မြန်မာ တို့၏ ပြည်တွင်းစစ်သည် ယခုအခါ ကမ္ဘာတွင် ဘာသာရေး၊ လူမျိုးရေး နှင့် မပတ်သက်ဘဲ ထူးခြားစွာ ဖြစ်ပေါ်လာသည့် အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အရေး အတွက် လူထု တရပ်လုံး အင် နှင့် အား နှင့် ဆန့်ကျင် တွန်းလှန် တော်လှန်နေခြင်း ပင် ဖြစ်သည်။
စစ်ဝါဒီ များ အာဏာသိမ်း၍ ဆိုကာ အလွယ်တကူ ပြောနေခြင်း သာ ဖြစ်သည်။ တကယ်တမ်းတွင် နိုင်ငံကို လက်နက် အားကိုးဖြင့် လုယက် ဓါးမြ တိုက်ကာ ၎င်းတို့ ပိုင် အဖြစ် လူထု လက်မှ သိမ်းယူ သွားသည့် လုပ်ရပ်ကြီး ဖြစ်၍ လူထု မှ ရရာ လက်နက်စွဲကိုင် တော်လှန်လာခဲ့ရာမှ နွေဦး တော်လှန်ရေး ကြီး ပေါ် ပေါက်လာခြင်း ဖြစ်သည်။
ထို တော်လှန်ရေး ကြီး၏ အလံတော်အောက်တွင် ပင် နှစ်ပေါင်း ၈၀ နီးပါး လူမျိုးရေး အရ တင်းမာမှု များ ရှိနေသည့် အဖွဲ့အသီးသီး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင် လာခဲ့ကြသည်။
ယင်း နှင့် ပတ်သက်၍ ကွယ်လွန်သူ ဆရာ ညီပုလေး က ဓမ္မ နှင့် အဓမ္မ တို့ကြား တိုက်ပွဲ၊ အမှား နှင့် အမှန် တို့၏ လွန်ဆွဲပွဲ၊ စိတ်ကူးစိတ်သန်း သစ် များ နှင့် ပုပ်သိုး ဆွေးမြေ့ နေပြီး ခိုးဆိုးလုယက် ဖို့သာ သိသည့် လူများ အကြား နပမ်းသတ်ပွံ၊ နောက်ဆုံးတွင်တော့ လက်နက်ကိုင် လူတစု နှင့် လူပေါင်း သန်း ငါးဆယ်ကျော် တို့ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲရမည့် နောက်ဆုံး တိုက်ပွဲ ကြီး ဟု ရေးသားခဲ့ဖူးသည်။
ယင်းသည်က အမှန်ပင် ဖြစ်သည်။ ထိုတိုက်ပွဲကြီး တွင် အရေးနိမ့်သွားမည် ဆိုက နောက်ထပ် မျိုးဆက်ပေါင်း များစွာ စစ်ခေါင်းဆောင်များ နှင့် ၎င်းတို့ မိသားစု များ၊ လက်ဝေခံ ခရိုနီ များ၏ လက်ခုပ်ထဲက ရေလို သွန်လိုသွန် မှောက်လို မှောက် ဘဝ နှင့် အသက်တချောင်းကို ပင်ပန်း ဆင်းရဲခြင်း ကြီးစွာ နှင့် မွေးမြူနေရသည့် ဘဝ မျိုး နှင့် နေထိုင်သွားကြရတော့မည် ဆိုသည်ကို ပြည်တွင်း ရှိ ထမင်းစားကြီးသူ တိုင်း သိထားကြပြီး ဖြစ်သည်။ လက်ရှိတွင်ပင် ၈၀ ရာနှုန်းသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပြီဟု ကုလ သမဂ္ဂ မှ ထုတ်ပြန်ထားပြီး ဖြစ်သည်။
သို့သော် ကမ္ဘာကြီးက ထိုအကြောင်းများကို ကောင်းစွာ သိထားသော်လည်း ၎င်းတို့ ဝင်ရောက် ကူညီ ပေးခြင်း မရှိကြပဲ လက်ပိုက်ကြည့်နေခဲ့သည်၊ သို့သော် သူနိုင်ကိုယ်နိုင် အပြိုင်ကျဲရမည့် တိုက်ပွဲ ကြီးသည် ပြင်းထန်လွန်း မက ပြင်းထန်လာချိန်တွင်တော့ ၎င်းတို့ ထူထောင်ထားသည့် ကမ္ဘာစနစ်ကြီး ကို ပါ ထိခိုက်လာတော့မည့် အရေး ကို အထိတ်တလန့် သိမြင်လာကြပြီး စစ်အုပ်စု ၏ စကား နှင့် ပင် ဖေါ်ပြနိုင်စွမ်း မရှိဟု ဆိုထားသော လူမဆန်သည့် ရက်စက် ကြမ်းကြုပ်မှုများကို လျစ်လျူ ရှူကာ အပစ်အခတ် ရပ်စဲကြရန် အထိတ်တလန့် တောင်းဆိုလာကြသည်။
ဤသည်ကို ကု လ အထွေထွေ ညီလာခံ ကြီး၏ ဆုံးဖြတ်ချက် ၇၉/၁၈၂ အရ အခွင့်အာဏာ အပ်နှင်းထားသော အလွတ် သဘော ဆွေးနွေးပွဲတွင် မြန်မာအရေး ကုလ အတွင်းရေးမှုး ချုပ်၏ အထူး သံတမန် ဂျုလီ ဘစ်ရှော့၏ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း တွင် အထင်အရှား တွေ့လာရသည်။
ထိုသို့ အပစ်အခတ် ရပ်စဲခြင်း မရှိ၊ အကြမ်းဖက်မှု များ အရှိန် လျော့ကျ သွားခြင်း မရှိ၊ လူထု၏ လိုအပ်ချက်ကို အလေးမမူက တတိုင်းပြည်လုံး ပျက်စီးခြင်း ငါးပါး ဆိုက်တော့မည်ဟု ပင် ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲ ဆိုသည်ကလည်း အားလုံး ပါဝင်နိုင်ခြင်း မရှိပါပဲလျက် မည်သို့ မည်ပုံ လုပ်မည် ဆိုသည်ကလည်း စဉ်းပင် မစဉ်းစား တတ်အောင် ဖြစ်ရသည် ဟု ဆိုသည်၊ ထိုစကားသည် စစ်အုပ်စု၏ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ကုလ သမဂ္ဂ၏ သဘောထား ဖြစ်လာပေတော့မည်၊ ထို့အတွက် ၎င်းတို့၏ ရွေးကောက်ပွဲ အပေါ် ယခင် အတိုင်းပင် တရုတ်၊ အိန္ဒိယ၊ ရုရှား တို့ မှ လွဲ၍ အသိအမှတ် ပြုလာကြမည် ပုံ မရှိ ပေ။ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်လည်း ကုလသမဂ္ဂ စင်မြင့်မှ နေ၍ တောင်းဆိုသွားခဲ့သည်။
အမေရိကန် သံအမတ် ကြီးကလည်း ရခိုင်ပြည်နယ် အရေးကို ထူးထူးခြားခြား ထည့်ပြောလာပြီး အာရက္ခတပ်တော် နှင့် စစ်အုပ်စု နှစ်ဖွဲ့စလုံးမှ လူ့အသက်များ ကို တန်ဖိုးထားရန် နှင့် အရပ်သား များ ကို ကာကွယ်ပေးဖို့ ဦးစားပေး လုပ်ဆောင်ကြရန် တိုက်တွန်းသွားခဲ့သည်။
တရုတ် သံအမတ်က မြန်မာ၏ လူ့အခွင့်အရေး ပြဿနာကို နိုင်ငံရေး အရ အသုံးချလာမှု ကို ဆန့်ကျင်ကြောင်း ကန့်ကွက် ပြောဆိုသွားခဲ့သည်။
ထို့အတွက် အားလုံး၏ သဘောထားသည် နိုင်ငံတွင် တည်တံ့ ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရဖို့ထက် လတ်တလော လူကြားမကောင်းအောင် ဖြစ်နေသည့် အကြမ်းဖက်မှု များ ရပ်တန့်ပြီး ဆွေးနွေးကြရေး ကို သာ ဦးစားပေး ပြောဆိုလာကြပြီ ဖြစ်သည်။
စစ်အုပ်စု အဖို့ က ပိုနေမြဲ ကျားနေမြဲ တိုင်းပြည်ကို ဆက်လက် ချယ်လှယ် နိုင်ရေး ဆိုသည့် ရည်မှန်းချက် က တပြားမှ မလျော့၊ ယင်းသည် ၎င်းတို့ အတွက် သေရေးရှင်ရေး ဟု ခံယူထားပြီး ဖြစ်သည်။ ထို့အတွက်လည်း မည်သည့် နည်းလမ်း မဆို သုံးဖို့လည်း ဝန်မလေးတော့၊ ကရင်ပြည်နယ် တွင် စစ် ရေး အရ အခြေမလှ ဖြစ်လာ နေ၍ တနင်္လာနေ့တွင် အရပ်ဖက် ပစ်မှတ်များကို အတွဲလိုက် ဆက်တိုက်ပေါက်ကွဲ နိုင် သည့် cluster bomb ဖြင့် တိုက်ခိုက်လာ၍ ကော့ကရိတ် မြို့နယ် အတွင်းရှိ ကျေးရွာ စာသင်ကျောင်း ထိမှန်သွားပြီး ကလေးငယ် သုံးဦး နှင့် ဆရာတဦး သေဆုံးသွားခဲ့ သည်။
လူထု ကြီးကလည်း မိမိတို့ ၏ ဘဝ တိုးတက်ရာ တိုးတက်ကြောင်း အသာထား၊ အခြေခံ လိုအပ်ချက်များကိုပင် ဖြည့်ဆည်းပေးရန် မည်သို့မျှ စိတ်ဝင်စားခြင်း မရှိ သူများ၊ မိမိတို့အား ရန်သူလို၊ ကျွန်လို ဆက်ဆံ နေပြီး ၎င်းတို့ အုပ်စု သားစဉ်မြေးဆက် အုပ်စိုး နိုင်ဖို့၊ ချမ်းသာဖို့ စီမံခန့်ခွဲ နေမည့် အရေး ကို နှစ်ပေါင်း ၆၀ ကြာ ခေါင်းငုံ့ ခံလာခဲ့ရပြီးလည်း ဖြစ်၍ ဆက်၍ သည်းခံ နိုင်စွမ်း မရှိတော့။ ငတ်၍တော့ အသေမခံနိုင်၊ မိမိတို့ အိုးအိမ်ရပ်ရွာကို မီးလောင်တိုက်သွင်းလာသော ရိုင်းစိုင်းကြမ်းတမ်းလှသည့် စစ်အုပ်စု အား အပြီးအပြတ် ဖယ်ရှားနိုင်မှ ဖြစ်မည်ဟု ဆိုကာ ကြံဆောင်နေကြပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!
Wisdom without honesty is mere craft and cozenage.
Ben Jonson