တရုတ် သမ္မတ ရှီ ကျင့်ပင် နှင့် မင်းအောင်လှိုင် တို့ ၇၅ နှစ် မြောက် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် အထိမ်းအမှတ် အဖြစ် သဝဏ်လွှာ များ မနေ့က အပြန်အလှန် ပေးပို့ခဲ့ကြသည်ဟု သိရသည်။
တကယ်တမ်း တွင် ထိုစဉ်က မြန်မာ ပြည်သူများ အား ကိုယ်စားပြု နေသည့် ဖဆပလ အစိုးရက တရုတ် ကွန်မြူနစ် အစိုးရအား ဦးဦးဖျားဖျား အသိအမှတ် ပြုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကျေးဇူး ရှိသော်လည်း ဆွေမျိုးပေါက်ဖေါ် စကား တွင်တွင်ပြောကာ မြန်မာ တို့ အပေါ် တောက်လျှောက် ကျေးဇူး မဲ့ သည့် အမှု ကို ပြုလာခဲ့သည် ချည်းသာ ဖြစ်သည်။
ယခု ရှီကျင့်ပင် ၏ အတွေးအခေါ်များ ဆိုသည့် စာအုပ် ထူ ကြီး ကို တရုတ် နိုင်ငံသား များ မဖြစ်မနေ ဝယ်ယူ ဖတ်ရှု နေရချိန်တွင် အတွေး အခေါ် ပညာရှင်ကြီး ဖြစ်သော မိမိတို့ ခေါင်းဆောင်ကြီးသည် လူမိုက်သာသာ အဆင့်သာ ရှိသည့် လူတဦး နှင့် အဘယ်ကြောင့်များ ထိုသို့ စာတတန် ပေတတန် ဆက်သွယ် နေရသနည်းဟု တွေးကောင်းတွေး မိကြပေလိမ့်မည်။
မင်းအောင်လှိုင်က လည်း ကြုံလာသမျှ အခမ်းအနား တိုင်းကို အလွတ် မပေးပဲ စင်ပေါ်တက်ကာ ၎င်း၏ အယူအဆ များကို အထင်ကြီးလာလေ မလား ဟူသော အတွေးဖြင့် အမြဲလို ထုတ်ပြောလေ့ ရှိသူ ဖြစ်သည်။
ယခုလည်း မေ ၃၀ ရက်နေ့က ပြုလုပ်သည့် "ငလျှင် အပြီး စီးပွားရေး နာလံထူရေး" ဖိုရမ်တွင် ၎င်း၏ စီးပွားရေး အယူ အဆများကို မိန့်ခွန်း ချွေခဲ့ပြန်သည်။
ထိုမိန့်ခွန်း တွင် နိုင်ငံခြား အရံငွေများ ပြတ်လပ်နေသည့် အကြောင်းများ ရောက်လာသည့် အခါ အောက်တွင် ထိုင်ပြီး ပြောသမျှ နားထောင်နေယုံမျှမက လိုက်လံ ရေးမှတ်နေကြရသူ များ အဖို့က ကြား နေကျ နိုင်ငံခြား မှ စီးပွားရေး ပိတ်ဆို့မှု၊ ပြည်ပ ရင်းနှီးမြုပ်နှံ မှု ခမ်းခြောက်လာနေခြင်း၊ ကုန်သွယ်ရေး ထိခိုက်လာနေမှု များ သာ ပြောတော့မည်ဟု ယူဆခဲ့ကြ၍ အထူးအထွေ လိုက်မှတ်နေစရာ မလို အရင် ပြောပြီးသားများထဲမှ ကူးချ လိုက်ယုံသာ ဟု တွေး၍ လက်ညောင်း သက်သာ သွားပြီဟု ဆို ကာ စိတ်အေး လက်အေး ဖြစ်သွားကြသည်။
သို့သော် မမျှော်လင့်ပဲ မင်းအောင်လှိုင်က တရားခံ အသစ်ကို ဆွဲထုတ်လာသည်။ ကြားရသူ အပေါင်းလည်း မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ကြသည်။
မင်းအောင်လှိုင် ဆွဲထုတ်လာသည့် တရားခံကား "လူများ ပြည်ပသို့ ခရီး အထွက်များ သောကြောင့်" ဟူ၍ ဖြစ်သည်။
မင်းအောင်လှိုင်သည် ထိုသို့ မည်သူမျှ ထင်မထားသော အကြောင်းရင်းကို အလကား မတ်တင်း ပြောနေခြင်း မဟုတ်၊ ၎င်း၏ လက်ထဲတွင် departure list ကို ကိုင်၍ ပြည်ပထွက်ခွာသူ အရည် အတွက် မည်မျှ ရှိကြောင်း ကိုးကား ပြောဆိုခဲ့ခြင်း ပင် ဖြစ်သည်။ ပြည်ပ ခရီး ထွက်လျင် "လမ်းလျောက် သွားလို့ မရ၊ လေယာဉ် စီးရတာ မဟုတ်လား" ဟု ပင် ၎င်း၏ သီအိုရီ ကို သက်သေပြသွားခဲ့ပြန်သည်။
ထိုသို့ အခိုင်အမာ ဆိုလာ၍ ရုတ်တရက် ဆိုက မြန်မာ ပြည်သူများသည် အရမ်းချမ်းသာနေကြ၍ ပြည်ပသို့ ဥဒဟို အပန်းဖြေ ခရီးများ ထွက်နေကြ၍ လော ဟု ထင်စရာ ရှိသည်၊ တကယ်တမ်းတွင် အများစုသည် ၎င်းတို့ ပေးထားသော ဒုက္ခများကြောင့် စားဝတ်နေရေး အတွက် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေကြရပြီး၊ လူငယ်များသည်လည်း စစ်ထဲသွင်းခံရမည့် အရေးကြောင့် ပြည်ပတွင် တက်လို့ ရမည့် ကျောင်းမှန်သမျှ ရှာဖွေ တက်ရောက်နေကြရခြင်း ကြောင့်ပင် ဖြစ်သည်။
ယခင်က ၎င်းတို့ အတွက် နိုင်ငံခြားငွေ စုဆောင်းပေးနိုင်ရန် အလုပ်ကို စက်ဘီးစီးသွား၊ ဟင်းချက်လျင် ဆီ လျော့ထဲ့၊ ပြည်ပသို့ များများ တင်ပို့ နိုင်အောင် လုပ်ကြဟု ပြောနေရာက ယခုလည်း လေယာဉ် မစီးနဲ့ဟု ပြောလာပြန်၍ စိတ် တော်သိ ဗောင်းတော်ညိမ့် များက ပြည်ပ ထွက်ခွာခွင့် ကို ပို၍ တင်းကျပ်လာအောင် ကြံစည်နေလောက်ပြီ ဖြစ်သည်။
ထိုသို့ ပြည်ပ ဝင်ငွေ မရက တိုင်းပြည်သည် တဖြေးဖြေး ပြိုကွဲ သွားလိမ့်မည်ဟုပင် အမျှော်အမြင်ကြီးစွာ ပြောလာပြန်သည်ဟု သိရသည်။
သို့သော် ၎င်းတို့ စီးမည့် လေယာဉ် ကြီး ကို ပင်အတွင်း တွင် ပျံလန်နေအောင် နိုင်ငံခြားငွေ များစွာ သုံး၍ စိတ်တိုင်းကျ မွမ်းမံခဲ့ကြသည်ကိုတော့ အောက်တွင် ထိုင်နေကြသူများက မသိကြဘဲ နေမည် မဟုတ်။
မင်းအောင်လှိုင်သည် ၎င်းစိတ်ကူး ပေါ်ရာ ပြောခွင့်ရနေသည်မှာ မှန်သော်လည်း ထိုသို့ အပြောများက ၎င်း ဦးဆောင် လမ်းညွှန်မှု ကို တသွေမတိမ်း နာခံ နေရသော ကျန် စစ်ခေါင်းဆောင်များ၏ အတွေး အခေါ် သည် မည်သည့် အဆင့်မျိုးသာ ရှိမည် ဆိုသည်ကို ခန့်မှန်း၍ ရ အောင် ပြဆို နေခြင်းလည်း ဖြစ်သည်။
ပြည်သူများကို ဂရုမစိုက်ဘဲ မိမိ ပြောချင်ရာ ပြောခွင့်ရသည် ဆိုစေဦး ပတ်ဝန်းကျင် နိုင်ငံ များ၏ ခေါင်းဆောင်များ ကြားပါက မည်မျှ အထိ အထင်သေး ရှုတ်ချ လှောင်ပြောင်ကြမည် ဆိုသည်ကို သတိထားသင့်သည်။
၎င်းတို့ တိုင်းပြည် ကြီးပွား တိုးတက်ရေး အတွက် နေ့စဉ်လို ခေါင်းပူ မတတ် လုပ် နေကြရသူများက တခါတလေ အပျင်းပြေ ရယ်မောနိုင်အောင် မင်းအောင်လှိုင် ပြောသမျှ ကို နေ့စဉ် ပြုစုပြီး ပို့ပေးဖို့ ၎င်းတို့ သံရုံးများကိုပင် အကြောင်းကြား ချင် အကြောင်းကြား ထားလောက် ပြီ ဖြစ်သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ကြောင့်လည်း အာဆီယံ ဥက္ကဌ အဖြစ် ဆက်ခံရသူ တိုင်း နာမည်ပျက်ကိန်း ကြုံနေကြရပြီ ဖြစ်သည်။
ပြည်သူများ၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!