သူ နှင့် အတူ လူနှစ်ယောက် ပါလာသည်။ အမေ နှင့် မျက်မှန်း တန်း မိသည့် စက်ရုံ အလုပ်သမားများ ဖြစ်နေသည်။
"အမေက ရေနွေးအိုး တည်ထားတာကိုး၊ ကောင်းတယ်၊ ကျေးဇူးပဲ" ဟု ပါဗယ်က အမေ လုပ်ထားသည်ကို ကြည့်ပြီး ပြောလိုက်သည်။
"အမေလည်း ဗောဒကာ လေး ဘာလေး သွားယူဦးမှ ထင်တယ်"၊ အမေသည် သူမ နားမလည် နိုင်သော အရာတခု အတွက် သားဖြစ်သူ ကို ကျေးဇူး တင်ကြောင်း မည်သို့ ပြော ရမည်ကို မသိသောကြောင့် စိတ်ထဲ ပေါ်လာသည့် အတိုင်း အကြံပြုလိုက်ခြင်း ဖြစ်သည်။
"နေပစေ အမေ၊ သားတို့ မလိုပါဘူး" ဟု ပါဗယ်က တယုတယ ပြန် ပြောလိုက်သည်။
အမေ စိတ်ထဲတွင်လည်း သားဖြစ်သူ သည် သူ့အား နောက်ပြောင်ချင်သည့် စိတ်ဖြင့် သူတို့ လူစုမည့် အရေး အန္တရာယ် ရှိနိုင်သည်ဟု ပိုပိုသာသာ ချဲ့ကား များ ပြောခဲ့လေသလားဟု အတွေး ဝင်လာမိပြန်သည်။
"ဒီလို လူတွေက သားပြောတဲ့ အစိုး ရက မျက်စိ စပါးမွှေး စူးနေတဲ့လူတွေ လား" ဟု တိုးတိုး မေးလိုက်ပြန်သည်။
"အစစ်ပေါ့" အမေရာ ဟု ဆိုကာ အခန်းထဲသို့ ဝင်သွားသည်။
အမေသည် သားဖြစ်သူ ကို အမြတ်တနိုး ကြည့်လိုက်ရင်းက "ဟင်း.. ကလေးသာသာ အရွယ်လေးတွေ" ဟု နှိမ့်နှိမ့်ချချ တွေးလိုက်ပြန်သည်။
ရေနွေး ဆူလာသည့် အခါတွင်တော့ အိမ်ရှေ့သို့ ယူလာခဲ့သည်။ ဧည်သည်များက စားပွဲတဝိုက်တွင် ဝိုင်း၍ ထိုင်နေကြသည်။ နာတာရှာ တယောက်သာ အခန်းထောင့် ရှိ မီးအိမ် အောက်တွင် လက်ထဲ စာအုပ်တအုပ် ကိုင်ပြီး ထိုင်နေသည်။
နာတာရှာက "လူတွေ ဘာလို့ ဆိုးဆိုးဝါးဝါး နေ နေကြရလဲလို့ နားလည် နိုင်ဖို့" ဟု ပြောသံကို တဝက်တပျက် ကြားလိုက်ရသည်။
"ဒါဆိုရင် သူတို့ကိုယ်တိုင်လည်း ဘာလို့ ဆိုးနေကြရတာလဲ" ဟု ရုရှားလေးက ဖြတ်ပြောလိုက်သည်။
"သူတို့ ဘဝ တွေ ဘယ်လိုဘယ်ပုံ စပြီး ရှင်သန် ခဲ့ကြတယ် ဆိုတာ မြင်တတ်ဖို့ တော့ လိုတယ်..."
"မြင်အောင် ကြည့်ကြ ကလေးတို့၊ မြင်အောင်ကြည့်ကြ" ဟု အမေက လ္ဘက်ရည် ဖျော်ရင်းက ရေရွတ်လိုက်သည်။
သူတို့အားလုံး ပြောနေရင်း တန်းလန်းက ရပ်သွားကြသည်။
ပါဗယ်က မျက်မှောင်ကြုံ့လိုက်ရင်းက "အမေ ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။
"ဘာဖြစ်လို့လဲ သားရဲ့" ဟု မေးရင်း ဘေးဘီကို ကြည့်လိုက်ရာ အားလုံးက သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါကျမှ အမေ သည် ရှက်ကိုး ရှက်ကန်း ဖြစ်သွားပြီး "အမေဖာသာ အမေ တယောက်တည်း ရေရွတ်မိတာ ပါကွယ်" ဟု ရှင်းပြလိုက်ရသည်။
နာတာရှာက ရယ်ပြီး ပါဗယ်က ပြုံးနေသည်။ ရုရှားလေးကတော့ "လ္ဘက်ရည် ဖျော်ပေးတာ ကျေးဇူးပါ အမေ" ဟု ပြောလာသည်။
"သောက်တောင် မသောက်ရသေးဘူး၊ ကျေးဇူးက အရင်တင်နေပြီကိုး" ဟု အမေသည် စိတ်ထဲက ရေရွတ်လိုက်ရင်း သားဖြစ်သူဖက် လှည့်ပြီး ",အမေ့ကြောင့် အနှောက်အယှက်များ ဖြစ်သွားသလား သား" ဟု မေးလိုက်ပြန်သည်။
"အမေရယ် အိမ်ရှင် ဖြစ်တဲ့ အမေကြောင့် ကျမ တို့လို ဧည်သည်တွေကို ဘယ်လိုများ အနှောက်အယှက် ဖြစ်မှာတဲ့တုန်း" ဟု နာတာရှာက ပြောလိုက်သည်။ "ကဲပါ အမေရယ် ကျမ တို့ ကိုသာ လ္ဘက်ရည် မြန်မြန်လေး ဖျော်ပေးပါနော်၊ ကျမ ချမ်းလို့ တုန်နေပြီ၊ ခြေထောက်တွေလည်း ခဲလာနေပြီ" ဟု ကလေး ဆန်ဆန် ဟောဟောဒိုင်းဒိုင်းပင် တဆက်တည်း ပြောလာသည်။
"အေးပါကွယ်...ခဏ လေး မကြာပါဖူး"
နာတာ ရှာသည် လ္ဘက်ရည်ကို သောက်နေရင်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။ နဖူး ပေါ် ဝဲကျ နေ သော ဆံပင် ကိုလည်း လက်နှင့် သပ်တင်လိုက်ရင်းက အဝါရောင် အဖုံးနှင့် အထဲတွင် ပုံများ ပါသော စာအုပ်ကြီးကို လှန်လှော ဖတ်နေခဲ့သည်။
အမေက လည်း မီးဖိုချောင်ထဲတွင် အသံဗလံများ မထွက်မိအောင် ဂရုတစိုက်နှင့် ပန်းကန်များကို ကိုင်တွယ်နေရသည်။ လ္ဘက်ရည်ကို ခွက်ထဲ လောင်းထည့် နေရင်းက ကလေးမလေး အသံထွက် ဖတ်နေသည်ကို နားစွင့်လိုက်ပြန်သည်။
ကလေးမလေး၏ သာသာယာယာ ထွက်ပေါ် လာသော အသံသည် ရေနွေးအိုး ဆူ၍ တိုးတိုးလေး ထွက်ပေါ်လာသော အသံနှင့် ပေါင်းစပ်သွားသည်။
သူမ ဖတ်နေသည်က ဂူများထဲတွင် နေထိုင်ကြသည့် အရိုင်းအစိုင်း သာသာ ရှိသော လူများ သည် ၎င်းတို့ထက် ခွန်အားကြီးသော သတ္တဝါကြီးများကို ကျောက်ခဲများ နှင့် ထုသတ် အနိုင်ယူ နေသည့် ရိုးရိုး ရှင်း ရှင်း ဇာတ်ကြောင်း ပင် ဖြစ်သည်။ နူးညံ့လှသည် ဖဲကြိုးလေးများ အခန်းထဲတွင် လှုပ်ခပ်လွင့် မျော လာနေသလားဟုပင် ထင်မြင်လာမိအောင်ပင် ပုံဝတ္ထုသည် အသက်ဝင်လာခဲ့သည်။
အမေသည် သားဖြစ်သူ ရှိရာ သို့ မကြာမကြာ ဆိုသလို လှမ်းကြည်နေမိသည်။ သူမ စိတ်ထဲတွင် လည်း ကြားနေရသော ဂူအောင်း လူများ၏ အကြောင်းသည် အဘယ်သို့များ အစိုးရ အတွက် တရားမဝင်ဟု ယူဆစရာ ဖြစ်နေရသလဲ မေးချင်စိတ် ပေါ်လာ၍ ဖြစ်သည်။
နောက်ပိုင်း တွင် ဇာတ်လမ်းကို ဆက်နား မထောင် ဖြစ်တော့ဘဲ သားဖြစ်သူ နှင့် ဧည့်သည်များ သတိမပြုမိအောင် သူတို့ ရှိရာ လှမ်းပြီး အကဲခတ် နေမိပြန်သည်။