစည်းများက အကြမ်းဖက် နိုင်ခွင့် ရှိနေမည် ဆိုလျှင် ဒီမိုကရေစီ ရွေးကောက်ပွဲများ၊ တရားစီရင် ခြင်းများ၊ အစိုးရ၏ အခြားသော လုပ်ငန်း အဝဝ ကို တိတ်ဆိတ်စွာ စီမံခန့်ခွဲနိုင်ခြင်း အစရှိသည်တို့ ဖြစ်လာ နိုင်တော့မည် မဟုတ်ပေ။

 

ထိုသို့ ဖြစ်လာနိုင်ခြေ မရှိတော့မည် အဖြစ်ကို သိထားကြသော လူများ၊ အဖွဲ့အစည်းများသည် ဒီမိုကရေစီ နှင့် တရားဥပ ဒေ စိုးမိုးရေး ကို အားပျော့ချိနဲ့ သွားစေရန် အကြံဖြင့် အကြမ်းဖက်လိုသည့် အဖွဲ့များကို ဖန်တီးပြီး ရံပုံငွေ ထောက်ပံ့ပေးကာ နိုင်ငံရေး တွင် ဝင်ရောက် လှုပ်ရှားစေခဲ့သည်။

 

ထိုကဲ့သို့သော အုပ်စုများသည် နိုင်ငံရေး ပါတီ တခု၏ အရပ်သား လက်နက်ကိုင် အရန် အဖွဲ့ပုံစံမျိုး၊ နိုင်ငံရေး သမား တဦး၏ သက်တော် စောင့် အဖွဲ့ ပုံစံမျိုး နှင့် ပေါ်ပေါက်လာနိုင်သည်။ သိူ့မဟုတ်ကလည်း လက်ရှိ အ‌ခြေအနေနှင့် တပြေးညီ နိုင်ငံသား တို့မှ လိုအပ်သည်ဟု ဆိုကာ ဦးဆောင်ဦးရွက် ပြုလာသလို မျိုးလည်း ထွက်ပေါ်လာနိုင်သည်။ တကယ်တမ်း တွင် ပါတီတခု၊ ခေါင်းဆောင်တဦးဦး မှ နောက်ကွယ်မှ စည်းရုံး ကြိုးကိုင်လာခြင်းမျိုး သာ ဖြစ်ပေသည်။

 

လက်နက်ကိုင် အုပ်စု များက ပထမဦးစွာ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို နိမ့်ကျ ပျက်စီးအောင် လုပ်လာပြီး ၎င်းတို့ အလိုကျ အသွင်ပြောင်းနိုင်ရန် လုံးပမ်းလာကြသည်။ ပထမ ကမ္ဘာစစ် အပြီး ရိုမေးနီယား တွင် ဒီမိုကရေစီ နှင့် အာဏာရှင် စနစ် အားပြိုင်မှု တွင် ပေါ်ပေါက်လာသော Iron Guard၊ အလားတူ ဟန်ဂေရီ တွင် ထွက်ပေါ်လာသော Arrow Cross အကြမ်းဖက် လက်နက်ကိုင် အဖွဲ့များ ထွက်ပေါ်လာပြီး ၎င်းတို့၏ ပြိုင်ဖက်များကို ခြိမ်းခြောက် ရန်မူလာကြသည်။

 

ပါတီ အတွက် လုံခြုံရေး ဆိုကာ ဖွဲ့စည်းလာသော နာဇီ မုန်တိုင်း တပ်များသည် ဟစ်တလာ၏ အတိုက်အခံများ လူထု အစည်းအဝေး ကျင်းပရာ ခမ်းမများ ထဲ ဝင်ရောက် လူစု ခွဲခဲ့သည်။ လူထု အတွင်း အကြောက်တရားများ လွှမ်းမိုးလာစေရန် SA, SS အဖွဲ့များ ဖွဲ့စည်းလာကြပြီး ၁၉၃၂, ၃၃ ပါလီမန် ရွေးကောက်ပွဲ ကို အနိုင်ရအောင် လုပ်လာကြသည်။

 

၁၉၃၈ တွင် ဩစတီယား တွင် အုပ်ချုပ်ရေး ပျက်ပြားသွားသည်ကို အခွင့်ကောင်းယူကာ ဒေသတွင်းရှိ SA အဖွဲ့သည် လုယက်ခြင်း၊ ရိုက်နှက်ပစ်ခြင်း နှင့် ဂျုးများ အား အရှက်တကွဲ ဖြစ်စေမည့် လုပ်ရပ်များကို ကျုးလွန်လာကြသည်။ ဤသို့ဖြင့် စည်းမျဉ်းခံ နိုင်ငံရေး စနစ်သည် ပြောင်းလဲသွားရပြီး နာဇီ တို့ တိုင်းပြည်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ကြသည်။

 

SS သည် တောတွင်း ဥပဒေသများ သာ ကျင့်သုံး‌ နေသည့် သုံ့ပန်း စခန်းများကို အုပ်ချုပ်ရသူ များ ဖြစ်လာသည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း တွင်တော့ SS သည် သုံ့ပန်းစခန်းများကိုသာမက ၎င်းတို့သိမ်းပိုက်ထားရာ ဥရောပ ကုန်းမြေကြီး တခုလုံး နီးပါးကို ထင်တိုင်းကြဲလာခဲ့တော့သည်။

 

၎င်းတို့သည် တရားဥပဒေ ပြင်ပတွင် ရပ်တည် နေကြ၍လည်း ဥပဒေ အတားအဆီးများကို ကျော်လွှားကာ ဥပဒေ ကို ဖျက်လို ဖျက်စီး လုပ်သည့် အဖွဲ့အစည်း သက်သက် ဖြစ်လာခဲ့သည်။ 

 

အမေရိကန် ဖက်ဒရယ် အစိုးရသည် စစ်ပွဲများတွင် ကြေးစား စစ်သားများကို အသုံးပြုခြင်း၊ ပြည်နယ် အစိုးရ များက ကော်ပိုရေးရှင်း ကြီး များကို ငွေကြေး ပံ့ပိုးပေးကာ အကျဉ်းထောင်များ၊ ရန်သူ နိုင်ငံသား များကို ထိန်းချုပ် ထားသည့် စခန်းများကို စီမံခန့်ခွဲခိုင်းခြင်း အစရှိသည့် လုပ်ရပ်များဖြင့် အမေရိကန် အစိုးရသည် အကြမ်းဖက် ဝါဒ ကို ကန်ထရိုက် စနစ်ဖြင့် ထင်ထင်ရှားရှား အသုံးချလာကြသည်။

 

၂၀၁၆ တွင် ထူးခြား ထင်ရှားလာရသည်က ကိုယ်စားလှယ် လောင်း တ‌ဦးသည် ပုဂ္ဂုလိက လုံခြွုံ ရေး အဖွဲ့များကို ငှားရမ်းကာ မဲဆွယ်ပွဲများ တွင် ၎င်းအား ဆန့်ကျင်သူများကို ဖယ်ရှားခိုင်းခဲ့သည့် အပြင်တက်ရောက်လာသည့် ထောက်ခံသူများကိုပင် ထိုကဲ့သို့ လုပ်ရန် တိုက်တွန်းလာခဲ့သည်။ ကန့်ကွက် သူ တဦး ရှိလာက ပရိသတ် က အသံသေး အသံကြောင် ဖြင့် အော်ဟစ်ပြီး နောက်ပိုင်း "USA" ဟု သံပြိုင် အော်ဟစ်ကာ အတင်းအကျပ် မောင်းထုတ်ခဲ့ကြသည်။

 

မဲဆွယ်ပွဲ တခု တွင် ထိုကိုယ်စားလှယ်က ပင် "တယောက်ကျန်နေသေးတယ်၊ အဲ့လူ ကို ဆွဲထုတ်ပစ်ကြ" ဟု ပြောလာသည်။ ထိုအခါ အောက်ရှိ လူများလည်း သူ ဖြစ်စေချင်သည် များကို သဘောပေါက်သွားပြီး USA ဟု အော်ဟစ်ရင်း ၎င်းတို့ အနီးအနား ဘယ်သူများ ရှိမလဲ ဟု ဆိုကာ ရှာပြီး မောင်းထုတ်လာကြသည်။ 

 

ဤသည်ကို ကြည့် ပြီး ထိုကိုယ်စားလှယ်ကပင် "ကဲ...ခင်ဗျား တို့ အခု အရင် ပွဲတွေလို ပျင်းစရာ ကောင်းသေးလား၊ ကျွန်တော် အဖို့တော့ ပျော်စရာ ကောင်းတယ်ဗျ" ဟု ပင် စင်ပေါ်မှ အော်ဟစ် ပြောလိုက်ပြန်သည်။

 

ထိုကဲ့သို့ အုပ်စု နှင့် အကြမ်းဖက်ခြင်းသည် နိုင်ငံရေး အခြေအနေကို အသွင်ပြောင်းသွားရန် ရည်ရွယ်လာခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်သလိုလည်း ဖြစ်လာခဲ့သည်။

 

ထိုကိုယ်စားလှယ် လောင်းသည် နောက်တကြိမ် ရွေးကောက်ပွဲ တွင် ရှူံး နိမ့်သွားသည့် အခါ ရွေးကောက်ပွဲ ရလဒ်ကို ကလိမ်ကကျစ် လုပ်ရန် ကြိုးစားလာခဲ့သည်။ ၎င်း၏ နောက်လိုက် နောက်ပါ များကလည်း ကက်ပီတို လွှတ်တော် အဆောက်အဦး ကို တိုက်ခိုက်လာကြသည်။

 

ထိုသို့ အာဏာသိမ်းမှုသာ အောင်မြင်ခဲ့လျှင် ကျွနုပ်တို့၏ အခြေခံ ဥပဒေသည်လည်း တပါတည်း ချူပ်ငြိမ်းသွားတော့မည် ဖြစ်သည်။

 

အကြမ်းဖက်မှု ဖြင့် နိုင်ငံရေး အနေအထားကို သာမက စနစ်ကိုပါ ပြောင်းလဲရန် ကြိုးပမ်းလာခဲ့ခြင်းလည်း ဖြစ်သည်။ လက်နက်ကိုင် လုံခြုံရေး ဝန်ထမ်းများကို လေ့ကျင့်ရာတွင် လူထုဆန္ဒပြပွဲများ၊ ပုန်ကန်လို မှုများ၏ စိတ်ခံစားမှုများ၊ နှင့် ဖယ်ထုတ်ရေးဝါဒတို့ကို နားလည်အောင် ထည့်သွင်း လေ့ကျင့်ပေးရန် လိုအပ်လာသည်။

 

ထိုသို့ ပြုလုပ်နိုင်ရေး အတွက် ပထမဆုံး ရင်ဆိုင်ရမည့် စိန်ခေါ်မှု သည် ရဲ နှင့် စစ်တပ် တို့ ဖြစ်သည်။ ထိုအဖွဲ့အစည်းများ အတွင်း ထိုးဖောက် ဝင်ရောက်ပြီး နောက်ဆုံး တွင် ပြောင်းလဲသွားအောင် လုပ်ရမည် ဖြစ်သည်။