နိုင်ငံတကာ ရေးရာ မိတ်ဆက်(117)

by Hla Soewai - Jun 18 2025

နိုင်ငံတွင်း မတည်ငြိမ်မှု များ နှင့် စစ်ပွဲများ

 

နိုင်ငံအတွင်း ဖြစ်ပေါ် ပြောင်းလဲလာမှု များသည် ကမ္ဘာစနစ်ကြီးကို အန္တရာယ် ကျရောက်လာစေသည်။ထိုသို့ စနစ်ကြီး ယို့ယွင်းလာပါက အကြမ်းဖက်သမား များ တိုက်ခိုက် နိုင်ဖို့ အတွက်လေ့ကျင့် ပြင်ဆင် စရာ ကွင်းကြီး ဖြစ်လာနိုင်သည်။ကူးစက်ရောဂါများ ဖြစ်ပွားလာပြီး ကမ္ဘာအနှံ ပျံ့နှံ့သွားစေ နိုင်သည်။

 

ပြည်တွင်း စစ်ပွဲများကြောင့် ဒုက္ခသည်များ ထွက်ပြေး ခိုလှုံလာ၍ ထိုမှ တဆင့် အိမ်နီးချင်း နိုင်ငံများ တွင် မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည်။

 

နိုင်ငံ တနိုင်ငံ အတွင်း ပြည်တွင်း မတည်ငြိမ်မှု များ ကြောင့် ဒေသတွင်း နှင့် ကမ္ဘာအင်အားကြီး နိုင်ငံများမှ ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များကို ၎င်းတို့ အကျိုး ရှိရာ ရှိကြောင်း ဖြစ်လာစေဖို့ အတွက် ကြိုးပမ်းလာအောင် ဆွဲဆောင် ပေးနေသလို ဖြစ်လာသည်။

 

သမိုင်း၏ အရေးပါသော အစိတ်အပိုင်းများသည် အားကောင်းသော နိုင်ငံများ၏ လုပ်ဆောင်ခဲ့မှု ကြောင့် ဖြစ်လာရသည် ဆိုသော်လည်း ပျက်ယွင်းလာနေသော နိုင်ငံများ၏ အစိုးရများသည် ၎င်းတို့ လုပ်သင့် လုပ်ထိုက်သည်များ အသာထားဘိဦး ပြည်တွင်း လုံခြုံရေး ကို မထိန်းသိမ်း နိုင်တော့၍ နိုင်ငံ နယ်နမိတ် ကို ဖြတ်ကျော်လာပြီး ကမ္ဘာစနစ်ကြီး အတွက် ပြဿနာကြီး ဖြစ်လာရသည်။

 

ယခုအခါ နိုင်ငံများ အတွင်း စစ်ပွဲများ မှေးမှိန်စ ပြုလာပြီ ဟူသော သက်သေ အထောက်အထား တစုံတရာ မတွေ့ရသေးပေ။ စစ်အေး တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့သည့် ၁၉၈၉ နောက်ပိုင်းတွင် ကမ္ဘာတဝှန်း ပြည်တွင်း ပဋိပက္ခ များသည် တနှစ်လျင် ပျမ်းမျှ နှစ်ဆယ်ခန့် ဖြစ်ပွားလျက် ရှိနေသည်။

 

နိုင်ငံများသည် ၎င်းတို့ သမိုင်းစဉ် တလျှောက် တချိန် မဟုတ် တချိန် ကိုယ်ပိုင် နိုင်ငံ ထူထောင်ရန် အတွက် ခွဲထွက်ရေး လှုပ်ရှားမှု များ နှင့် ရင်ဆိုင်ရစမြဲပင် ဖြစ်သည်။ ထိုလှုပ်ရှားမှု များသည် အချုပ်အခြာ ပိုင်ဆိုင်မှု ကို အခြားနည်း ဖြင့် ရယူ နိုင်ရန် အတွက် မဟုတ်ဘဲ သီးခြား အချုပ်အခြာ အာဏာပိုင် နိုင်ငံ တနိုင်ငံ ဖြစ်လာစေရန် အတွက် ပင် ဖြစ်သည်။

 

၂၀၁၁ တွင် တောင်ဆူဒန်သည် ဆူဒန် နိုင်ငံမှ ခွဲထွက်သွားခဲ့သည်။ စပိန်ရှိ ကတာလိုနီယား ဒေသသည်လည်း နိုင်ငံသစ် ထူထောင် နိုင်ရန် ကြိုးပမ်းမှုများ ရှိလာခဲ့သည်။

 

အချို့ အစိုးရများသည်လည်း အကြမ်းဖက်လအဖွဲ့အစည်း များ၊ မူးယစ်ဆေးဝါး ဂိုဏ်းကြီးများ၊ ပင်လယ်ဓါးမြး များ ၏ စိန်ခေါ်လာမှု များ နှင့် ရင်ဆိုင်နေရသည်။ ၎င်းတို၏ ရည်မှန်းချက်သည် သီးခြား နိုင်ငံ တနိုင်ငံ ထူထောင်ရန် အတွက် မဟုတ်ဘဲ အစိုးရ ကို လျစ်လျု ရှုပြီး နိုင်ငံရေး နှင့် ဘဏ္ဍာရေး အခြေအနေများ တိုးတက် ကောင်းမွန်လာစေရန် အတွက် ဖြစ်သည်။

 

အကြမ်းဖက်လာသော ပြည်တွင်းရေး တွန်းထိုး ရုန်းကန်မှု များတွင် နိုင်ငံ၏ လက်နက်ကိုင်တပ်များ ပါဝင်လာမှု နှင့် အတူ စစ်သွေးကြွ အရပ်သား လက်နက်ကိုင်များ၊ အကြမ်းဖက် အုပ်စုများ၊ အိမ်နီးချင်း နိုင်ငံများ၏ လက်နက်ကိုင် တပ်များလည်း ပါဝင်နေကြသည်။

 

ထိုသို့သော အနေအထားသည် အရှေ့အလယ်ပိုင်းတွင် ဖြစ်ရိုး ဖြစ်စဉ် တရပ်လို ဖြစ်လာ‌ နေသည်။ ထိုမျှ အတိုင်းအတာ လောက် မဟုတ်သော်လည်း ကမ္ဘာရှိ အခြား ဒေသများတွင်လည်း ကိုယ့်အတိုင်းအတာ နှင့် ကိုယ် ဖြစ်ပွားနေကြသည်။ ပြည်တွင်း ပဋိပက္ခ များသည် နိုင်ငံအချင်းချင်း ဖြစ်ပွားသော စစ်ပွဲများထက် ပို၍ အဖြစ်များ နေသည်။ ပို၍လည်း ရှည်ကြာတတ်သည့် သဘောရှိသည်။ ပြီးဆုံးသွားခဲ့လျင်လည်း နောက်တကြိမ် ထပ်ဖြစ်ဖို့ အခွင့် အလန်း များသည်။

 

ဤနေရာတွင် နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံနှင့် နှိုင်းယှဉ်ပါက အားနည်းနေသည့် အခြေအနေ နှင့် နိုင်ငံတစ်နိုင်ငံ လုံးဝအားနည်းနေသည့် အခြေအနေ ကို ခွဲခြားသိမြင် နိုင်ဖို့ အရေးကြီးပေသည်။

 

နိုင်ငံတနိုင်ငံ၏ ယိုင်နဲ့လာသည့် အ‌နေအထား fragile state ဆိုသည်က ၎င်းတို့ နယ်နမိတ် အတွင်း ဖြစ်ပျက်လာနေသည်များကို ထိန်းချုပ်နိုင်မှု မရှိတော့သည့် အပြင် နိုင်ငံသားများအားလည်း ပုံမှန် လုပ်ကိုင်စားသောက်နိုင်ရန် အခြေအ‌နေများ ဖန်တီးမပေးနိုင်တော့ခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

 

ထိုအနေအထားမျိုးသည် သီးခြား ကွက်၍ ဖြစ်ပေါ် နေခြင်း မျိုး မဟုတ်ဘဲ ကမ္ဘာပေါ်တွင် လူ ငါးဦး လျင် တဦးနှုန်း ပျမ်းမျှ အားဖြင့် ၁.၅ ဘီလီယံ ရှိ လူများ ရင်ဆိုင်နေကြရသည်။ ထိုသို့ ယိုင်တိယိုင်နဲ့ ဖြစ်နေသည့် နိုင်ငံသည် ကုလသမဂ္ဂတွင် အဖွဲ့ဝင် ဖြစ်နေပြီး ပြည်ပ တွင် သံရုံး များ ဖွင့်လှစ်ကာ နိုင်ငံတကာ စာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးနေသော်လည်း အစိုးရ အဖွဲ့တရပ် အနေဖြင့် လုပ်ဆောင်ရမည့် တာဝန် နှင့် ဝတ္တရားများကို ဆောင်ရွက် နိုင်စွမ်း မရှိကြတော့။

 

ဆိုလိုသည်က ပြည်တွင်း လုံခြုံရေးကို ထိန်းသိမ်း နိုင်စွမ်း မရှိတော့ခြင်း၊ အခွန်ကောက်ခံ နိုင်စွမ်း မရှိတော့ခြင်း၊ ငွေကြေး စနစ်ကို တည်တံ့အောင် ပံ့ပိုးပေးနိုင်စွမ်း ကင်းမဲ့လာခြင်း၊ အခြေခံ အဆောက်အအုံများ တည်ဆောက် မပေးနိုင်တော့ခြင်း၊ အခြေခံ ပညာရေး ကိုပင် ပေးစွမ်းနိုင်မှု မရှိတော့ခြင်း၊ စားကုန် နှင့် လူသုံးကုန်ပစ္စည်းများ လုံခြုံစိတ်ချမှု ရှိစေရေး အတွက် စည်း နှင့် ကမ်း နှင့် ကြပ်မပ် မပေးနိုင်‌တော့ခြင်း၊ လုပ်ငန်းခွင် မှ အနားယူ နိုင်ရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်တော့ ခြင်း အစရှိသည့် တာဝန်များ ပျက်ကွက်လာခြင်း တို့ကို ဆိုလိုသည်။