အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ် (၅)

by Hla Soewai - Jun 18 2025

5. REMEMBER PROFESSIONAL ETHICS 

 

နိုင်ငံရေး သမား များသည် မကောင်းသည့် ဖက်သို့ ရှေ့ဆောင်လမ်းပြ လုပ်လာကြချိန်တွင် တရားမျတသည့် လုပ်ဆောင်ချက်များ ထွက်ပေါ်လာအောင် ပညာရှင်များ အနေနှင့် မိမိတို့ ကျွမ်းကျင်ရာ အလိုက် ထားရှိရသည့် ကတိကဝတ်များ သည် ပို၍ အရေးပါလာရသည်။

 

ရှေ့နေ ရှေ့ရပ်များ မပါရှိပဲ တရားဥပဒေ စိုးမိုးနေမှု ကို ဖျက်လိုဖျက်ဆီး လုပ်၍ မရသလို တရားသူကြီး များ မရှိဘဲ အ‌ယောင်ဆောင် ဟန်ပြ တရားခွင်တခု တည်ဆောက်၍ကော ရပါဦးမည်လော။

 

အာဏာရှင်များသည် ၎င်းတို့အလိုကို ကျိုးနွံစွာ အမှုတော် ထမ်းပေးမည့် ဝန်ထမ်းများ လိုအပ်နေသည်။ ချွေးတပ်စခန်း တခုကို စီမံအုပ်ချုပ်နေရသူ များသည် လုပ်အားခ ကို ဈေးပေါပေါ နှင့် ရရန် စိတ်ဝင်စားနေသည့် စီးပွားရေးသမားကို ရှာရ ဖွေရ စမြဲ ဖြစ်သည်။

 

ဒုတိယ ကမ္ဘာစစ် မတိုင်မီ ဟန် ဖရန့်ခ် ဆိုသူသည် ဟစ်တလာ၏ ကိုယ်ရေး ရှေ့နေတဦး ဖြစ်လာခဲ့သည်။ ၁၉၃၉ တွင် ဂျာမဏီသည် ပိုလန်ကို ကျုးကျော် သိမ်းပိုက်လာပြီး နောက်တွင် ဖရန်ခ် သည် သိမ်းပိုက်ခံ ပိုလန်၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ ၎င်း၏ ကိုလိုနီ အုပ်ချုပ်မှု အောက်တွင် သန်း နှင့် ချီ သော ဂျူးများ နှင့် ပိုလန် နိုင်ငံသားများ အသတ်ခံခဲ့ကြရသည်။

 

၎င်း ကွပ်မျက်ခဲ့သည်များ ကို အသိပေးသည့် ပိုစတာများ ကပ်ရန် အတွက် စက္ကူ လုပ်ဖို့ သစ်ပင်များ အလုံအလောက် မရှိတော့ဟု ပင် ကြွားလုံး ထုတ်ခဲ့သည်အထိ ဖြစ်လာသည်။

 

ဥပဒေ ဆိုသည်က လူမျိုးကို အကျိုးပြု နိုင်ဖို့ ဖြစ်ရမည် ဟု ဖရန့်က ပြောလာခဲ့သည်။ ထို့အတွက် လူမျိုး အတွက် ကောင်းသည် မှန်သမျှသည် ဥပဒေ ဖြစ်လာရမည် ဟု ဆိုသည်။

 

ထိုကဲ့သို့ အပြောများကြောင့် ဂျာမန် ရှေ့နေများသည်လည်း ဥပဒေ နှင့် စည်းမျဉ်း မှန်သမျှသည် ရာဇဝတ်မှု များကို ဟန့်တားဖို့ထက် စစ်အောင်နိုင်ရေး နှင့် ဖျက်ဆီးပစ်နိုင်ဖို့သာ ဖြစ်ရမည် ဟု ခံယူလာကြသည်။

 

ဩစတီယား အား သိမ်းပိုက် ချဲ့ထွင် နိုင်ရေး အတွက် ဟစ်တလာ မှ ရှေ့နေ တဦး ဖြစ်သည့် အာသာ ဆေးစ် အင်ကွပ် အား တာဝန်ပေးခဲ့သည်။ ၎င်းသည် နောက်ပိုင်းတွင် နယ်သာလန်ကို အုပ်ချုပ်ရသူ ဖြစ်လာသည်။

 

ဂျူးများ၊ ဂျစ်ပစီများ၊ ပိုလန် အထက်တန်းလွှာ များ၊ ကွန်မြူနစ်များ၊ မစွမ်းမသန် သူ များ အစရှိသည်တို့ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ရေး ဆိုသည့် အထူး တာဝန် ဖြင့် ဖွဲ့စည်းထားသော တပ်များကို ကြီးကြပ်ရသူ များ ထဲတွင် အများစု မှ ရှေ့နေများ ဖြစ်သည်။

 

ဂျာမန် ဆေးပညာရှင်များသည်လည်း သုံ့ပန်းစခန်း များ တွင် ကြောက်မက် ရွံရှာဖွယ်ကောင်းသည့် စမ်းသပ်မှု များ လုပ်ဆောင်ခဲ့ကြသည်။ ဂျာမန် ကုမ္ပဏီ ပိုင်ရှင်များသည်လည်း နိုင်ငံရေး သမား များ အား ချုပ်နှောင် ထားသည့် စခန်းများ တွင် အကျဉ်းကျနေသူ များ၊ ဂျူးများ နေရန် သတ်မှတ်ပေးထားသည့် ရပ်ကွက်များ၊ စစ်သုံ့ပန်းများ၏ လုပ်အား ကိုလည်း ခေါင်းပုံ ဖြတ် အမြတ်ထုတ်ခဲ့ကြသည်။ ဝန်ကြီးများ၊ အတွင်းဝန်များ မှ သည် အောက် ခြေ အစိုးရ ဝန်ထမ်းများ အားလုံးသည်လည်း ကြီးကြပ် ပေးခြင်း၊ မှတ်တမ်းမှတ်ရာ များ ပြုစုပေးခြင်း အစရှိသဖြင့် ကူညီပေးခဲ့ကြသည်။

 

ရှေ့နေများသည် ရုံးတင်စစ်ဆေးခြင်း မရှိဘဲ အကျဉ်းရုံး ကွပ်မျက်နေခြင်းကိုလက်မခံခဲ့လျင်၊ ဆရာဝန်များကလည်း လူနာ၏ သဘောတူညီချက်ကို မယူဘဲ ခွဲစိပ်ကုသခြင်း မလုပ်ခဲ့လျင်၊ စီးပွားရေး လုပ်ငန်း ရှင်များက ကျွန်ကဲ့သို့ ခိုင်းစေနေမှုကို ပိတ်ပင်ရမည်ဟု ထောက်ခံခဲ့လျင်၊ ဗျူရိုကရက်များကလည်း လူသတ်မှု များ နှင့် ဆိုင်သည့် စာရွက်စာတမ်းများကို တာဝန်ယူ ဆောင်ရွက်ရန် ငြင်းဆိုခဲ့ကြမည် ဆိုလျင် နာဇီ စစ်အုပ်စုသည် ကျွနုပ်တို့ ယခုတိုင် မှတ်မိနေကြဆဲ ဖြစ်သည့် ရက်စက်ကြမ်းကြုပ်စွာ ကျူးလွန်ခဲ့မှု များကို အတော် ခက်ခက်ခဲခဲ လုပ်ကြရမည် ဖြစ်သည်။

 

ပညာရပ် အသီးသီး သည် ထီးထီးကြီး ဖြစ်နေသော လူတဦးနှင့် ဖာသိဖာသာ နေသော အစိုးရ အဖွဲ့အကြား ဖြစ်လာနိုင်ဖွယ် မရှိသော အပြန်အလှန် ပြောဆိုမှု တခုကို ကျင့်ဝတ်တရား ဆိုသည့် ပုံစံမျိုး ဖြင့် ဖန်တီး နိုင်ပေသည်။ အတတ်ပညာရှင်များသည် မိမိတို့ကိုယ် မိမိတို့ တူညီသော အကျိုးစီးပွား များ ရှိနေကြသည့် အုပ်စုတစု အဖြစ် စဉ်းစားလာကြမည် ဆိုလျင် အမြဲလို ကျင့်ကြံ လိုက်နာကြရမည့် စည်းမျဉ်းများ၊ စံနှုန်းများ ချမှတ်လာကြမည် ဖြစ်ပြီး ယုံကြည်မှုများ ရှိလာကြသည်နှင့် အမျှ လုပ်နိုင်ကိုင်နိုင်မည့် အခွင့် အာဏာ တမျိုးမျိုး လည်း ပိုင်ဆိုင်လာကြမည်သာ ဖြစ်သည်။

 

အခြေအနေ တရပ်ရပ်သည် ထူးခြားလာပြီ ဟု ပြောလာခဲ့လျင် ပညာရှင် တို့ လိုက်နာရမည့် ကျင့်ဝတ်များက မည်သို့ ဆောင်ရွက်ရမည် ဆို သည်ကို ကျွနုပ်တို့အား အတိအကျ လမ်းညွန်ပေးလာကြမည် ဖြစ်သည်။

 

ထိုအခါမျိုး တွင် "အမိန့်ကို လိုက်နာရပါသည်" ဆိုသော အပြောမျိုး၊ ဆင်ခြေမျိုး ရှိလာတော့မည် မဟုတ်၊ အကယ်၍ ပညာရှင်များသည် ၎င်းတို့ လိုက်နာရမည့် တိတိကျကျ ပြဋ္ဌာန်းထားသော ကျင့်ဝတ် တရားများကို ထိုအချိန်က ဖြစ်ပေါ်လာသော စိတ်ခံစားမှု များ နှင့် ရောထွေးပစ်ကြမည် ဆိုလျင် ၎င်းတို့ ယခင်က စိတ်ပင် မကူးခဲ့ဘူးသည် များ ကို ပြောဆိုလုပ်ကိုင် ‌မိသွားသည့် အဖြစ်မျိုး ကြုံလာရနိုင်ပေသည်။