အနောက်တောင် တိုင်းကို ခြိမ်း ခြောက်လာမည့်ရခိုင် စစ်မျက်နှာ

by Hla Soewai - Jun 18 2025

နောက်ဆုံး ရရှိသော သတင်းများအရ အာရက္ခ တပ်တော် နှင့် မဟာမိတ် တပ်ပေါင်းစုသည် အမ်း-ပဒန်း လမ်း ပေါ်ရှိ ဖက်ဆစ် စစ်အုပ်စု ၏ နောက်ဆုံး လက်ကျန် စခန်း ဖြစ်သည့် နတ်ရေကန် တောင်ကုန်း စခန်း နှင့် နှစ် ကီလိုမီတာ အကွာသို့ ရောက်ရှိလာပြီးကာကင်း စခန်းများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

 

နတ်ရေကန် သည် စစ်အုပ်စု ၏ လက်နက်ကြီး ပစ်ခတ် နိုင်မှု နှင့် လေကြောင်းကာကွယ်ရေး အတွက် အချက်အခြာ ကျသော စခန်းကြီး ဖြစ်သည်ဟု သိရသည်။

 

အာရက္ခ တပ်တော် သည် နိုင်ငံ၏ အနောက်တောင်ဖက်ခြမ်းကိုလည်း ထိုးဖေါက်နေပြီ ဖြစ်သည်။ ထိုသို့ ထိုးဖောက်နိုင်ရန် ထိုဒေသရှိ ၎င်းတို့၏ မဟာမိတ် တပ်များက မည်သို့ ပံ့ပိုးပေးခဲ့သည် ဆိုသည် နှင့် ထိုမှတဆင့် ပဋိပက္ခ အား မည်သို့ ပုံဖေါ်လာမည် ဆိုသည်ကို လေ့လာဖို့ လိုအပ်လာသည်ဟု မြန်မာ အရေးသုတေသီ Drake Avila မှ ဝါရှင်တန် ရှိ စတင်ဆန် စင်တာ ဝက်ဆိုဒ် တွင် သုံးသပ်ထားသည်ကို ကောက်နှုတ် တင်ပြသွားပါမည်။

 

အာရက္ခ တပ်သည် လူမျိုးစု အမျိုးသားရေး ဝါဒ ဖြင့် ကိုယ်ပိုင် ဆုံးဖြတ် ပြဋ္ဌာန်းခွင့် ရရှိရေး ကိုသာ အဓိက ဦးတည်ခဲ့သော်ငြားလည်း အခြား အာဏာရှင် ဆန့်ကျင်ရေး အဖွဲ့များ နှင့် သွေးစည်း ညီညွတ်မှု ကို ကျယ်ကျယ်ပြန့် ပြန့် တည်‌ ဆောက်နိုင်ခဲ့ပြီး ကွန်ယက်ကြီး ကို ဖြန့်ကြက် နိုင်လာခဲ့သည်။

 

ထို့အတွက် ကြောင့်လည်း အိန္ဒိယ နှင့် ထိစပ်နေသည့် ချင်းပြည်နယ်၊ စစ်တပ်၏ စစ်ပစ္စည်းများ ထုတ်လုပ်ရာ ပဲခူး နှင့် မကွေးတိုင်း အတွင်းသို့ ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး စစ်တပ်၏ လက်ဝယ်ရှိ နိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ် ခဲ့သည့် ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ကို ခြိမ်းခြောက် နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ထိုဒေသများ တွင် အာရက္ခတပ်တော် နှင့် လက်တွဲ တိုက်ပွဲ ဝင်နေသော အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိလာပြီ ဖြစ်၍ တော်လှန် ရေး အတွက် အဓိက အားထားရာ ဖြစ်လာခဲ့သည်။ မြန်မာ ပြည်တွင်းစစ်၏ လားရာ ကိုလည်း ကြီးမားစွာ သက်ရောက်မှု ရှိလာခဲ့သည်။

 

အာရက္ခ တပ်တော်သည် နယ်ခြားဒေသတလျောက် စစ်တပ်၏ လှုပ်ရှားနိုင်စွမ်းအား ပျက်ပြားသွားစေရန် နှင့် ပုသိမ်-မုံရွာ လမ်းတလျောက် နှင့် မကွေး၊ ပဲခူး၊ ဧရာဝတီ တကြော ထိန်းချုပ်ထားရန် ရည်ရွယ် လှုပ်ရှား ခဲ့ခြင်း ဖြစ်သည်။

 

ချင်းညီနောင်များ အဖွဲ့သည်လည်း မင်းတပ် နှင့် ဖလမ်း တွင် ထိုးစစ်များ စတင်လာပြီး အာရက္ခ တပ်တော်၏ လက်နက် လူအင်အား ပံ့ပိုး မှု များ နှင့် ၂၀၂၄ ဒီဇင်ဘာ တွင် မင်းတပ် နှင့် ယခုနှစ် ဧပြီ ၂၅ တွင် ဖလမ်းကို သိမ်းယူ နိုင်ခဲ့သည်။

 

ရခိုင်ရိုးမ တလျောက် အာရက္ခ တပ်များ၏ စစ်ဆင်ရေး များကို တော်လှန်ရေး အဖွဲ့ ၆ ဖွဲ့က ၂၀၂၄ ဩဂုတ်လမှ စ၍ ပံ့ပိုး ကူညီ ပေးခဲ့ကြသည်။ ဧရာဝတီ တော်လှန်ရေး တပ်များသည် ရခိုင်တောင်ပိုင်း စစ်ဆင်ရေး များတွင် ကူညီ ပေးခဲ့ကြသဖြင့် ၎င်းတို့ ဒေသအတွင်း စစ်ဆင်ရေးများကိုလည်း အာရက္ခ တပ်များက ကူညီ ဖို့ ရှိ‌နေသည်။

 

စစ်အုပ်စု အတွက်တော့ ၎င်းတို့၏ လုံခြုံရေး အတွက် အိမ်မက် ဆိုးကြီး ဖြစ်လာခဲ့ရသည်။ လုပ်နေကျ လေကြောင်း တိုက်ခိုက်မှုများ၊ ဖြတ် လေး ဖြတ်သည်လည်း ထိရောက်စွာ ဟန့်တား နိုင်ခြင်း မရှိတော့။ 

 

တရုတ်သည် စစ်အုပ်စု အခြေမလှ ဖြစ်လာသည်ကို ဝင်ရောက် ဖြန်ဖြေပေးရန် ကြိုးပမ်းခဲ့သော်လည်း အာရက္ခ တပ်‌တော် အပေါ် ဩဇာ သက်ရောက်နိုင်မှု က မဆိုသလောက်သာ ရှိနေသည်။ ၂၀၂၄ ဒီဇင်ဘာ တွင် စစ်တပ် နှင့် တွေခဲ့ပြီး ဖြစ်သော်လည်း မည်သည့် သဘောတူညီချက်မျိုး မှ ထွက်မလာခဲ့။

 

သို့သော် တရုတ်မျက်နှာ ထောက်၍ ကျောက်ဖြူကို အလုံးအရင်း နှင့် ထိုးစစ်ဆင်ခြင်းကို ရှောင်ရှားခဲ့ကြသည်။ မင်းအောင်လှိုင်သည် ဖေဖေါ်ဝါရီ လအတွင်းက မကွေး၊ ပဲခူး၊ ဧရာဝတီ ဒေသများ တွင် အာရက္ခ တပ် နှင့် မဟာမိတ် "အကြမ်းဖက်" အဖွဲ့များ၏ ခြိမ်းခြောက်မှု အန္တရာယ် ကြီးထွားလာ‌နေပြီဟု ထုတ်ဖေါ် ပြောဆိုခဲ့ရသည်။

 

မကွေး နှင့် ပဲခူး ဒေသများ တွင် အာရက္ခ တပ်များ နှင့် တပ်ပေါင်းစု သည် စစ်တပ်၏ လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများကို ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။ ဧရာဝတီ တိုင်း ထိုးစစ်ကို ဧပြီလ တွင် အကန့်အသတ်နှင့် စစ်ဆင်လာသော်ငြားလည်း ရှေ့လျောက် ကျယ်ပြန့်လာဖို့ ရှိနေ၍ တိုင်းပြည်၏ ဆန်စပါး ထွက်ရှိမှု ၃၀ ရာနှုန်း ရှိ‌ရာ ဒေသ ကို ခြိမ်းခြောက်လာမည့် အပြင် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ လုပ်နိုင်မည့် မြို့ အရည်အတွက်လည်း ထပ်၍ လျော့နည်းသွားပေတော့မည်။ ထိုသို့ စစ်ရေး အသာစီး ရလာနေသော အာရက္ခ တပ်သည် စေ့ဆပ်ဆွေးနွေးရန် အဘယ်သို့ များ စိတ်ဝင်စား ပေမည်နည်း။

 

အာရက္ခတပ်သည် အခြားသော တော်လှန်ရေး အဖွဲ့များကို ထောက်ပံ့ ကူညီ လာခြင်းကြောင့် ချင်းပြည်နယ် နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ အမာခံ နိုင်ငံ အလယ်ပိုင်းကို ဩဇာသက်ရောက်မှု ရှိလာနိုင်သည်။ ထို့အတွက် စစ်အုပ်စု အလွန် နိုင်ငံကို အုပ်ချုပ်မည့် NUG ၏ ရေရှည် ရပ်တည်သွားနိုင်မှု ကျဆင်းလာမည့် အပြင် ထိုဒေသတွင်း ရှိ အဖွဲ့များအကြား အကွဲအပြဲများ ဖြစ်လာမည့် အန္တရာယ်လည်း ရှိလာနိုင်သည်။ ချင်းပြည်နယ် တွင် အလားတူ အနေအထားများ တွေ့လာနေရသည်။

 

အာရက္ခ တပ်သည် NUG အား အာဏာမသိမ်းမီက စစ်တပ် ၏ ရခိုင်ပြည်နယ် အတွင်း စစ်ဆင်ရေး များကို ထောက်ခံခဲ့မှု နှင့် ပြည်နယ် ဝန်ကြီးချုပ်အား ရွေးချယ်ရာတွင် ရခိုင် အမျိုးသားရေး ပါတီများကို ပစ်ပယ်ခဲ့မှုကြောင့် အမြင်မကြည်လင်ဘဲ ရှိနေရာမှ အာရက္ခ တပ်တော် တည်ထောင်သည့် ၁၆ နှစ်မြောက် နှစ်ပတ်လည် နေ့အတွက် သဝဏ်လွှာများ ပေးပို့သည့် အဖွဲ့ ၃၀ ကြားတွင် NUG ပါမလာသည်ကို ထောက်က လောလောဆယ် တွင် ဆက်ဆံရေး မဆင်မပြေဟု ယူဆစရာ ဖြစ်လာသည်။

 

NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်များသည်လည်း အာရက္ခ တပ်နှင့် ပို၍ ပူးပေါင်းလာဖို့ ရှိနေသည်၊ ဤသည်ကလည်း ၎င်းတို့အား NUG မှ လက်နက်၊ ငွေအင်အား နှင့် ‌မြေပြင် အခြေအနေ နှင့် ကိုက်ညီသော မဟာဗျုဟာ ပိုင်းတွင် ပံ့ပိုး နိုင်ဖို့အခက်အခဲများ ရှိလာနေသည်ကို သိလာသောကြောင့် ဖြစ်သည်။ အာရက္ခ တပ်တော်သည်လည်း NUG ၏ နိုင်ငံ ကို ဦးဆောင်မှု ပေးမည့် ရည်မှန်းချက်များ အစား ဒေသတွင်းရှိ ၎င်းတို့နှင့် နီးစပ်သောတော်လှန်ရေး အင်အားစုများကို ပံ့ပိုးပေး လိုသည့် သဘောထား ရှိ‌နေသည်။ အခြား တော်လှန်ရေး အဖွဲ့များသည်လည်း စစ်အုပ်စု ကို တန်ပြန် ခြိမ်းခြောက် နိုင်စွမ်း ရှိလာသည့် အာရက္ခ တပ်တော် အပေါ် မျက်စိကျလာပြီး ပူးပေါင်းလိုလာကြသည်။

 

အာရက္ခ တပ်တော်သည် ယခု အခါ နိုင်ငံ အ‌နောက်တောင်ပိုင်းသို့ ဩဇာသက်ရောက်မှု ရှိလာနေပြီ ဖြစ်သည်။ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း နှင့် အရှေ့တောင်ပိုင်း တို့တွင်လည်း ၎င်းတို့၏ ခြေရာလက်ရာ များ တွေ့ခဲ့ကြရပြီး ဖြစ်သည်။

 

ယခုအခါ အနောက်တောင်ပိုင်းတွင် အာရက္ခ တပ်များ သည် ဦးဆောင်နာယကဖြစ်လာပြီး ၎င်းတို့၏ ရည်ရွယ်ချက် များ အတွက် ပံ့ပိုးပေးမည့်သူ များ ရှိလာ မည် ဖြစ်ပြီး ဗမာလူများစုနေထိုင်ရာ ဗဟိုဒေသတွင်လည်း အလားတူ ဖြစ်လာနိုင်ပေသည်။

 

ယင်းနှင့် အတူ အာရက္ခ တပ်တော်သည် တော်လှန်ရေး၏ အာဏာ နိုင်ငံရေးကို ပြန်လည် အစီအစဉ် ချ လာနိုင်သည်။ ထို့အ‌တွက် စစ်အုပ်စု ကိုသာ မက NUG ကိုပါ ခြိမ်းခြောက်လာနိုင်စွမ်း ရှိနေသည်။

 

လေ့လာသူ အချို့က အာရက္ခတပ်သည် ရခိုင်ပြည်နယ် အပြင်ဖက် တိုးချဲ့ရေး အတွက် သော်၎င်း၊ သို့မဟုတ် စစ်တွေ နှင့် ကျောက်ဖြူ မြို့များ သိမ်းပိုက် ရေး အတွက် သော်၎င်း ဒွိဟ ဖြစ်နေသည်ဟု ယုံကြည်နေကြသည်။

 

တကယ်တမ်း တွင် အဆိုပါ မြို့နှစ်မြို့ အား စစ်တပ် လက်တွင်း ရှိနေခြင်းက ၎င်းတို့ အကျိုးများဖို့ ရှိနေသည်။ ထိုမြို့နှစ်မြို့အား ခြိမ်းခြောက်နိုင်နေသရွေ့ စစ်အုပ်စု သည် တရုတ်တို့ အလိုကျ ဖြစ်ရန် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့ရှိ ပိုမိုလှုပ်ရှားနေသော စစ်မျက်နှာများမှ အရင်းအမြစ်များကို ထုတ်နှုတ် ကာကွယ်‌ ပေးနေရသော ကြောင့်ပင်ဖြစ်သည်။

 

အာရက္ခ တပ်များသည် ထို မြို့များအား ဆက်၍ ခြိမ်းခြောက်ထားပြီး ဧရာဝတီ တိုင်းဖက်တွင် ပို၍ အလုံးအရင်း နှင့် လှုပ်ရှားလာဖွယ် ရှိနေသည်။

 

ရခိုင်ရိုးမ၏ မတ်စောက်ကြမ်းတမ်းသော တောင်ထိပ်များသည် မကွေး၊ ပဲခူးတို့နှင့် ထိစပ်နေသည့် AA နယ်နိမိတ်များကို ခံတပ်ကြီးသဖွယ် အခိုင်အမာ ကာကွယ်ပေးထားသည်။ သို့သော် ဧရာဝတီနယ်စပ်တွင်မူ ရိုးမတောင်စောင်းများသည် နိမ့်လျောကျလာ၍ ဤဒေသသည် မြန်မာစစ်တပ်၏ တန်ပြန်ထိုးစစ်အတွက် ဖြစ်နိုင်ခြေအရှိဆုံး လမ်းကြောင်းဖြစ်သည်။

 

ထို့အပြင် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (Southwestern RMC) သည် ရခိုင်နယ်စပ်နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသည်။ ထိုစစ်ဌာနချုပ်ကို မြောက်ဘက်မှ ဖြတ်တောက်ရန်အတွက် AA သည် ဧရာဝတီတိုင်းရှိ ပုသိမ်-မုံရွာလမ်းတစ်လျှောက် လေးဖက် လေးတန် ဖြန့်၍ ထိုးစစ်ဆင်နွှဲခဲ့သည်။

 

ထိုမှတဆင့် ၎င်းတို့သည် တောင်ဘက်ရှိ ဟိုင်းကြီးကျွန်း ရေတပ်စခန်း နှင့် RMC ကို ချိတ်ဆက်ထားသော လမ်းကို ပိတ်ဆို့ရန်နှင့် အရှေ့ဘက်သို့ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ကြိုးပမ်းလာဖွယ်ရှိသည်။

 

အခြားစစ်မျက်နှာများတွင် ဒေသခံမဟာမိတ်များက စွမ်းအား မြှင့်တင်ပေးလာ သကဲ့သို့ ဧရာဝတီတိုင်းရှိ ခုခံရေးအဖွဲ့များနှင့် မဟာမိတ်များသည် မြေပြင်အနေအထားကို နားလည်ရန်၊ အဖွဲ့၏ ထိုးစစ်ကို ကျူးကျော်မှုအဖြစ်မဟုတ်ဘဲ လွတ်မြောက်ရေးအတွက် ဟု ဆိုကာ ဒေသခံများကို စုဆောင်းရန်အတွက် အဓိက နေရာ မှ ပါဝင် လာကြမည်ဖြစ်သည်။

 

ဤနည်းဖြင့် အဖွဲ့များကို အသုံးချနိုင်သည့်အတွက် AA ၏ စွမ်းရည်သည် လာမည့်လများတွင် မြင့်တက်လာပြီး ၎င်း၏ ထိုးစစ်များကို ဆက်လက်အားဖြည့်ပေးနိုင်တော့မည် ဖြစ်၍ နိုင်ငံ အနောက် တောင် ပိုင်းရှိ စစ်ကောင်စီကို ဆက် တိုက် စိန်ခေါ်လာ တော့ မည်ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချအောင်ရမည်!!!