တောင်ကိုရီယား သမ္မတ သစ် အီဂျဲမြောင်

by Hla Soewai - Jun 07 2025

တောင်ကိုရီယား တွင် ခြောက်လ ကြာ ကသောင်းကနင်း ဖြစ်ခဲ့မှု များက အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရက် ပါတီမှ သမ္မတလောင်း အီဂျဲမြောင်သည် ဇွန်လ ၃ ရက်နေ့တွင် ကြားဖြတ် ပြုလုပ်သော သမ္မတ ရွေးကောက်ပွဲတွင် မဲအရည်အတွက်၏ ၄၉.၄ ရာနှုန်းရခဲ့ပြီး အသာစီး အနေအထား ဖြင့် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း မာရှယ်လော ကြေညာခဲ့သည့် သမ္မတ ယွန်ဆွတ်ယို နေရာ တွင် အစားထိုး နိုင်ရန် ရွေးကောက်ပွဲ ‌ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။ ယွန်ဆွတ်ယို၏ ပါတီ ဖြစ်သော ကွန်ဆာဗေးတစ် သဘောထား ရှိသည့် ပြည်သူ့အာဏာ ပါတီမှ ကင်မွန်ဆူးသည် ၄၁.၂ ရာနှုန်းသာ ရရှိခဲ့သည်။

 

အီဂျဲမြောင်သည် ကွဲပြားနေသော လူအဖွဲ့အစည်း၊ ထိခိုက်လာနေရသော စီးပွားရေး၊ ပြည်ပမှ စိန်ခေါ်လာမှု များ၊ အထူးသဖြင့် ဒေါ်နယ် ထရမ့်၏ ကုန်သွယ် ခွန် နှင့် မရေရာတော့သော လုံခြုံရေး ကတိကဝတ်များ ရင်ဆိုင်နေရမှု များ အမွေဆက်‌ခံလာရခဲ့ရပြီ ဖြစ်သည်။

 

အီဂျဲမြောင်သည် ကြမ်းတမ်းသော ဘဝ ခရီးကို လျှောက်လှမ်းရင်း အောင်မြင်မှု ရလာခဲ့သူ ဖြစ်သည်။ ဆင်းဆင်းရဲရဲ နှင့် လူ ဖြစ် ကြီးပြင်းလာခဲ့ရပြီး ဆယ်ကျော်သက် အရွယ် တွင် ကျောင်းဆက် မတက်နိုင်တော့ဘဲ စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ ရှေ့နေ တယောက် ဖြစ်ရန် ကျောင်းပြန်တက်ခဲ့ပြီး အလုပ်သမား အခွင့်အရေး အတွက် တိုက်ပွဲဝင်သူ တ‌ဦး ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် တောင်ကိုရီယား၏ လူနေ အထူထပ်ဆုံး ပြည်နယ်၏ အုပ်ချုပ်ရေးမှုး အဖြစ် တက်လှမ်းလာခဲ့သည်။

 

၂၀၂၂ သမ္မတ ရွေးကောက်ပွဲတွင် ပွတ်ကာသီကာ ဖြင့် ယွန်ဆွတ်ယိုအား အရေးနိမ့်သွားခဲ့သည်။ ယမန်နှစ်က ၎င်း သမ္မတ ဖြစ်မလာရန် ကာကွယ်ရမည် ဆိုသူ အကြမ်းဖက် သမားတဦးက ဓါးဖြင့် ထိုးခဲ့၍ လည်ပင်းတွင် ဒဏ်ရာရသွားခဲ့သည်။

 

ရွေးကောက်ပွဲ ဥပဒေ ကို ဖောက်ဖျက်သည် ဆိုကာ စွပ်စွဲမှု များ ထွက်ပေါ်လာခဲ့သဖြင့် ဒုတိယ အကြိမ် သမ္မတ အဖြစ် ပြန်လည် အရွေးခံမည့် အစီအစဉ် များ ခြိမ်းခြောက်ခံလာရသည်၊ သို့သော် တရားရုံးက မဲဆန္ဒရှင်များ သဘောအတိုင်း တရားစီရင်ခွင့် ပြုခဲ့သည်။

 

မဲဆန္ဒရှင်များ အဖို့ အီဂျဲမြောင်သည် မည်သို့ ပုံစံ နှင့် ထွက်ပေါ်လာမည်ကို မသဲကွဲဘဲ ဖြစ်နေသည်။ အီ သည် တိုးတက်သော ပေါ်ပြူလစ် တဦး အဖြစ် ရပ်တည်လာခဲ့ရာမှ ပြီးခဲ့သည့် လ များ အတွင်း က ကျိုးကြောင်းဆီလျော်မှု ကို လိုလားသည့် အလယ်အလတ် သမား တဦး ဖြစ်လာခဲ့ပြန်သည်။ ၎င်းအား ပဲ့ကိုင်လမ်းညွန်နေသော တန်ဖိုးသည် လက်တွေ့ ကျ ဝါဒ ပင် ဖြစ်သည်ဟု အီကောနော်မစ် မဂ္ဂဇင်း နှင့် အင်တာဗျူး တွင် ပြောခဲ့သည်။

 

အီ သည် တောင်ကိုရီယား၏ အခြေခံ စတော့ ဈေးကွက် အညွှန်းကိန်းများ မြင့်တက်အောင် မြှင့်တင်သွားမည်၊ AI နယ်ပယ်တွင် တိုး၍ ရင်းနှီးမြုပ်နှံသွားမည်ဟု ကတိပေးခဲ့သည်။ အမေရိကန် နှင့် မဟာမိတ် အဖြစ် ဆက်၍ ရပ်တည်သွားရေး၊ ဂျပန် နှင့် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကို ထောက်ခံသူ ဖြစ်သည်။ တဆက်တည်း မှာပင် တရုတ် နှင့် ဆက်ဆံရေး တည်ငြိမ်မှု ရှိရေး လိုအပ်သည် ဟု ဆိုလားပြီး ၎င်းအား တရုတ်လိုလားသူ ဖြစ်သည်ဆိုသော ဝေဖန်နေမှု များကို ပယ်ချခဲ့သည်။

 

မည်သို့ပင် ဆိုစေ အီ သည် ပါလီမန် တွင် လူများစု အမတ်နေရာ ရထားပြီး ဖြစ်၍ တိုင်းပြည် ကို အလိုရှိသည့် အတိုင်း စီမံခန့်ခွဲ နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။ ၎င်း၏ ပထမ ဦးစားပေးသည် ပြည်တွင်းရေး ဖြစ်သည်။ သမ္မတ သက်တမ်းအားလည်း ငါးနှစ် သက်တမ်း တခုတည်း အစား လေးနှစ် နှစ်ကြိမ် ထမ်းဆောင်ခွင့်ရရေး နှင့် မာရှယ်လောအား အလွယ်တကူ ထုတ်ပြန် နိုင်ခွင့် မရှိစေရေး အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရန် တောင်းဆိုလာခဲ့သည်။ စီးပွားရေးကျဆင်းနေမှု ကို မြှင့်တင်နိုင်ရန် အတွက် ငွေကြေး စိုက်ထုတ် လှုံ့ဆော်‌ ပေးနိုင်မည့် အစီအစဉ် (fiscal stimulus package) ကိုလည်း ကတိပြုခဲ့သည်။

 

ပြင်ပ ကမ္ဘာကြီးကတော့ သမ္မတသစ် အား အနား ပေးမလာခဲ့ကြ။ ထရမ့်သည် တောင်ကိုရီယား စီးပွားရေး အတွက် အထူး ကောင်းမွန်အောင် စွမ်းဆောင်မှု ပေးနေသည့် ကား နှင့် သံမဏိ လုပ်ငန်းများအား အခွန် အကောက်များ ပြင်းပြင်းထန်ထန် စည်းကြပ် ကောက်ခံလာခဲ့သည်။ တောင်ကိုရီယားသည် အမေရိကား နှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်များ ရှိထားပြီး ဖြစ်သော်လည်း တောင်ကိုရီယား မှ ကုန်စည်များကို နောက်ထပ် ၂၅ ရာနှုန်း စည်းကြပ်မည်ဟုပင် ခြိမ်းခြောက်လာခဲ့သည်။

 

ကိုရီယား ကျွန်းဆွယ်တွင် အမေရိကန်တို့ လက်ရှိ တပ်အင်အား အတိုင်း ဆက်ထားမည် အပေါ် အခြေအတင် ပြောဆိုရဖို့လည်း ရှိလာနိုင်သည်။ ၎င်းတို့အား နျူကလီယား လက်နက်ပိုင် မြောက်ပိုင်း အိမ်နီးချင်း၏ ရန်မှ အကာအကွယ်ပေးဖို့ ဆက်ရှိနေမည်လော၊ သို့မဟုတ် ထို့ထက် ပို၍ တရုတ်ရန်ကို ဟန့်တားဖို့ နေရာရွှေ့မည်လော ဆိုသည့် တို့နှင့် ပတ်သက်၍ ဖြစ်သည်။

 

ထရမ့်သည် မြောက်ကိုရီယား အာဏာရှင် ကင်ဂျောင်အန်း နှင့် နောက်တဖန် ပြန်၍ ‌‌ဆွေးနွေးဖို့ လုပ်ကောင်း လုပ်လာနိုင်သည်။ ထိုသို့ လုပ်လာမည့် အရေး ကို အီဂျဲမြောင်က လည်း နကိုယ်ကတည်းက ထောက်ခံနေသူ ဖြစ်၍ သဘောကျမည်သာ ဖြစ်သည်။

 

သို့သော် ၎င်းအား မတိုင်ပင်ဘဲ ထရမ့်သည် သူ့သဘော နှင့် သူ သဘောတူညီချက် တခုခု ရအောင် လုပ်သွားမည် ဆိုက တောင်ကိုရီယား ဖက်က ပစ်ပယ်ခံရပြီ ‌ဆိုသည့် ထိတ်လန့်မှု များ တိုးလာကြမည်သာ ဖြစ်သည်။

 

ထို့ပြင် အမေရိကန် ရှိ ထရမ့်၏ မဟာမိတ်များ ဖြစ်သော လက်ယာစွန်းသမား များ ကလည်း တောင်ကိုရီယား လက်ယာစွန်း သမားများ လွှင့်ထုတ်လာသော အီဂျဲမြောင်သည် ကွန်မြူနစ် တဦး ဖြစ်ပြီး ရွေးကောက်ပွဲ ကို ကလိမ်ကကျစ် လုပ်ကာ နိင်လာသူ ဖြစ်သည် ဆိုကာ လျို့ဝှက် ပူးပေါင်း ကြံစည် ခဲ့သည် ဆိုသော သီအိုရီကို လက်ခံလာနေကြပြီ ဖြစ်သည်ဟု အီကောနော်မစ် တွင် ဇွန်လ ၃ ရက်နေ့တွင် Lee Jae-myung is South Korea’s next president ခေါင်းစဉ် ဖြင့် ရေးသားထားသည်။

 

သမ္မတသစ် အီဂျဲမြောင်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအဖွဲ့ဝင် စီမံရေးရာတာဝန်ခံ ဦးဝင်းပေါ် မောင်က “သူဟာ နွေဦးတော်လှန်ရေးအစ၊ အဲဒီအချိန်က ဂယောင်ဂီဒိုပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်နေစဉ်မှာကိုပဲ မြန်မာ့အရေးကို ပွင့်ပွင့်လင်းလင်းထောက်ခံခဲ့သူ၊ အာဏာသိမ်းမှုကို ရှုတ်ချခဲ့သူ ဖြစ်ပါတယ်။ ဒီလိုမျိုး အစိုးရတာဝန်ယူထားချိန်မှာ အားပေးတာမျိုးဟာ ရှားပါးဖြစ်စဉ်လို့ ဆိုနိုင်ပါတယ်။ အခု သမ္မတ ဖြစ်လာချိန်မှာ ဒဲ့ဒိုးပြောဆိုတာမျိုး မလုပ်ရင်တောင်မှ မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံမှုကတော့ ကျဆင်းသွားမယ်လို့ မထင်ပါဘူး” ဟု မှတ်ချက်ပြုသည်။  

 

ထို့ကြောင့် ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအတွက် အားတက်စရာဖြစ်ပြီး ထိုက်သင့်သည့် အကာအကွယ်များလည်း ဆက်လက်ရရှိနေမည်ဖြစ်ကြောင်း၊ NUG အစိုးရနှင့် ဆက်ဆံရေး မည်မျှအထိ ဖြစ်လာမည် ဆိုသည်ကို ကြိုပြောရန်ခက်သော်လည်း အာဆီယံ၊ အိန္ဒိယကဲ့သို့ ထိတွေ့ဆက်ဆံရေးမျိုး မလွဲမသွေ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း၊ ကိုရီးယားနေ မြန်မာများ အပါအဝင် နိုင်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးများ အလေးထားခံရလာနိုင်ကြောင်းလည်း ၎င်းက ဆိုကြောင်း ဧရာဝတီ ၏ တယ်လီဂရမ် ချန်နယ်တွင် ဖေါ်ပြထားသည်။