ဒီအကြောင်း ရေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံတွင်း အာဏာရှင် စနစ် ကို ဘယ်လိုနည်းနဲ့မှ ရှင်သန်ခွင့် ပြုလို့ မဖြစ်ဘူး ဆိုတာကို သိစေချင်လို့ပါပဲ။ ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် အာဏာရှင်စနစ်ကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပြစ်ရမယ့် ပွဲပဲ ဖြစ်ပါတယ်။ ၂၀၁၅ တွင် အာဏာရှင် ဘဝ ကို လက်လွှတ်လိုက်ရတဲ့ အတိုက်အခံ ပါတီကြီး အဖို့ကတော့ အခုလာမယ့် ရွေးကောက်ပွဲ အပြီး ၎င်းတို့ အနိုင်ရခဲ့ပါက မည်သို့မျှ ထပ်မံ လက်လွှတ်ခံမှာ မဟုတ်တော့ပါဘူး။
သူတို့ အနေနဲ့ ငါးနှစ်လုံးလုံး တခါမျှ မကြုံဖူးအောင် အာဏာလက်လွှတ်ပေးခဲ့ရပြီး အိမ်နိမ့်စံ အပယ်ခံ ဘဝ နဲ့ အောင့်အီးနေခဲ့ရတဲ့ အပြင် စစ်တပ်ကလည်း ၎င်းတို့ လုပ်ချင်သလို လုပ်ခွင့် မရတဲ့ NLD နဲ့ ဘယ်လိုမှ လက်တွဲလို့ မရ ဘူးလို့ အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်တာတွေကြောင့် အာဏာကို အသဲအသန် ဆုပ်ကိုင်ထားကြတော့မှာလည်း ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အပြီး မကြိုက်ရင် နောက်ငါးနှစ် ကျ ပြန်ဖြုတ်ချမယ်လို့ တွေးရင်တော့ လွန်စွာ မှ အမျှော်အမြင် နည်းလှတယ်လို ပြောရမှာ ဖြစ်ပါတယ်။
၂၀ ရာစုနှစ် အာဏာရှင် ကြီးတွေကြောင့် ၎င်းတို့၏ နိုင်ငံသားတွေ မည်ရွေ့မည်မျှ အထိ အသက်ဆုံးခဲ့ရသည် ဆိုတာ ဆက်ဖတ်ကြည့်မယ် ဆိုရင် သိနိုင်ပါတယ်။ မိမိတို့ နိုင်ငံသည်လည်း ကြက်ဆူပင် စီမံကိန်း လောက်နဲ့ ကံကြီးလှစွာ ပြီးဆုံးသွားခဲ့ရတယ်ဆိုတာ မှတ်မိနေကြဦးမှာ ဖြစ်ပါတယ်။ သို့သော်လည်း စစ်ဖက် မှ ပုဂ္ဂိုလ်ကြီးတဦးက မိမိတွင် တိုင်းပြည် အုပ်ချုပ်ရေးတွင် အတွေ့အကြုံ များစွာ ရှိနေကြောင်း ပြောလာနေသည်ကလည်း ထိတ်လန့်ဖွယ် ဖြစ်နေပါတယ်။
သမိုင်းပညာရှင်များသည် ၂၀ ရာစု နှစ်အတွင်း စတာလင် နဲ့ ဟစ်တလာ တို့ကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံသားတွေ ဘယ်သူက ပိုများသလဲ ဆိုတာ အမြဲလို ငြင်းချက် ထုတ်နေခဲ့ကြပြီး နောက်ပိုင်းမှာတော့ ဟစ်တလာကြောင့် လက်နက်ကိုင်မဟုတ်သော နိုင်ငံသားများ သေဆုံးမှု သည် ၁၁ သန်း မှ ၁၂ သန်း အကြား နှင့် စတာလင်ကြောင့် ၆ သန်း ကနေ ၉ သန်း အထိ ရှိမယ်ဆိုတဲ့ ကိန်းဂဏန်း နဲ့ အပေးအယူတည့်ခဲ့ကြပါတယ်။
သို့သော် နောက်ပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကြီး မော်စီတုန်း ကို မေ့မထားပဲ ထည့်သွင်း စဉ်းစားလာကြတဲ့ အခါမှာတော့ ကိန်းဂဏန်းများက မျက်လုံးပြူးစရာ ကောင်းလောက်အောင် ကျန်နှစ်ယောက်ထက် သာလွန်သွားတာကို တွေ့လာခဲ့ကြရပါတယ်။
ဒီလို သေဆုံးမှုတွေဟာ နိုင်ငံသားများကို ဖမ်းဆီး သတ်ပြစ်လို့ သူတို့၏ နှုတ်က အမိန့်ပေးခဲ့လို့ သေဆုံးကြရတာ မဟုတ်ပဲ အာဏာရှင်ဆန်ဆန် ခေါင်းမာလှတဲ့ စီးပွားရေး စီမံကိန်း တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဖြစ်ခဲ့ရတာ မို့ ပိုပြီး ကြောက်စရာ ကောင်းနေရပါတယ်။
အသေအပျောက်နှုန်းတွင် အထက်ပါ ပုဂ္ဂိုလ်ကြီး နှစ်ယောက်ထက် သာလွန်သွားရခြင်းသည် ၁၉၅၇-၆၀ ကာလအတွင်း Great Leap Forward လို့ အမည်ပေးခဲ့တဲ့ ခုန်ပျံ ကျော်လွှား ရှေ့သို့လှမ်းချီ ဆိုသော တိုင်းပြည် ဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ဖြစ်တယ်လို့ သမိုင်းပညာရှင်များက တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။ အရေအတွက်ပိုင်းမှာတော့ ထုံးစံအတိုင်း အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။
မော် သည် ၁၉၅၇ ခုနှစ် အောက်တိုဘာ တော်လှန်ရေး နှစ်လေးဆယ်ပြည့် အခမ်းအနားကို မော်စကိုမှာ တက်ရောက်ခဲ့ရာက ဆိုဗီယက် သည် သူ၏ ရန်သူတော်ကြီး ကရူးရှက် လက်ထက် ကမ္ဘာပေါ်တွင် ‘စပုနစ်’ အမည်ပေးထားတဲ့ ဂြိုလ်တု ကြီး ကို ပထမဆုံးအကြိမ် လွှတ်တင်နိုင်ခဲ့မှု အပါအဝင် စီးပွားရေး တိုးတက်နေတာ ကို ကြည့်ပြီး အတော်တုန်လှုပ်သွားခဲ့ပါတယ်။ ထိုအချိန်က ကရူးရှက်သည် စတာလင် အပုတ်ချ သန့်စင်မှု တွေ ပြုလုပ်နေတာကြောင့် တရုတ်ပြည်တွင်းမှာလည်း သူသာ ဒီအတိုင်း ငြိမ်နေရင် စတာလင်လို ခံရနိုင်တယ်လို့ တွေးပြီး စိုးရိမ်လာဟန် ရှိတယ်လို့ ဆိုပါတယ်။ (ထိုအချိန်က အမေရိကန်တွေလည်း သူ့လို နောက်ကျကျန်ခဲ့ပြီလား ဆိုပြီး စိုးရိမ်ခဲ့ကြတဲ့ အတွက် အမှီလိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ၁၉၅၇ က နေ လကမ္ဘာကို ခြေချနိုင်တဲ့အထိ ကာလများကို Sputnik moments လို့ အမည်တွင်ခဲ့ပါတယ်။)
ဒီအတွက် ဆိုဗီယက် ကို ခုန်ပျံကျော်လွှားပြီး အမှီလိုက်နိုင်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ စီးပွားရေး စီမံကိန်းတွေကို အလောသုံးဆယ် ချမှတ်လာတဲ့အတွက် တရုတ်သမိုင်းတွင် အဆိုးဝါးဆုံးသော အစာရေစာ ငတ်မွတ် ခေါင်းပါးမှုကြီး ဖြစ်လာခဲ့ရပါတယ်။
၁၉၅၈ ဇန်နဝါရီ ၁ ရက်နေ့ထုတ် တရုတ်ပြည်သူ့ နေစဉ် သတင်းစာကြီးမှ “အားလုံးထွက်” “အမြင့်ဆုံးကို ရည်မှန်းကြ” ဆိုတဲ့ ဆောင်ပုဒ်ကို ခေါင်းကြီးပိုင်းကနေ ရေးသားပြီး ပုံမှန် လုပ်၍မရတော့၊ အစွမ်းကုန် လုပ်နိုင်မှ ဖြစ်မည် ဆိုတဲ့ သဘော စတင်ရေးသားလာခဲ့ပါတယ်။ မော် ကိုယ်တိုင်လည်း ဇန်နဝါရီ ၁၁ မှ ၂၀ အထိ တောင်ပိုင်း ပြည်နယ်များကို လှည့်လည်ပြီး ပါတီ ခေါင်းဆောင်များနဲ့ ဒူးတိုက်ဆွေးနွေးပွဲတွေ လုပ်လာခဲ့ပါတယ်။ ဆွေးနွေးပွဲဟုသာ ဆိုသော်လည်း သူ့ကို ဆန့်ကျင်သူများကို တန်ပြန် တော်လှန်ရေးသမားများလို့ ကင်ပွန်းတပ်ခံလိုက်ရတဲ့ အတွက် နောက်ပိုင်း ဘာသံမှ ထွက်မလာခဲ့ကြတော့ပါဘူး။
ထိုအခါကျမှ မော်က သူ့စိတ်ကူးထားတဲ့ ကွန်မြူး ခေါ် ဘုံလယ်ယာမြေ ကို ထူထောင်ပြီး လယ်သမားများပိုင် ပစ္စည်းဥစ္စာများကို နိုင်ငံပိုင် သတ်မှတ်လိုက်ပါတယ်။ လယ်သမားများလည်း ရွာ၏စားသောက်ရုံမှာ မရှိအတူ ရှိအတူ စားသောက်ကြရပြီး ကျွဲနွား လယ်လုပ်ကိရိယာများကို အတူ ဝေမျှ သုံးစွဲကြရပါတယ်။ စားဖို့သောက်ဖို့ အတွက် နိုင်ငံတော်က ခွဲတမ်းချပေးတာနဲ့ အညီ စားကြရပါတယ်။ သီးနှံ အထွက်တိုးအောင် တပင်နဲ့ တပင် ပူးကပ်စိုက်ရမယ်လို့လည်း ဒေသပါတီ ခေါင်းဆောင်တွေက ညွှန်ကြားလာပါတယ်။ တရုတ် ပြည်တွင် ကမ္ဘာ့ စံချိန်မှီအောင် ထွက်မှသာ မိမိတို့လည်း စပူနစ် ဂြိုလ်တုကြီး လွှတ်နိုင်မယ်လို့လည်း ပြောလာကြပါတယ်။
တကယ်တမ်း သီးနှံ သည် သတ်မှတ်ထားသည့် နှုန်းအတိုင်း မထွက်မှန်း သိလာတဲ့ အခါ ပါတီ ခေါင်းဆောင်များက စာရင်းဇယားများကို ညာပြီး တင်ပြကြပါတယ်။ အထက်ကလည်း သူတို့ တင်ပြတဲ့ စာရင်းပေါ် မူတည်ပြီး မည်ရွေ့မည်မျှ အခွန်ထမ်းရမယ်လို့ လုပ်လာပါတယ်။ အခွန် အစား သီးနှံနဲ့ ပေးရတဲ့ အတွက် ထွက်ရှိသမျှ သီးနှံများကို ညာထားတဲ့ စာရင်းအတိုင်း ထွက်လာတဲ့ အခွန်များ အတွက် မြို့ကို ပို့ပေးကြရပါတယ်။ မပေးရင်လည်း ပါတီ အရာရှိတွေက အတင်းသိမ်းဆည်းကြပါတယ်။ ဒီအတွက် မြို့က ဂိုဒေါင်တွေမှာ စပါးတွေ အလျှံပယ် ဖြစ်နေသော်လည်း ရွာက လယ်သမားများ အဖို့ ဝမ်းစာ နဲ့ မျိုးစပါး မကျန်သလောက် ဖြစ်လာကြပါတယ်။
မော်က သူ့စီမံကိန်းတွေ အောင်မြင်လာပြီ ဟု ထင်လာပြီး လယ်သမားများ အတွက် နူရာဝဲစွဲ လဲရာ သူခိုးထောင်း စီမံကိန်းတခု ထပ်လုပ်လာပါတယ်။ အဲ့တာကတော့ သံမဏိ ထုတ်လုပ်နိုင်မှု ကို အရှိန်မြှင့်တင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ သူ ရဲ့ ရည်မှန်းထားတဲ့ ပမာဏ အမြန် ပြည့်မှီရေး အတွက် အိမ်တိုင်းနီးပါး “နောက်ဖေးခြံ မီးပြင်းဖို” ကြီးတွေ ဆောက်ပြီး မီးသွေး၊ ထင်း များ သုံးပြီး သံရိုင်းများကို အရည်ကျို ခိုင်းခဲ့ပါတယ်။ မော်ရဲ့ လျာထားချက် ပြည့်မီအောင် ဆိုကာ ဒေသခံ အရာရှိတွေက လယ်ယာသုံး ကိရိယာများကို အရည်ကျို ခိုင်းခဲ့ပြန်တဲ့ အတွက် လယ်သမားများ အဖို့ ဝမ်းစာ၊ မျိုးစပါး အပြင် လုပ်ငန်းသုံး ကိရိယာ တန်ဆာပလာတွေပါ ဆုံးရှုံးသွားခဲ့ကြရပါတယ်။
ဤသို့ဖြင့် သဘာဝ ဘေး အန္တရာယ်ကြောင့် မဟုတ်ပဲ လူက ဖန်တီးတဲ့ ငတ်မွတ် ခေါင်းပါးမှုကြီး နိုင်ငံတဝှမ်း စတင်လာခဲ့ရပါတော့တယ်။
ယခုအခါ ပညာရှင်များရဲ့ တွက်ချက်မှုအရ ထိုကာလများအတွင်း နိုင်ငံသား ၃၅ သန်း မှ ၄၅ သန်း အကြား အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးခဲ့မယ်လို့ ကိန်းဂဏန်းပိုင်း မှာ သဘောတူညီမှု ရခဲ့ကြပါတယ်။
နောက်ထပ်တခုက တော့ မော် ရဲ့ ၁၉၆၆-၇၆ ဆယ်နှစ်တာ ကာလ ယဉ်ကျေးမှု တော်လှန်ရေးကြီး ပဲ ဖြစ်ပြီး ထိုကာလများ အတွင်း ၂ သန်း မှ ၃ သန်းအထိ သေဆုံးခဲ့ရပြန်တယ်လို့ ခန့်မှန်းကြပါတယ်။
ရှီကျင့်ဖျင် လက်ထက်မှာ မော် ရဲ့ အမှားများကို သုံးသပ်ခဲ့ရာမှာ ၃၀% သာ မှားယွင်းခဲ့တယ်လို့ ကွန်မြူနစ်ပါတီ သုတေသီများ က အဖြေထုတ်ခဲ့ကြပါတယ်။ ၁၉၅၈-၆၀ သုံးနှစ်တာ ကာလကိုလည်း Three Years of Difficulty လို့ အမည်တပ် ခေါ်ဝေါ်ခဲ့ကြပါတယ်။
မော် သာ အစွန်းမရောက်ပဲ လက်အောက်ငယ်သားများရဲ့ အကြံပေးချက်ကို နားထောင်ခဲ့မယ်ဆိုရင် ဒီအဖြစ်ကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
မြန်မာပြည် အာဏာရှင် စနစ်ကတော့ မည်သူမျှ အကြံပေးခြင်း ကန့်ကွက်ခြင်း လုပ်ရဲတဲ့ လူ မရှိတဲ့ အတွက် ပိုပြီး ကြောက်စရာ ကောင်းနေရပါတယ်။
ဒီအတွက် အာဏာရှင် စနစ် အမြစ်ပြတ် ချေမှုန်းနိုင်ရန် လူတိုင်း မိမိရရှိထားတဲ့ မဲတပြားကို အလဟသ ဖြစ်သွားစေခြင်းဖြင့် သမိုင်း တရားခံ ဖြစ်မယ့် အရေးကို ရှောင်ရှားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။