အာရက္ခ တပ်တော်သည် ကျောက်ဖြူ မြို့ နှင့် သုံးမိုင်အကွာရှိ ရဲတပ်ရင်း (၃၂) ကို သိမ်းယူ နိုင်ရန် ဇွန်လ ၉ ရက် နေ့တွင် စတင် တိုက်ခိုက်လာရာမှ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။
ငါးရက် အကြာ ဇွန်လ ၁၄ ရက်နေ့ အရောက်တွင် တော့ အရာရှိများ အပါအဝင် စစ်ကောင်စီ တပ်သား ၆၀ ကျော် အာရက္ခ တပ်များထံ ခိုလှုံလာကြသည်ဟု ရှေ့တန်း သတင်းအရင်းအမြစ်များအား ကိုးကား၍DVB သတင်းဌာန က ရေးသားလာခဲ့သည်။
၎င်းတို့သည် တပ်မ ၁၁ နှင့် ၉၉ မှ ပူးပေါင်း တပ်ဖွဲ့ဝင်များ ဖြစ်ပြီး အများစု မှ အတင်းအကျပ် စစ်ထဲဆွဲသွင်း ခံရသည့် တပ်သားသစ်များ ဖြစ်သည် ဟု သိရသည်။ ရန်ကုန် အသွားအပြန် လေယာဉ် လက်မှတ်သည်လည်း ကျပ် ငါးသိန်းအထိ မြင့်တက်သွားပြီး စစ်တပ်မှ ၎င်းတို့ အရာရှိများ အတွက် အသွား တကြောင်း ဘုတ်ကင် လုပ်ထားမှုများ နှင့် ပြည့်နေ၍ ဝယ်ယူရန်ပင် ခက်ခဲနေရသည်ဟု မြို့ခံများက ဆိုသည်။
မေလ ၃၀ ရက်နေ့တွင် ကျောက်ဖြူ အနီးရှိ မင်းတပ်တောင် စစ်စခန်းကို သိမ်းပိုက်ခဲ့ရာ တွင် စစ်အုပ်စု ဖက်မှ အဆင့်မြင့် အရာရှိများ အပါအဝင် အများအပြား ဖမ်းဆီးရမိခဲ့သည်ဟု လည်း သိရသည်။
အာရက္ခ တပ်တော်သည် ကျောက်ဖြူကို ဖေဖေါ်ဝါရီလ မှ စပြီး တိုက်ခိုက်နေသော်လည်း စစ်အုပ်စု ဖက်မှ ရေငုံ နှုတ်ပိတ် နေဆဲ ဖြစ်ပြီး ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည် ဖေါ်သွားမည်ဟု ဘီဂျင်းရှိ ဆရာသမား များ အလိုကျ ဟစ်ကြွေးနေဆဲပင် ဖြစ်သည်။
ယခုအခါ အာရက္ခ တပ်တော်သည် စစ်အုပ်စု ၏ လက်နက် ခဲယမ်း စက်ရုံများ နှင့် လက်တကမ်း အကွာ သို့ ရောက်ရှိလာနေပြီ ဖြစ်သည်။ ဒီဇင်ဘာလ အတွင်း ဂွ မြို့ကို သိမ်းယူခဲ့အပြီး တွင် ဧရာဝတီ တိုင်း အနောက်မြောက် ဒေသထဲသို့ စတင်ထိုးစစ် ဆင်လာခဲ့သည်။ ယင်းနှင့် အတူ လေးမျက်နှာ၊ ငသိုင်းချောင်း၊ ရေကြည်မြို့နယ် များ ခြိမ်းခြောက်ခံလာနေရပြီ ဖြစ်သည်။
အာရက္ခ တပ်တော်သည် စစ်ကြောင်း သုံးကြောင်း ဖွင့်၍ ဖိုခနောင့်ဆိုင် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။ဧရာဝတီ ထိုးစစ်အပြင် တောင်ကုတ် ကို အခြေပြု၍ ပဲခူးတိုင်း အတွင်းရှိ ပန်းတောင်း ဒေသသို့ ၎င်း၊ အမ်း မှ တဆင့် မကွေးတိုင်း ငဖဲ မြို့ များသို ၎င်း ထိုးစစ်ဆင်လာနေခြင်း ဖြစ်သည်။
စစ်ကောင်စီ သည် ဗမာ နှင့် ရခိုင်တိုင်းသား တို့ မည်သို့မျှ ပူးပေါင်း၍ ရမည် မဟုတ်ဟု ယုံကြည်ထား ခဲ့ကြသည်ဟု Frontier Myanmar တွင် ရေးသားထားသည်။
စစ်ရေး လေ့လာနေသူ များ အားလုံးက ယခုအခါ ရခိုင် စစ်မျက်နှာသည်သာ နေပြည်တော် ကို အလဲထိုး နိုင်မည် ဖြစ်ပြီး ကျန် ညီနောင် နှစ်ဖေါ်ကမူ တရုတ် လက်အောက်ခံ များ အဖြစ် တမြို့ပြီး တမြို့ ပြန်ပေးရင်း ၁၀၂၇ မတိုင်မီ ဒုံရင်း ဒုံရင်း ဘဝ သို့ ပြန်ရောက်သွားတော့မည် ဖြစ်သည်။
ပြည်သူများကလည်း ရခိုင်တို့၏ အောင်ပွဲသည် မြန်မာ ပြည်သူ တရပ်လုံး၏ အောင်ပွဲသို့ မှတ်ယူ နေကြပြီ ဖြစ်သည်။
အဖြစ်နိုင်ဆုံးက အာရက္ခ တပ်တော်သည် ရခိုင်ဒေသ အား နောက်ပိုင်း တွင် ပိတ်ဆို့ မခံရအောင် ပြည်မ မှ ထောက်ပို့ နှင့် ကုန်စည် စီးဆင်းမှု လမ်းကြောင်းများ ပွင့်နေစေရန် ကြားခံ နယ်မြေများ တည်ဆောက် ထားလိုပုံရသည်။
တိုင်းပြည်ကို စစ်ဝါဒ ဖြင့် ပြားပြားဝပ် အုပ်ချုပ်သွားလိုသည့် စစ်အုပ်စု အား မဖယ်ရှား နိုင်သရွေ့ မည်သို့မျှ စိတ်ချလက်ချ နေကြရမည် မဟုတ်သည်ကို အစ္စရေး တို့ နှင့် ငြိမ်းချမ်း ရေး ရယူခဲ့သော အရှေ့အလယ်ပိုင်းရှိ အနောက်ဖက် ကမ်းပါး ရပ်မှ ပါလက်စတိုင်း အုပ်ချုပ်ရေး အဖွဲ့ (PA) ၏ ဖြစ်ရပ်များက သက်သေခံနေပြီ ဖြစ်သည်။
အာရက္ခ တပ်တော်သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ နယ်ခြား ဒေသများကို လုံးဝဥသုံ ထိန်းချုပ်ထားခဲ့နိုင်ပြီ ဖြစ်၍ အဆိုပါ နှစ်နိုင်ငံ စလုံးက မဖြစ်မနေ ဆက်ဆံရေး လမ်းကြောင်း ဖွင့်လာခဲ့ရပြီ ဖြစ်သည်။ ကုလ သမဂ္ဂက ဖက်မှလည်း ထောက်ခံပေးလာခဲ့သည်။ အာရက္ခ သည် အိန္ဒိယ ၏ မီဇိုရမ် ဘက်ခြမ်း တွင် ပင် ဆက်သွယ်ရေး ရုံး ဖွင့်ထားပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။ နှစ်နိုင်ငံစလုံးကလည်း ဝင်ရောက် မစွက်ဖက်ကြသည့် အပြင် ၎င်းတို့ဖက်မှ ပိတ်ဆို့ပေးရန် စစ်အုပ်စု၏ ဖိအား ကို ငြင်းဆန်ခဲ့ကြပြီး လည်း ဖြစ်သည်။
ပြည်သူထောက်ခံမှု ရနေစဉ်ကာလ များက ပြင်ဦးလွင် စစ်ကျောင်းတော်ကြီး အား West Point စစ်တက္ကသိုလ် အဖြစ် နှိုင်းယှဉ် ပြောဆိုခဲ့ကြသော်လည်း ယခု အခါတွင်တော့ စစ်နည်း ဗျူဟာ ဟူ၍ မရှိတော့ဘဲ လေကြောင်းပစ်ကူ နှင့် မြေပြင်တွင် လူငယ်လေးများ၏ အသက်ကို စတေး၍ လူလှိုင်းလုံးတက် ပုံစံ နှင့် တိုက်ခိုက်နေကြရပြီ ဖြစ်၍ ပြင်ဦးလွင် စစ်ကျောင်းကြီးအား ပိတ်ထား၍ပင် ရနေပြီ ဖြစ်သည်။
နေပြည်တော်ရှိ စစ်အုပ်စုကမူ လက်အောက်ခံ စစ်ဗိုလ်ချုပ်များ ၎င်းတို့ အပေါ် ဆက်၍ သစ္စာခံနေစေရန် စစ်ရာဇဝတ်မှု များ ကို တောက်လျောက် ကျုးလွန်ခိုင်းပြီး ကြံရာပါ များ အဖြစ် ထည့်သွင်းလာခဲ့သည်။ သို့မှသာ တော်လှန်ရေး ကို နှိမ်နှင်းခြင်းသည် ၎င်းတို့ အကျိုး အတွက်လည်း ဖြစ်သည်ဟု ခံယူလာကြမည် ဖြစ်သည်။
၎င်းတို့ အဖို့က မည်သို့မျှ မရှင်းနိုင်သော အန္တရာယ်ကြီး နှင့် ကြုံလာနေရပြီ ဖြစ်သည်။ ဤသည်ကား တတိုင်းပြည်လုံး စားဝတ်နေရေး ကျပ်တည်း လွန်းမက ကျပ်တည်းလာနေခြင်း ပင် ဖြစ်သည်။
ယခုအခါ ရွှေပြည်သာ၊ လှိုင်သာယာ နှင့် တောင်ဒဂုံ မြို့နယ်များရှိ စက်ရုံ ၁၀ ခုမှ အလုပ်သမား များသည် လုပ်ခ တိုးမြှင့်ရေး သပိတ်တိုက်ပွဲ ကြီး ကို ဆင်နွှဲနေကြပြီဟု သိရသည်။ စစ်အုပ်စု ၏ လက်မရွံ အာဏာ သား များ အောက်တွင်ပင် ထိုသို့ သပိတ်တိုက်ပွဲ ဆင်နွှဲလာခြင်းကပင် မည်မျှ အထိ ဒုက္ခတွေ့နေကြရပြီ ဆိုသည်မှာ သိသာထင်ရှား နေပေသည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!
Credit - Original creator