အတွေးစများ ဆန့်ထုတ်ခြင်း (၂)

by Hla Soewai - Jul 04 2020

မိမိအတွက်ကော ပါတီအတွက်ပါ မဲများကတိုးလာဖို့ နေနေသာသာ မရှိမဲ့ ရှိမဲ့ ခြစ်ကုပ်ရယူထားရသော မဲများထဲမှ ပဲ့သွားဖို့ရှိသည်ကိုပင်လျှင် တွေးတော ဆင်ခြင်နိုင်စွမ်း မရှိရှာပဲ ကျဆုံးသွားသူ ဗိုလ်ချုပ်ကိုပင် တွယ်ထည့် လိုက်သည်အထိ မိုက်မဲကြသူများ က တိုင်းပြည်အာဏာ မျှော်မှန်းနေကြသည့် အရေးကြောင့် လာမည့်ရွေးကောက်ပွဲသည် ပြည်သူများအဖို့ ခြေချော်လက်ချော်ပင် အဖြစ်မခံနိုင်လောက်အောင် အန္တရာယ်များလှပေသည်တကား။

 

သူခမျာ မြန်မာ သမိုင်းပင် ကျေလည်အောင်သိမထားရှာ၍ ပြောပြရပေဦးမည်။

 

၁၉၄၆ စက်တင်ဘာလတွင် ဆာဟူးဘတ်ရန့်စ်သည် မြန်မာပြည် ဘုရင်ခံရာထူးကို စတင်တာဝန်ယူချိန်တွင် မြန်မာပြည်၌ ရဲအမှုထမ်းတို့၏ သပိတ်မှ အစပြု၍

အထွေထွေ သပိတ်တိုက်ပွဲကြီး ဆင်နွဲနေချိန် ဖြစ်သဖြင့် အခြေအနေများက ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ ထိုအခြေအနေများကို ထိန်းသိမ်းနိုင်သူဆို၍

တတိုင်းပြည်လုံးက လေးစားချစ်ခင်နေသော ဗိုလ်ချုပ်အောင်ဆန်းသာ ရှိသည်ကို ဗြိတိသျ အုပ်ချုပ်ရေးသမားများက ကောင်းစွာ သဘောပေါက်လာခဲ့ကြသည်။

 

စက်တင်ဘာ ၂ ရက်နေ့တွင် အိန္ဒိယ ဘုရင်ခံချုပ်မှ နေရူးအား ဘုရင်ခံ အမှုဆောင်ကောင်စီတွင် ဒုဥက္ကဌ ရာထူးကို ပေးအပ် လိုက်သည်ဆိုသော သတင်းကို ရန့်စ် က သိသွားပြီး အလားတူ ရာထူးမျိုး ဗိုလ်ချုပ်ကို ခန့်အပ်ရန် ကမ်းလှမ်းလာခဲ့သည်။

 

နှစ်ပတ်ကြာအောင် ဗိုလ်ချုပ် ဦးဆောင်သော ဖဆပလ နှင့် အကြိတ်အနယ် ဆွေးနွေးပြီးနောက် ဗိုလ်ချုပ်သည် ထိုရာထူးကို လက်ခံလိုက်သဖြင့် ဗမာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

 

သူ၏ အစိုးရ အဖွဲ့တွင် အကိုဖြစ်သူသာမက တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်များ နှင့် ဦးစော၊ ဒေါက်တာဘမော်တို့၏ နောက်လိုက်များလည်း ပါဝင်လာခဲ့သည်။

 

ထို့အတွက် ဗိုလ်ချုပ်ကိုယ်တိုင် ယူနီဖောင်း ချွတ်ပြီး အရပ်သားအဖြစ် ဝင်ရောက်ခဲ့သည်။ သို့သော် လွတ်လပ်ရေး အတွက် အင်္ဂလိပ်ကို တိုက်ထုတ်သင့် ထုတ်ရန် ရှိနေသည့်အတွက် ရဲဘော်သုံးကျိပ်ဝင်များက ပြည်သူ့ရဲဘော်တပ်အဖြစ် အရန်သင့် ပြင်ခိုင်းထားခဲ့ပြီးလည်း ဖြစ်သည်။

 

အဆိုပါ ရာထူးကို ဘုရင်ခံချုပ်မှ တိုင်းပြည် အခြေအနေကို ဝင်ရောက်ထိန်းသိမ်းပေးပါရန် တောင်းတောင်းပန်ပန်နှင့် ကမ်းလှမ်းလာခဲ့၍ နိုင်ငံ လွတ်လပ်ရေး အတွက် အရေးဆိုရန် အခွင့်သာပြီဆိုကာ လက်ခံခဲ့ခြင်းသာဖြစ်သည်ကို ရှစ်တန်းကျောင်းသားပင် သိပေသည်။ (ပုံတွင် မကျဆုံးမီ တနှစ်က ဘုရင်ခံ ဆာဟူးဘတ် ရန့်စ် နှင့်အတူ တွေ့ရစဉ်)

 

ဗိုလ်ချုပ်၏ အစိုးရ အဖွဲ့သည် တိုင်းပြည်လွတ်လပ်ရေးကို သွေးထွက်သံယို တစက်မျှ မရှိပဲ ပေးထားသည့် ကတိအတိုင်းအရယူ ပေးသွားနိုင်ခဲ့သည်ပင် မဟုတ်ပါလား။

 

ထိုကဲ့သို့သော ဗိုလ်ချုပ်ကိုပင် အမှားများထောက်ပြ ဝေဖန်ဦးမည်ဆိုသည်ကပင် ဗိုလ်ချုပ်အား ၎င်းတို့ပါတီ၏ အတိုက်အခံကြီးသဖွယ် ယူဆလိုက်ခြင်းပင် ဖြစ်သည်။

 

ထိုအချိန်က ဗိုလ်ချုပ် ကို အတိုက်အခံလုပ် နေသူ ဟူ၍ ဦးစောသာ အထင်ကရ ဖြစ်နေသည်။

 

သို့သော် ထို အမတ် ၏ ရေးသားမှုများသည် မိမိတို့ ပါတီ၏ ခံယူချက် မဟုတ်ဟု ပြည့်ခိုင်ဖြိုးဖက်မှ ရှင်းလင်းခြင်းလည်း မရှိသေးပေ။ ထို့အတွက် တသဘောတည်းဟုသာ ယူဆ၍ ရနေသည်။

 

ဤမျှလောက်ပင် အတွေးတိမ်သူများနှင့် ယှဉ်ပြိုင်ရမည့်အရေးကား NLD အတွက် ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မိသိန်း ကြည်ဟုပင် ပြောရပေတော့မည်။