အစ္စရေး တို့သည် အီရန် ဖက်မှ ယူရေနီယံ ဟု အသံကြားကတည်းက စ၍ နှစ်ပေါင်း နှစ်ဆယ်ကျော် မြိုသိပ်ခဲ့ရမှု များ ပေါက်ကွဲ ထွက်လာပြီ ဖြစ်သည်၊ ယခု စစ်ပွဲကို အမေရိကန် က သူမပါ ဟု ဆိုကာ အီရန် အား အမေရိကန် ပစ်မှတ်များကို မတိုက်ဖို့ပင် သတိပေးလာခဲ့သည်။
သို့သော် ထရမ့် စိတ်ထဲတွင်တော့ ဒီထက် ကောင်းသည့် အချိန်မရှိနိုင်တော့ဟု ယူဆကောင်း ယူဆနေမည် သာ ဖြစ်သည်။ ၎င်းအဖို့က ၎င်း၏ လူဝင်မှု ထိန်းချုပ်ရေး ဆိုသည့် ပေါ်လစီကို အလွဲလွဲ အချော်ချော် လုပ်လာခဲ့၍ အမေရိကန် တဝှမ်းရှိ မြို့ကြီးများ တွင် လူထု ဆူပူ အုံကြွမှု များ နှင့် ရင်ဆိုင်နေရချိန် ဖြစ်၍ အာရုံ လွှဲနိုင်ဖို့ အခွင့်ကောင်းပင် ဖြစ်သည် မဟုတ်ပါလား။
၂၀၂၅ ဇွန်လ ၁၃ ရက် နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ Israel launches waves of devastating strikes on Iran ဆောင်းပါးမှ ကောက်နှုတ်တင်ပြသွားပါမည်။
,ဇွန်လ ၁၃ ရက် သောကြာနေ့ မနက် ၃:၃၀ တွင်တော့ အစ္စရေး လေယာဉ်များ တသုတ်ပြီး တသုတ် အီရန် လေကြောင်းပိုင်နက် ထဲသို့ စတင်ဝင်ရောက်လာပြီး မြို့တော် တီဟီရန် နှင့် ကီလိုမီတာ ၃၀၀ ခန့် အကွာ နာတန်ဇ် ရှိ နျူကလီယား အဆောက်အအုံများ၊ ကွပ်ကဲရေး နှင့် ထိန်းချုပ်ရေး ဌာနချုပ်၊ ဒုံးကျည် စခန်းများ၊ လေကြောင်း ကာကွယ်ရေး စခန်း များကို တိုက်ခိုက်ခဲ့သည်။
အီရန်၏ စစ်ဖက် ခေါင်းဆောင်ပိုင်းကို ချေမှုန်းနိုင်ရန် အတွက် တီဟီရန် ရှိ လူနေ အိမ်များကိုပါ တိုက်ခိုက်လာခဲ့သည်။ ပစ်မှတ်များထဲတွင် အီရန် ကြည်းတပ် နှင့် လေတပ် စစ်ဦးစီးချုပ်များ၊ အစ္စလမ်မစ် တော်လှန်ရေး အစောင့်တပ် အကြီးအကဲ၊ Quds ခေါ် အီရန် အထူး တပ်ရင်း တပ်မမှုး တို့ ပါဝင်နေသည်။
သေဆုံးသူများ ထဲ တွင် အီရန် စစ်ဦးစီးချုပ် မိုဟာမက် ဘာဂါရီ၊ အီရန် ၏ အရေးပါဆုံးသော အစ္စလမ် တော်လှန် ရေး အစောင့်တပ် အကြီးအကဲ ဟိုစိန် ဆာလာမီ၊ ထိတ်တန်း နျူကလီယား သိပ္ပံပညာရှင် ဖီရေဒွန် အဘာဆီ လည်း ပါဝင်သွားခဲ့သည်။ အချို့ သတင်းများ အဆိုအရ ခေါင်းဆောင်ကြီး အလီ ခါမေနီ ၏ အမျိုးသား လုံခြုံရေး အကြံပေး အလီ ရှမ်ကာနီ သည် ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။
အစ္စရေးသည် အစိုးရ အပြောင်းအလဲ လုပ်ရန် မရည်ရွယ်ဟု ဆိုသော်လည်း နိုင်ငံရေးပိုင်း ခေါင်းဆောင်များ ကိုပါ ရည်ရွယ် တိုက်ခိုက်လာခြင်း ဖြစ်သည်။
အီရန် သည် ရက်အနည်းငယ် အတွင်း နျူကလီယား ဒုံးကျည် ၁၅ စင်းခန့် ထုတ်လုပ်နိုင်တော့မည့် အနေအထား ရောက်လာ၍ ဖြစ်သည်ဟု အစ္စရေး တို့က ဆိုသည်။ အမေရိကန် နှင့် ဆွေ နွေးဟန်ပြပြီး လက်နက်များကို တက်သုပ်ရိုက် ထုတ်လုပ်နေခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
အီရန် မြို့ကြီးများတွင်လည်း မိုဘိုင်း ဖုန်းမှ စူးရှသော အချက်ပေးသံကြောင့် ကြောက်လန့်တကြား နိးထလာကြသည်။ အီရန်မှ မည်သို့ တုန့်ပြန်လာမည်ကို မခန့်မှန်း နိုင်မှု နှင့် အတူ နာရီပိုင်း အတွင်းမှာပင် ရေနံဈေး သည် ၁၃ ရာနှုန်း မြင့်တက်သွားခဲ့ရသည်။အမေရိကန်သည်လည်း မသိမသာ ထောက်ခံမှု ပေးထား၍ ပဋိပက္ခ ထဲ ဆွဲသွင်းခံရမည်လော ဟူသော မေးခွန်းများလည်း ထွက်ပေါ်လာရသည်။
ယခုထိ အစ္စရေးသည် Operation Rising Sun ခြင်္သေလည်ပြန် စစ်ဆင်ရေး ဖြင့် အနည်းဆုံး ခြောက်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ ရှေ့လျောက် တိုး၍ တိုက်ခိုက်လာဖို့လည်း ရှိနေသည်။
အမေရိကန် သည် သဲသဲကွဲကွဲ မသိရသော ထောက်ခံမှု မျိုး ဖြင့် ခပ်ဝေးဝေး မှ ရပ်တည်နေသော်လည်း ထရမ့်ကမူ ၎င်း၏ ဆိုရှယ် မီဒီယာ မှ နေ၍ အီရန်ကို သဘောတူ ညီချက် ယူဖို့ အခွင့် အရေး တခုပြီး တခု ပေးခဲ့ကြောင်း၊ အစ္စရေး တို့ သုံးသည့် အမေရိကန် လက်နက်များ အစွမ်းထက်ပုံ ကို ကြွားလုံး ထုတ်ခဲ့ပြီး ရှေ့လျောက် ထိခိုက်ပျက်စီးမှု အများအပြား ရှိလာမည် ဖြစ်၍ ဘာမှ မကျန်တဲ့ အထိ မစောင့်သင့်၊ အီရန် အတွက် အချိန် ရှိနေသေး ကြောင်း အစရှိသဖြင့် ရေးသားလာသည်။
ဂျော်ဒန်တွင် အခြေစိုက်ထားသော အမေရိကန် စစ်လေယာဉ်များက အီရန် တို့ တိုက်ခိုက်လာမည့် ဒရုန်းများကို ကြားဖြတ် ပစ်ချဖို့ ရှိနေသည်။ အမေရိကန်သည် အီရန် နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဆက်ဖွင့်ထားဖွယ် ရှိနေသည်။ အမေရိကန် အထူး သံတမန် စတိဗ် ဝစ်ကော့ နှင့် ဇွန်လ ၁၅ ရက်နေ့တွင် နျူကလီယား ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ထားပြီး ဖြစ်နေသည်။
ယခုထိ ပင်လယ်ကွေ့ နိုင်ငံများက တစုံတရာ တုန့်ပြန် ပြောဆိုမှု မရှိသေးပေ။ အများစုက ၎င်းတို့၏ ရန်သူ တော်ကြီး သွေးအလိမ်းလိမ်း ဖြစ်သွားမည့် အရေး ကို ကြိတ်၍ ကျေနပ်နေကြဟန် ရှိသည်။ သို့သော် အီရန်မှ လက်တုန့်ပြန်လာမည့် အရေးကိုတော့ စိုးရွံနေကြသည်။ ဘာရိန်းတွင် အမေရိကန် ရေတပ်စခန်း ရှိနေသည်။ ကာတာ တွင်လည်း အမေရိကန် လေတပ်စခန်း ရှိနေပြန်သည်။ ဆော်ဒီ အာရေးဗီယားကတော့ ရွံရှာဖွယ် လုပ်ရပ်ဆိုကာ ရှုတ်ချထားသည်။
အစ္စရေးကတော့ ရေရှည်စစ်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်ထားဟန်ရှိသည်၊ အစ္စရေး လေတပ်တွင် ဂျက်တိုက်လေယာဉ် အစီး ၃၀၀ ခန့်နှင့် ဒရုန်း အမြောက်အမြား ရှိထားပြီး ဖြစ်သည်။ သို့သော်လည်း အစ္စရေး မှ မိုင် တထောင်ကျော်ခန့် ဝေးသည့် အီရန် ပစ်မှတ် များ အသွား လမ်းတဝက် တွင် ဆီ ပြန် ဖြည့်ရမည့် အရေးကြောင့် တိုက်လေယာဉ်များကို စိတ်ရှိလက်ရှိ မသုံးနိုင်။ စစ်ဆင်ရေး လှိုင်း တ လှိုင်း တွင် အနည်းငယ်မျှသာ သုံးနိုင်သည်။
ပထမလှိုင်း တွင် F-35 ဗုံးကြဲလေယာဉ်များ နှင့် ဝေဟင်မှ မြေပြင်သို့ ပစ်နိုင်သည့် ဒုံးကျည်များ သယ်ဆောင်လာသော လေယာဉ်များ ဖြစ် လေကြောင်း ကာကွယ်ရေး စခန်းများ နှင့် ကွပ်ကဲရေး ဌာနချုပ် များ ကို တိုက်ခိုက်လာသည်။ သို့မှသာ ဒုတိယလှိုင်းတွင် F-15 နှင့် F-16 တို့မှ အနီးကပ် တိုက်ခိုက်နိုင်မည် ဖြစ်သည်။
မြေပြင်ရှိ အစ္စရေး ထောက်လှန်းရေး မှလည်း အောက်တိုဘာလ အတွင်းက ရုရှားလုပ် S-300 ဒုံးကျည်များ ထားရာ စခန်းများကို ဖျက်ဆီးပစ်ခဲ့ကြသည်။
အဓိက ကျသည့် အီရန်၏ နျူကလီယား စခန်းများ မည်မျှ အထိ ထိခိုက်ပျက်ဆီးအောင် လုပ်နိုင်မည်လဲ ဆိုသည်ကိုက သဲသဲကွဲကွဲ မသိရသေးပေ။ အမေရိကား၏ အကြီးဆုံး မြေအောက် ဘန်ကာဖျက်ဗုံး GBU-57 ကို အစ္စရေး လေယာဉ်များက သယ်ယူ နိုင်စွမ်း မရှိသော်လည်း နေရာတနေရာတည်းကို ကြိမ်ဖန် များစွာ အသုံးပြုရမည်ဟု ကျွမ်းကျင်သူ အချို့က ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုစခန်းများ၏ ဝင်ပေါက်များ၊ ဥမင်လှိုဏ်ခေါင်းများနှင့် လေဝင်လေထွက်ပေါက်များကို ပစ်မှတ်ထားကောင်း ထားနိုင်သည်။
အီရန်ဖက်က ပြင်းပြင်းထန်ထန် လက်တုန့်ပြန်လာမည်က ကြိမ်းသေနေသည်။ ခေါင်းဆောင်ကြီး ခါမေနီကိုယ်တိုင်က ကတိပေး ပြောဆိုခဲ့ပြီး ဖြစ်သည်။
သောကြာနေ့ မနက်မှာတင် အီရန်သည် ကနဦး တုန့်ပြန်မှု အဖြစ် ဖေါက်ခွဲရေး ဒရုန်း အစင်း ၁၀၀ ခန့် ပစ်လွှတ်လာခဲ့သည်။ သို့သော် ဒရုန်း အားလုံးနီးပါးကို ဆီရီယား နှင့် ဂျော်ဒန် လေကြောင်း ပိုင်နက် အတွင်း ပစ်ချ နိုင်ခဲ့သည်။ ပထမ အချီတွင် အစ္စရေး ဖက်မှ အထိအခိုက် အပျက်အစီး မရှိဘဲ ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း နောက်ဆုံး သတင်းများအရတယ်လဗီး အပါအဝင် အစ္စရေး မြို့ကြီးများ တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်ဟု သိရသည်။
လာမည့် လများ အတွင်း မည်သည့် နိုင်ငံက အကောင်းဆုံး ပြင်ဆင်ထားမည် ဆိုသည်နှင့် ဒေါ်နယ် ထရမ့်၏ အမေရိကား အား ပဋိပက္ခ ထဲ ဆွဲသွင်းခံရမည်လား ဆိုသည်ကို တွေ့ကြရမည် ဖြစ်သည်။
ထိုအတူ ဒေသတွင်း ဆိုးဝါးစွာ ခြိမ်းခြောက်လာမှု ကြီးအား အပြီးအပိုင် ဖယ်ရှားပစ်နိုင်မည်လား၊ သို့တည်း မဟုတ် ပဋိပက္ခသည် ပို၍ အရှိန် မြင့်လာနိုင်ပြီး အီရန်မှ ဗုံးတလုံး ရရှိ အောင် နှစ်ဆတိုး၍ ကြိုးပမ်းလာနိုင်သည်။