နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီး မှ ဇွန်လ ၅ ရက်နေ့တွင် ၎င်းတို့၏ ဖွဲ့စည်းပုံပါ အပိုဒ် ၃၃ အရ မြန်မာ စစ်အုပ်စု ကို စတင် ပိတ်ဆို့ အရေးယူလိုက်ပြီ ဖြစ်သည်။
စစ်အုပ်စု ဖက်မှ အာဏာရှင်တို့၏ လက်သုံးစကား ဖြစ်သော "နိုင်ငံရေး အရ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်မှု" ဟု ပြောလာပြီး တရားမျှတ မှု မရှိ၊ ဘက်လိုက်သည်ဟု စွပ်စွဲ တုန့်ပြန်လာခဲ့သည်။
မြန်မာ တွင် စစ်အုပ်စု ၏ အဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်များအား ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုများ ရှိနေသည်ကို တွေ့ရှိခဲ့၍လည်း ဖြစ်သည်။
ထိုအတွက် အိုင်အယ်အိုက ၂၀၂၃ အောက်တိုဘာလ ကတည်းက ၎င်းတို့ စုံစမ်းတွေ့ရှိချက်များကို အခြေပြုပြီး စစ်တပ် မှ အတင်းအကျပ် ခိုင်းစေနေမှု များ အဆုံးသတ်ရန်၊ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များ ကို ဖမ်းဆီးနေခြင်းများ ရပ်ဆိုင်းရန် အပါအဝင် လိုက်နာ လုပ်ဆောင်သင့်များ ကို လမ်းညွှန် အဖြစ် အကြံပြုထားခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ၎င်းတို့၏ အကြံပြုချက်များကို စစ်အုပ်စု မှ ဖုတ်လေသည့် ငပိ မရှိ သည့် အလား လျစ်လျုရှု လာခဲ့သည်။ ယခု အခါ တွင်တော့ ၎င်းတို့ တက်ကြွစွာ အကောင်အထည် ဖေါ် နေသည်ကို "မမြင်ချင်ယောင် ဆောင်နေသည်" ဟု နတ်သံနှော ပြောဆိုလာပြီ ဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်အား ဂျီနီဗာ တွင် ကျင်းပနေသော ၁၁၃ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမား ညီလာခံ ကြီးမှ ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။ ကန့်ကွက်သည့် နိုင်ငံဟူ၍ ရုရှား၊ တရုတ်၊ ဘဲလာရုစ် နှင့် လာအို တို့သာ ရှိသည်။
ILO သည် ပထမ ကမ္ဘာစစ် အပြီး ဗာဆိုင်းစာချုပ်၏ တစိတ်တပိုင်း အဖြစ် ၁၉၁၉ တွင် စတင်ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။
ယင်းသည် အပြင်းထန် ဆုံးသော ပုဒ်မ ဖြင့် အရေးယူ လိုက်ခြင်းပင် ဖြစ်သည်။ ILO ၏ ရာစု နှစ်နှင့် ချီလာသော သမိုင်းကြောင်းတွင် ပုဒ်မ ၃၃ အား တတိယ အကြိမ် မြောက် ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။
တတိယ အကြိမ် ဆို၍ နိုင်ငံ သုံးနိုင်ငံဟု ယူဆက မှားယွင်းပေလိမ့်မည်၊ မြန်မာသည် ၂၀၀၀ ပြည့်နှစ် တွင် တကြိမ်၊ ၂၀၂၅ တွင် တကြိမ် ဖြစ်ပြီး၊ ဒုတိယ အကြိမ် အဖြစ် ၂၀၂၃ တွင် ၎င်းတို့ကို မြှောက်ပင့်ပေးနေသည့် ဘဲလာရုစ်အား အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်နေခြင်း ကြောင့် အရေးယူခဲ့သည်။
ILO မှ အတင်းအဓမ္မ စစ်သားစုဆောင်းနေမှု များ အား ရပ်တန့်ရန် လည်းတောင်းဆိုထားသည်။
ယင်း ဆုံးဖြတ်ချက်အရ နိုင်ငံတကာ ကုမ္ပဏီ များ အနေဖြင့် စစ်အုပ်စု၏ အလုပ်သမား အခွင့်အရေး ချိုး ဖောက်နေမှု များကို တိုက်ရိုက် သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း အားပေးခြင်း၊ အလိုတူ အလိုပါ လုပ်ဆောင်နေခြင်းများ တွေ့ရှိက သတင်းပို့ရန်လည်း တောင်းဆိုထားသည်။
ပုဒ် မ ၃၃ ၏ သက်ရောက်မှု များ အနေဖြင့်
(၁) ILO ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီများ ရပ်ဆိုင်းခြင်း:
(၂) သံတမန်ရေးအရ ဖိအားများ: ကုလသမဂ္ဂအေဂျင်စီများမှ ပေးအပ်သော အကူအညီများ ရပ်ဆိုင်းခြင်း၊ သံတမန်အသိအမှတ်ပြုမှု ရပ်ဆိုင်းခြင်း၊ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းများ ပါဝင်နိုင်သည်။
(၃) နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် သို့မဟုတ် လက်ရှိ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် စဉ်းစားကြပေမည်။ အချို့သော ကုန်ပစ္စည်းတင်သွင်းမှုများ ရပ်ဆိုင်းသွားခြင်းမျိုးလည်း ဖြစ်လာနိုင် သည်။
(၄) နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ကြီးများ (Brands) အနေဖြင့် မြန်မာရှိ ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များ (supply chains) တွင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ရှိမရှိ စိစစ်ရန် ဖိအားပေးခံရမည် ဖြစ်သည်။
(၅) အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သည့် စစ်ကောင်စီခေါင်းဆောင်များကို နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုခြင်း ခံရနိုင်သည်အထိ လမ်းခင်းပေးနိုင်သည်။
အဆိုပါ အချက်များ ဖြစ် ပေါ် လာနိုင်သည်ကို ကြည့်မည် ဆိုက ILO ၏ ပုဒ်မ ၃၃ သည် မြန်မာနိုင်ငံအပေါ် တိုက်ရိုက်စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခြင်းမျိုးမဟုတ်သော်လည်း စစ်ကောင်စီအပေါ် နိုင်ငံတကာ ဖိအားကို မြှင့်တင်ပေးပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတွင် သက်ရောက်မှုများ ရှိလာနိုင်ကာ စစ်ကောင်စီ၏ မရှိမဲ့ ရှိမဲ့ ဂုဏ်သိက္ခာနှင့် စီးပွားရေးကို ထပ်မံ ထိခိုက်စေနိုင်သည်။
စစ်အုပ်စု အဖို့ အစိုးရ တရပ် အဖြစ် လုပ်ဆောင်သင့်သည်များ ကို လျစ်လျူ ရှု နေရပြီး လူထု ၏ စားဝတ်နေရေး ကို ပုံမှန် အနေအထား တိုင်း ရောက်အောင် မည်သို့မျှ လုပ်ဆောင်နိုင်စွမ်းမရှိ တော့၊ ၎င်းတို့ အသက်ဆက် နိုင်ရေး အတွက် ၆ နှစ် အရွယ် မိန်းကလေး ကိုပင် လက်ပြန်ကြိုး တုပ် ဖမ်းဆီးရန် ဝန်မလေး ကြတော့ သည့် အထိ အောက်ခြေ တွင် သူတလူ ငါတမင်း ထင်ရာစိုင်းနေကြပြီ ဖြစ်သည်။
ILO မှ ယခုလို ဆုံးဖြတ်လိုက်ခြင်းသည် စစ်အုပ်စု၏ နည်းမျိုးစုံ ဖြင့် ဖိနှိပ်ခံနေရသော မြန်မာပြည်သူ များ၏ အောင်ပွဲ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ က မှတ်ချက်ချခဲ့ခြင်းလည်း ဖြစ် ပေသည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!