မယိမ်းယိုင်သော စိတ်ဓါတ်ခွန်အား ဖြင့် ရိုးရှင်း မြင့်မြတ် သူ တဦး ၏ ရပ်တန့်ခံခဲ့ရသော ဘဝ

by Hla Soewai - Jun 18 2025

မြန်မာ ပြည်သူ တရပ်လုံးက "အမေစု" ဟုအမြတ်တနိုး ခေါ်ဝေါ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ ၏ ရဲရင့်မှု၊ အကြမ်းမဖက်သည့် နည်းလမ်း ဖြင့် ဒီမိုကရေစီ ကို ဦးဆောင်တိုက်ပွဲဝင်ခဲ့မှု၊ ကမ္ဘာငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင် အဖြစ် ကမ္ဘာတဝှမ်း ထင်ရှား ကျော်ကြားသူ တဦး ဖြစ်လာခဲ့သည်။

 

သူမ၏ အသက် ရှစ်ဆယ်ပြည့် မွေးနေ့ကို ဂုဏ်ပြု ကျင်းပခွင့် မရခဲ့သော သန်းပေါင်း များစွာသော ပြည်သူများ၏ ကိုယ်စား ကမ္ဘာတဝှမ်း ရှိ မြန်မာ နိုင်ငံသား များက ကိုယ်စားပြု ပြုလုပ်ပေးနေပြီ ဖြစ်သည်။

 

ဆောင်းပါး ပေါင်း များစွာလည်း ရေးသားခဲ့ကြသည်။ ထိုအထဲမှ ထူးခြား ထင်ရှားသည် ဟု ကျွန်တော် ယူဆခဲ့သည့် အမေရိကန် ရှိ မြန်မာအရေး တက်ကြွ လှုပ်ရှားနေသူ Nicolas Kong ၏ အထက်ပါ ခေါင်းစဉ် ဖြင့် Eurasia Review မဂ္ဂဇင်းပါ ဆောင်းပါး ကို ကောက်နှုတ် တင်ပြလိုက်ပါသည်။

 

ကမ္ဘာကြီး အတွက် ခံနိုင်ရည် ရှိမှု ၏ သင်္ကေတ ဖြစ်လာခဲ့ရသူ သည် ယခုအခါ မည်သည့် နေရာဟု အတိအကျ မပြောနိုင်သော တနေရာ တွင် ချုပ်နှောင်ခံနေရ‌၍ ကိုယ် တိုင် ကိုယ်ကျ မြင်ခွင့် မရသော်လည်း မြန်မာပြည်သူများ၏ နှလုံးသား တွင် ဂုဏ်ယူ ဝင်ကြွား စွာ ရပ်တည်ခွင့် ရခဲ့သူ ဖြစ်သည်။

 

ဖခင်ဖြစ်သူ မြန်မာ လွတ်လပ်ရေး ဗိသုကာ ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ သတ်ဖြတ်ခံရချိန်တွင် သူမသည် နှစ်နှစ် သမီး အရွယ်သာ ရှိသေးသည်။ နာမကျန်း ဖြစ်နေသော မိခင်ကြီး အား ပြုစု စောင့်ရှောက်ရန် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့ချိန်တွင်တော့ ၂၆ နှစ်ကြာ စစိအာဏာရှင် တို့၏ ဖိနှိပ် အုပ်ချုပ်မှု ကို ခါးကော့အောင် ခံလာရသော ပြည်သူများက မည်သို့မျှ ဆက်၍ သည်းခံနိုင်စွမ်း မရှိတော့၍ အုံကြွ ဆန့်ကျင်လာသည့် သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံ ကြီး နှင့် ကြုံကြိုက် သွားခဲ့သည်။

 

"ဖေဖေရဲ့ သမီးတယောက် အဖြစ် ကျမ အနေနဲ့ ဖြစ်ပျက်နေတာ တွေ ကို လျစ်လျုရှု မနေနိုင်ပါဘူး" ဟု ကြွေးကြော်ကာ ၁၉၈၈ ဩဂုတ်လ ၂၆ ရက်‌ နေ့တွင်တော့ တက္ကသိုလ် ရိပ်သာလမ်း ခြံ အမှတ် ၅၄ မှ လူပေါင်း ငါးသိန်းခန့် လူထု ကြီးအား မိန့်ခွန်း ပြောကြားရန် ရွေတိဂုံ ဘုရား အနောက်ဖက် ပစ္စယံ စင်မြင်ပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြင့် မြန်မာ တို့၏ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ရေး တိုက်ပွဲ သို့ ခြေစုံပစ် ဝင်ရောက်လာခဲ့သည်။

 

ယင်းသည် သူမ၏ ဘဝ အတွက် ကံဆိုးမိုးမှောင်ကျခဲ့ရသည့် နေ့ရက်များ၏ အစ ဖြစ်သော်လည်း ပြည်သူများ အတွက်မူ ဒီမိုကရေစီ မီးရှူးတိုင်ကြီး ထိန်လင်း စွာ ထွက်ပေါ်လာခဲ့ရခြင်းပင် ဖြစ်သည်။

 

ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့သည့် အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ရန် အသက် အားဖြင့် ၄၃ နှစ်ရှိ အမျိုးသမီးကြီးသည် ၁၉၈၈ စက်တင်ဘာ ၂၇ ရက် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင် ဖွဲ့စည်း ထူထောင်လာခဲ့သည်။

 

စစ်အာဏာရှင်များက ၎င်းတို့အား ဆန့်ကျင်လာသည့် လူမှန်သမျှ ကို ချမ်းသာပေးရိုး ထုံးစံ မရှိသည့် အား‌ လျှော်စွာ သူမအားလည်း ဇူလိုင် ၁၉၈၉-၁၉၉၅ ဇူလိုင် ( ခြောက် နှစ်)၊ စက်တင်ဘာ ၂၀၀၀ - မေ ၂၀၀၂ ( တနှစ်ခွဲ)၊ မေ ၂၀၀၃ - နိုဝင်ဘာ ၂၀၁၀ (ခုနှစ် နှစ်ခွဲ) စုစုပေါင်း ၁၅ နှစ် အကျဉ်းချ ထားခြင်း ခံခဲ့ရသည်။

 

ယင်းနှင့် အတူ သူမ သည် ကမ္ဘာတဝှမ်း တွင် အာဏာရှင် တို့၏ ဖိနှိပ် အုပ်ချုပ်မှု ကို ဆန့်ကျင်တွန်းလှန်မှု ၏ ပြယုဒ်ကြီး ဖြစ်လာခဲ့ရသည်။

 

စစ်အာဏာရှင်များကလည်း သူမအား တိုင်းပြည်မှ သူ့အလိုအလျောက် ထွက်သွားရန် နည်းမျိုးစုံဖြင့် ကောက်ကျစ်စွာ ကြံစည်ခဲ့ကြသည်။ ခင်ပွန်းဖြစ်သူ အောက်စဖို့ တက္ကသိုလ်မှ တိဘက်ယဉ်ကျေးမှု ဆိုင်ရာ ပညာရှင် မိုက်ကယ် အဲရစ် အား သူမထံ ငါးကြိမ်မြောက် လာရောက်ခွင့် ပေးခဲ့သော်လည်း ခြောက် ကြိမ်မြောက်တွင်တော့ ပြည်ဝင်ခွင့် ဗီဇာကို ငြင်းပယ်ခဲ့သည်။ ထိုအချိန်တွင် မစ္စတာ အဲရစ်သည် သေအံ့မူးမူး ကင်ဆာ ရောဂါသည် ကြီး ဖြစ်နေသည်။ထို့အတွက် ခင်ပွန်းဖြစ်သူ နှင့် နောက်ဆုံး တွေ့ခဲ့ရသည့် အချိန်သည် ၁၉၉၅ ဟု ဆိုရမည် ဖြစ်သည်။ မစ္စတာ အဲရစ်သည် သူ၏ ၅၃ နှစ်မြောက် ဖြစ်သည့် မတ်လ ၂၇ နှစ် ၁၉၉၉ တွင် ဇနီးသည်ကို တမ်းတရင်း ကွယ်လွန်သွားခဲ့ရသည်။

 

ခင်ပွန်းဖြစ်သူ ကို ဆုံးရှုံးသွားခဲ့သည့် အပြင် သား နှစ်ယောက် အား ပြုစု ပျိုးထောင်ခွင့်ပါ မိခင်တယောက် အနေဖြင့် လက်လွှတ် ဆုံးရှူံးခံလိုက်ရသည်။ ဤသည်ကား မိခင် တယောက် အနေဖြင့် နှလုံးသား နှင့် ရင်း၍ အကြီးမားဆုံး စွန့်လွှတ်ခဲ့ရမှု ကြီး ပင် ဖြစ်သည်။

 

ထိုအကြောင်း နှင့် ပတ်သက်၍ သူမ ကိုယ်တိုင် ယခုလို ပြောဆိုခဲ့သည်။

 

"မိခင်တစ်ဦးအနေနဲ့ သားတွေကို စွန့်လွှတ်ခဲ့ရတာဟာ အကြီးမားဆုံး ပေးဆပ်မှုပါပဲ။ ဒါပေမဲ့ တခြားသူတွေက ပိုပြီး ပေးဆပ်ခဲ့ကြတယ်ဆိုတာကို ကျွန်မ အမြဲ သတိပြုမိခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုတဲ့ ပိုကြီးမားတဲ့ ထောင်ထဲမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် ကျွန်မရဲ့ အကျဉ်းထောင်တွင်း လုပ်ဖော်ကိုင်ဖက်တွေဟာ ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရပါ ဘယ်လောက် ဆင်းရဲဒုက္ခရောက်ခဲ့ကြရတယ်ဆိုတာကို ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး။"

 

၁၉၉၁ တွင် သားနှစ်‌ယောက်သည် ဖခင်နှင့် အတူ မိခင်ကိုယ်စား ကမ္ဘာ ငြိမ်းချမ်းရေး နိုဘဲလ် ဆုကို လက်ခံ ရယူ ပေးခဲ့သည်။

 

စစ်အာဏာရှင်များသည် သူမအား အကျဉ်းချထားရာမှ ပြန်လွှတ်ပေးခဲ့စဉ် အတွင်း ၁၉၉၆ တွင် တကြိမ်၊ ၂၀၀၃ ခုနှစ်တွင် တကြိမ် အသက်ကို လုပ်ကြံ ဖို့ အထိပင် ပက်စက်စွာ ကြံစည်ခဲ့သည်။

 

၁၉၉၀ ရွေးကောက်ပွဲ တွင် အမတ်နေရာ ၈၁ ရာနှုန်း ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ထိုရလဒ်ကို ၎င်းတို့ အလိုကျ မဟုတ်သဖြင့် ဗြောင်ကျကျ ပင် ငြင်းပယ်ခဲ့ပြီး နိုင်ငံကို စစ်အာဏာရှင် စနစ် ဖြင့် နောက်ထပ် အနှစ် နှစ်ဆယ်တိတိ အုပ်ချုပ်လာခဲ့သည်။

 

စစ်အုပ်စု၏ ခေါင်းဆောင် ဗိုလ်သန်းရွှေ သည် ၁၉၉၀ သင်ခန်းစာကို ယူကာ စစ်တပ်မှ အရပ်သား ပြည်သူများ အပေါ် ဆက်၍ သေချာပေါက် ဗိုလ်ကျ အနိုင်ကျင့် ထားနိုင်မည့် ၂၀၀၈ ဖွဲ့စည်းပုံ ကို တီထွင် ဖန်တီးလာပြီး မင်းအောင်လှိုင်ကို ကာကွယ်ရေး ဦးစီးချုပ် ဆိုကာ ခန့်အပ်ပေးခဲ့သည်။

 

၂၀၁၀ တွင် ၎င်းတို့၏ ရွေးကောက်ပွဲကို NLD မှ သပိတ်မှောက်ခဲ့၍ စစ်တပ်၏ ပါတီ ဖြစ်သော USDP သည် ပြိုင်ဖက် မရှိ အနိုင်ရသူ ဖြစ်ကာ အရပ်သား တပိုင်း အစိုးရကို ဖွဲ့စည်း နိုင်ခဲ့သည်။

 

၂၀၁၁ တွင် NLD သည် ပြည်သူ့လက်တွင်း အာဏာ ပြန်လည် အပ်နှင်း နိုင်ရန် ၂၀၁၁ တွင် ပါတီကို တဖန်ပြန်၍ မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ တွင် ပြုလုပ်ခဲ့သော ကြား ဖြတ် ရွေးကောက်ပွဲ ၄၅ နေရာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD သည် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်ထဲ ဝင်ရောက်လာခဲ့သည်။

 

၂၀၁၅ ရွေးကောက်ပွဲ တွင် တော့ NLD သည် ၇၇ ရာနှုန်း ဖြင့် အနိုင်ရလာခဲ့၍ အစိုးရ အဖွဲကို ဖွဲ့စည်း နိုင်ခဲ့သော်လည်း သူမ၏ သားနှစ်‌ယောက်သည် ပြည်ပ နိုင်ငံသားများ ဖြစ်သည်ဟူသော အကြောင်းပြချက် ဖြင့် သမ္မတ ဖြစ်ခွင့် မရှိဆိုကာ ၎င်းတို့ ဖွဲ့စည်းပုံတွင် သူမ အား ပစ်မှတ်ထား ရေးဆွဲထားသဖြင့် ဝန်ကြီးချုပ်ရာထူး နှင့် ညီမျှသည့် နိုင်ငံတော် အတိုင်ပင်ခံရာထူးကို ဖန်တီး ရယူခဲ့ရသည်။ 

 

သူမ အာဏာ ရရှိလာခဲ့ချိန်တွင် လူငယ်မျိုးဆက်များသည် ဒီမိုကရေစီ နှင့် သာယာဝပြောမှု ဆိုသည်ကို မှုန်မှုန်ဝါးဝါး လှမ်းမြင်ခွင့် ရလာခဲ့ချိန်လည်း ဖြစ်သည်။ သို့သော်လည်း အရပ်သား အစိုးရ၏ ခေါင်း ဆောင် ဖြစ်လာသော အသက် ၇၀ အရွယ်ရောက်လာပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အဖို့ ကြီးမား လေးလံ လွန်းလှသော ဝန်ထုပ်ဝန်ပိုးကြီးက သူမ ပုခုံးပေါ် ကျရောက်လာပြီ ဖြစ်သည်။

 

ပျက်စီး ယို့ယွင်းနေသော စီးပွားရေး ပြန်လည် နာလံထူလာရေး၊ ပြိုပျက်နေသော အခြေခံ အဆောက်အအုံများ ပြန်လည် တည်ဆောက်နိုင်ရေး၊ ဆယ်စုနှစ်ပေါင်း များစွာ ရှည်ကြာလာသည့် လူမျိုးစု ပဋိပက္ခများ ကို ဖြန်ဖြေပေးရေး၊ အမြစ်တွယ်လာနေသည့် အကျင့်ပျက် ခြစားမှု များကို ကိုင်တွယ်ရေး၊ ရန်လိုနေသော စစ်တပ်နှင့် အဆင်ပြေအောင် နေထိုင်လုပ်ကိုင်သွား နိုင်ရေး ဆိုသည့် ဝန်ထုပ် ဝန်ပိုးကြီးပင် ဖြစ်သည်။

 

ထိုဝန်ထုပ်ဝန်ပိုးကြီး ကို ကောင်းစွာ ထမ်းရွက် နိုင်မှန်း သိလာသည့် အခါတွင်တော့ စစ်အုပ်စုသည် ၂၀၁၇ တွင် ရိုဟင်ဂျာ အရေးအခင်းကို စတင်ဖန်တီးလာခဲ့သည်။ ပြည်တွင်း တွင် ဘာသာရေး နှင့် ပတ်သက်၍ ဆတ်ဆတ်ထိ မခံ ဖြစ်လာသော လူထု နှင့် နိုင်ငံတကာ၏ ဝေဖန် ရှုတ်ချမှု များ ကြားတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကြားညပ်သွားခဲ့ရသည်။

 

စစ်တပ် အပေါ် မည်သို့မျှ အာဏာသက်ရောက်နိုင်စွမ်း မရှိသည့် ကြားမှ နိုင်ငံအား လူမျိုးရေး မျိုးတုံးအောင် လုပ်မှု ဂျီနိုဆိုက် အဖြစ် တံဆိပ်ခပ်ကာ တရားစွဲလာသည့် အဖြစ်ကို နိုင်ငံတကာ တရားရုံး တွင် သူမ၏ ဂုဏ်သိက္ခာကို ရင်း၍ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ဖြေရှင်းခဲ့ရှာသည်။ သူမအား ဝေဖန်သူများက အမှန်တရား ဖက်က ရပ်တည်ရန် ပျက်ကွက်ခဲ့သည့် ကိုယ်ကျင့်တရား ပျက်ကွက်မှု အဖြစ် ပြောဆိုစွပ်စွဲခြင်း ခံခဲ့ရသည်။ သူမဖက်က ရပ်တည်ပေးသူများက ဖွဲ့စည်းပုံဖြင့် စစ်တပ်၏ လက်ထိပ်ခပ်ခံထားရသော အစိုးရ အဖြစ် အမြဲလို အာဏာသိမ်းခံရမည့် အန္တရာယ်ကြီး နှင့် ရင်ဆိုင်နေရသည့် အဖြစ်ကို ထောက်ပြကာကွယ် ‌ပေးခဲ့ကြသည်။

 

သူမ အဖို့ အကြီးမားဆုံး အတွက်အချက် မှားခဲ့မှု သည် ဖခင် ဖြစ်သူ တည်‌ ထောင် ပေးခဲ့သည့် စစ်တပ်အား ပြည်ထောင်စု မိခင်ကြီး တယောက်၏ မေတ္တာဖြင့် ဖျောင်းဖျ လက်တွဲ ခေါ်သွား နိုင်မည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။

 

သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲ တွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြန်၍ စစ်တပ်သည် လူထု အပေါ် ဆက်၍ ‌ဗိုလ်ကျ နိုင်ခွင့် တစထက် တစ ဆုံးရှူံးရ‌ တော့ မည် အ‌ ရေးကို စိုးရွံ့လာ၍ ၂၀၂၁ ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းကာ တိုင်းပြည်ကို အမှောင်တိုက်ကြီးထဲ တဖန် ပြန်လည် ဆွဲသွင်းလာခဲ့သည်၊ ဒေါ်အောင်ဆန်းစုကြည်အားလည်း ၎င်းတို့ တွေးလို့ရသမျှ လုပ်ကြံစွပ်စွဲ မှု ပေါင်း များစွာဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် ၆ နှစ် ပြန်လျော့ပေးလာခဲ့သည်။

 

ဤသို့ဖြင့် သူမသည် ဘဝ၏ လေးပုံတပုံကို အကျဉ်းထောင်ထဲတွင် ကုန်လွန်နေရသူ၊ ပြည်သူများ အတွက် သူမ ၏ မတောင့်မတ ဖြင့် အေးချမ်းစွာ နေထိုင်သွားနိုင်သည့် ဘဝ နှင့် မိသားစုဘဝ တို့ကို စွန့်လွှတ်ပေးခဲ့ရသည့် နိုင်ငံ ခေါင်းဆောင်ကြီး ဖြစ်လာခဲ့ရသည်။

 

သို့သော် သူမ အား ထိုသို့ စွန့်လွှတ်ခဲ့ရသူ အဖြစ် ပြောဆိုချင်းမျိုးကို လုံးဝ လက်မခံခဲ့၊ 

 

“It is not a sacrifice. It is a choice.” ဟု အမြဲတမ်း ပြောခဲ့သူ ဖြစ်သည်။

 

သူမသည် ပြီးပြည့်စုံသူမဟုတ်သလို၊ သူတော်စင်လည်း မဟုတ်။ သို့သော် ပညာဉာဏ် (ဆင်ခြင်တုံတရား)၊ စိတ်ရှည်သည်းခံမှု၊ ဇွဲလုံ့လ နှင့် ရိုးသားဖြောင့်မတ်မှုတို့တွင်မူ သူမသည် ကမ္ဘာပေါ်တွင် မည်သူနှင့်မျှ ယှဉ်ပြိုင်စရာမလိုအောင် ထူးချွန် ပြောင်မြောက်သူတဦး ဖြစ်သည်။

 

ထို့အတွက်လည်း ပြည်သူများက သူမ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း တို့နှင့် ပြည့်စုံနေပါစေ၊ အကျဉ်းချ ခံနေရသည့် အဖြစ်မှ အမြန်ဆုံး လွတ်မြောက်ပါစေ နေ့စဉ်လို အလေးအနက် ဆုတောင်း မေတ္တာ ပို့ပေး နေကြခြင်းလည်း ဖြစ်ပေသည်။

 

ဖခင်ကြီး မျှော်မှန်းခဲ့သည့် တိုင်းရင်းသား အားလုံးစည်းလုံး ညီညွတ်စွာဖြင့် နိုင်ငံတော်သစ်ကြီး ပေါ် ပေါက်လာရေးဆိုသည့် စိတ်ကူး များကို ဆက်၍ ဖြည့်ဆည်း ဆောင်ရွက်ခွင့် ရပါစေ။