တရုတ်၏ ဗိုလ်ကျ စိုးမိုးလိုမှု ကို မြန်မာ တွင် အထင်အရှား တွေ့လာရ

by Hla Soewai - Jun 07 2025

မြန်မာ၏ ပြည်တွင်းစစ်ကြီး တွင် တရုတ် သည် တကွင်းလုံး လိုက် ကစားနေသည်ဟု အစချီကာ အီကောနော်မစ် မဂ္ဂဇင်းကြီးက အထက်ပါ ခေါင်းစဉ် ဖြင့် အယ်ဒီတာ အာ ဘော် တွင် ရေးသားလာသည်။

 

တကယ်တမ်း တွင် ကမ္ဘာကြီးသည် ပဋိပက္ခများ နှင့် ပြတ်လပ်နေသည်ဟူ၍ မရှိသော်လည်း ထိုအထဲတွင် ဥပေက္ခာ ပြုခြင်း အခံရဆုံး နှင့် ထိတ်လန့်ဖွယ် အကောင်းဆုံး က အာရှ ကုန်းမြေကြီး၏ အလယ်ဗဟိုတ‌ည့်တည့် တွင် ရှိသော မြန်မာပင် ဖြစ်သည်။ နိုင်ငံသည် အုပ်ချုပ်သူများ၏ အကြမ်းဖက် ခံနေရသည့် အဖြစ် သို့ ဆုတ်ယုတ် ကျ ဆင်းလာနေပြီ ဖြစ်သည်။

 

နှစ်သန်းခန့် ရှိသော လူများသည် အစာရေစာ ငတ်မွတ်လု ဆဲဆဲ အခြေ အနေ ဆိုက်ရောက်နေသည်။ မူးယစ်ဆေးဝါး ကုန်ကူးနေမှုများ၊ ‌ထု နှင့် ထယ် နှင့် ရှိ‌ နေသော အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၊ လူ ကုန်ကူး များသည် အပြင်သို့ပင် ကူးစက်ပျံ့နှံ့လာနေပြီ ဖြစ်သည်။

 

နိုင်ငံတွင်း နေထိုင်သူများ အတွက် လည်း ကြီးစွာသော ဘေးဒုက္ခ ကြီး နှင့် ရင်ဆိုင်နေရယုံမက ပုံ‌ သေ လက်ဆုပ်လက်ကိုင် ပြ၍ မရသည့် အကြောင်းများ ကြောင့်လည်း အခြားသူများ အတွက် ပို၍ ‌အရေးကြီးလာရသည်။

 

တချိန်က အရေးပါသော နေရာ တွင် ရှိခဲ့ကြသည့် အမေရိကား နှင့် ဥရောပသည်လည်း ရှောင်ခွာသွားကြပြီ ဖြစ်သည်။ ထို့အတွက် ပြင်ပ မှ တခုတည်း ပါဝင် ကြီးစိုး လာနေသည့် တရုတ် တို့ မျက်စိအောက်တွင် ပင် လူ့ ငရဲခန်းကြီး ပီပီပြင်ပြင် ထွက်ပေါ်လာခဲ့ရသည်။ ၎င်းတို့ ၏ အတ္တဆန်စွာ လျစ်လျူ ရှု ထားသည့် လုပ်ရပ်များက မြန်မာ အပေါ် တွင် နိုင်ငံခြားရေး မူဝါဒ နှင့် ပတ်သက်၍ တစက်က လေး မျှ ပင် ထည့်သွင်း စဉ်းစား ထားခြင်း မရှိဆိုသည်ကို ပြဆိုနေပေသည်။

 

စစ်တပ် မှ ၂၀၂၁ တွင် အာဏာသိမ်းပြီး နောက်တွင် လူထု ကို အန္တရာယ် ပေးလာတော့မည့် စစ်အုပ်စု ထွက်ပေါ်လာခဲ့ပြီး ယူကရိန်းနိုင်ငံ အရွယ်အစားရှိ မြန်မာတွင် ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်လာခဲ့ပေတော့သည်။

 

အနောက် အုပ်စု ၏ စိတ်ဝင်စားမှု လျော့ပါးလာသည် နှင့် အမျှ တရုတ်သည် ပို၍ တန်ခိုး ထွားလာခဲ့သည်။ မြန်မာ နှင့် ပတ်သက်၍ သဘောတရား ဟူ၍ မရှိတော့ဘဲ အာဏာ သက်ရောက်နိုင်မည့်သူ၊ ငွေ၊ လက်နက် ရှိသူ မည်သူ မဆို နှင့် ဆက်ဆံလာသည်။ ၎င်းတို့၏ အကျိုးစီးပွား ကာကွယ်ပေး နိုင်မည် ဆိုက မည်သည့်ဖက်ကို ဖြစ်စေ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးဖို့ ဝန်မလေး။

 

ထိုသို့ လက်နက် တပ်ဆင်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ မြူဆွယ်ခြင်း အစရှိသည့် နည်းလမ်း မျိုးစုံ ဖြင့် ၎င်းတို့ လိုလားချက်များ ရလာသည်အထိ တကွင်းလုံး စိတ်ထင်တိုင်း လှည့် ပတ် ကန်နေသည်။ 

 

နိုင်ငံသည်လည်း ငတ်မွတ် မှု အန္တရာယ် မြင့်တက်လာနေပြီး တိုင်းပြည် ၏ စီးပွားရေးသည်လည်း ၂၀၁၉ နှင့် ယှဉ်လျင် လေးပုံတပုံ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ ရှေ့လျောက်လည်း ဒီထက် ပိုဆိုးလာနိုင်သည်။

 

တရုတ်သည် မင်းအောင်လှိုင်အား ရွေးကောက်ပွဲ လုပ်ရန် တွန်းတွန်း တိုက်တိုက် လုပ်လာသည်။ အသိအမှတ် ပြု မခံရပဲ ဝက်လစ်စတစ် ဖြစ်နေသော စစ်အုပ်စု အတွက် အရှက်လုံအောင် သဖန်းရွက်လေး ဖြင့် ကာ၍ ရလို ရငြား ကြံရွယ်လာခြင်း ပင် ဖြစ်သည်။

 

ထိုလုပ်ရပ်သည် အကြမ်းဖက်မှု များ ပို၍ တိုးလာအောင် ဖန်တီးပေးသလို ဖြစ်လာပေမည်၊ တော်လှန်ရေးအဖွဲ့များကလည်း ထိုသို့ တရားမဝင် လုပ်ရပ်ကြီး အား မပျက်ပျက် အောင် ဖျက်ကြမည် သာ ဖြစ်သည်။

 

အနောက်အုပ်စု သည် ‌၎င်းတို့ စိတ်ထဲ ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်ပြီး မှားခဲ့ပြီး ဖြစ်သည်ဟု ယူဆကာ လက်ရှိ ဒီမိုကရေစီ အရေး တိုက်ပွဲဝင်နေသူ များအား စွန့်ခွာခဲ့ခြင်း ဖြစ်သည်။ ဤသည်ကား အယ်ဒီတာ အာဘော် ဖြစ်သည်၊ (ကျွန်တော်တို့လည်း လူမျိုးရေးအရ ဆတ်ဆတ်ထိ မခံ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား၊ ၎င်းတို့ ကူညီ၍ တော်လှန်ရေး အောင်မြင်သွားလျင် ထိုသို့ ဆက်မဖြစ်ဟု အာမခံ နိုင်မည်လော ဟု တွေးကောင်းတွေးနိုင်ပေသည်။)

 

‌အီကောနော်မစ်က ဆက်လက် ရေးသား ရာတွင် အမေရိကား နှင့် အနောက်အုပ်စု အတွက် လုပ်နိုင်စရာ နည်းလမ်းများ ရှိနေဆဲပင် ဖြစ်သည်။ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ တိုးမြှင့် ပေးခြင်း၊ ၎င်းတို့၏ လုပ်ရပ်များ အများ သိအောင် လုပ်ပေးခြင်း၊ ‌ဆွေးနွေးညှိနှိုင်း မှု များ ရှိလာမည်ဆိုက ဒီမိုကရေစီ အင်အားစု ဖက်မှ မားမားမတ်မတ် ရပ်တည်ပေးခြင်း၊ စစ်မြေပြင်တွင် ပင် အလားတူ ပြုလုပ်ပေးနိုင်သည်။ လက်ရှိ တွင် ထရမ့်သည် မြန်မာသို့ ပေးနေသည့် အကူအညီများကို ဖြတ်တောက်ခဲ့သည်၊

 

 (အီဂျစ် နိုင်ငံသား တဦးက ကော်လိုရာဒို ပြည်နယ်တွင် ဟားမားစ်များ၏ ဖမ်းဆီးခံထားရသော အစ္စရေး တို့အား ထောက်ခံရန် စုရုံးလာသော လူအုပ်ထဲသို့ မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့မှု ကို အကြောင်းပြ၍ နိုင်ငံပေါင်း ၁၂ နိုင်ငံထဲတွင် မြန်မာပါ ထည့်သွင်း၍ တနင်္လာနေ့ မှ စ၍ အမေရိကန်သို့ လာရောက်ခွင့် ပိတ်ပင်ခဲ့သည်။ ထူးဆန်းသည်က ထိုစာရင်းထဲတွင် အီဂျစ်ကို မထည့်သွင်းခဲ့ခြင်းပင် ဖြစ်သည်။ ကြေညာသည့် အချိန်တွင် ဗီဇာ လက်ဝယ်ရှိထားပြီးသူများ မပါဟု သိရသည်။ မိသားစု ဗီဇာ များ အား DNA အပါအဝင် သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်က ခွင့်ပြုမည်ဟုလည်း ဆိုသည်။)

 

(မြန်မာ အား ထည့်သွင်းခဲ့ခြင်းမှ တရားဝင် ဗီဇာ ဖြင့် ရောက်လာသော်လည်း ပြန်မထွက်ပဲ overstay နေသည့် ရာခိုင်နှုန်း များပြား‌နေ၍ ဖြစ်သည်ဟု သိရသည်။ ထိုရာခိုင်နှုန်း များပြားသည့် နိုင်ငံစာရင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြုစုတင်ပြရန် ထရန့်က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။)

 

(ဒေါ်နယ် ထရမ့် တက်လာပါက တရုတ် အား ဘာလုပ်ပစ်မည်၊ ညာလုပ်ပစ်လိမ့်မည်ဟု မျှော်လင့်ချက် ဖြင့် ထောက်ခံခဲ့သူများ ရှိသော်လည်း လက်တွေ့ တွင် ကုန်သွယ်ခွန် တိုးသည်မှ အပ ဘာမှ ဖြစ်မလာဘဲ တရုတ် စစ်သင်္ဘောများသာ တိုင်ဝမ် တဝိုက် ပို၍ ရဲတင်းလာကြသည်။ ယနေ့ တွင် ထရမ့်မှ စပြီး ရှီကျင့်ပင် ကို ဖုန်းဆက်ပါရစေဟု ခွင့်တောင်းလာ၍ စကား ပြောဖြစ်ခဲ့သည်ကို တရုတ်မီဒီယာများက ဖွင့်ချခဲ့ခြင်းကို ငြင်းနိုင်စွမ်း မရှိ၊ မြေရှား သတ္ထုများ တင်ပို့နေမှု နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စများ ဆက်၍ ‌‌‌ဆွေး‌နွေးဖို့ ပြောခဲ့ကြသည်ဟု သိရသည်။ ယခုအခါ တရုတ်သည် AI နည်းပညာတွင်ပင် အမေရိကန်ကို ဖြတ် ကျော်တက်ရန် တာစူနေပြီ ဖြစ်သည်။)

 

လက်သည်းကွင်း နှင့် ပြထားသော အကြောင်းအရာ များသည် တိုက်ဆိုင်လာ၍ ကျွန်တော်၏ တင်ပြမှုသာ ဖြစ်၍ မူရင်းတွင် မပါရှိဆိုသည်ကို ပြောလိုပါသည်။

 

ဥရောပသည်လည်း ၎င်းတို့၏ အရှေ့ခြမ်း နယ်နမိတ် နှင့် ပတ်သက်၍ ဗျာများ နေဆဲပင် ဖြစ်သည်။

 

ထိုသို့ အနောက်အုပ်စု၏ လျစ်လျူ ရှူ ခံနေရချိန်တွင် ရေရှည် အတွက် အကောင်းဆုံး မျှော်လင့်ချက်သည်ကား ဒီမိုကရေစီ ဖက်မှ အခိုင်အမာ အင်အား ကောင်းလာပြီး ပြည်တွင်းစစ်တွင် အနိုင်ရရှိသွားမည်၊ သို့မဟုတ်လည်း အိန္ဒိယ နှင့် ထိုင်း အကူ အညီ ဖြင့် တရားမျှတသော ငြိမ်းချမ်းရေးမျိုး ထွက်ပေါ်လာမည် တို့ ဖြစ်သည်။

 

လက်ရှိ တွင် ဩဇာအာဏာ သည် တနိုင်ငံတည်း တွင် စုပြုံ မနေသင့် အားလုံး တွင် အာဏာ နှင့် တာဝန် ယူ မှု ညီတူမျှတူ ဖြန့်ကြက် ရှိလာစေမည့် multi-polar world ဆိုသည်ကို ပြောဆို နေကြသော်လည်း လက်တွေ့တွင်မူ အိမ်နီးချင်း နိုင်ငံများက စစ်အုပ်စု ကို ထောက်ခံလိုနေကြဆဲပင် ဖြစ်သည်။ အခြား နိုင်ငံများကိုလည်း ၎င်းတို့နှင့် ပုံမှန် ဆက်ဆံရေး မျိုး တည်ဆောက်ကြရန်ပင် တိုက်တွန်းလိုသည့် သဘောမျိုး ‌တွေ့နေရသည်။

 

သို့သော် အချိန်ကြာလာသည် နှင့် အမျှ ၎င်းတို့ အားလုံး သဘောပေါက်လာကြမည်ကား ဒီမိုကရေစီ ပိုကျစွာ ထွက်ပေါ်လာမည့် မြန်မာ သည်သာ ၎င်းတို့ လိုလား တောင့်တနေကြသည့် တည်ငြိမ်မှု ကို ပေးစွမ်း နိုင်စွမ်း ရှိမည် ဆိုသည်ပင် ဖြစ်သည်။

 

ထိုသို့ သဘောပေါက်မလာခင် အထိ တော့ စစ်ပွဲသည် ဆက်၍ ဖြစ်ပွားနေမည်သာ ဖြစ်ပြီး မြန်မာ အချို့ တိုက်ပွဲ ဝင်နေကြသည့် လစ်ဘရယ် အနာဂတ်သည်လည်း အလှမ်းဝေးနေဦး မည်သာ ဖြစ်သည်။

 

ထို အတော အတွင်း တရုတ်၏ တန်ခိုး ထွားလာမှု နှင့် ကိုယ်ကျိုး ကြည့် လုပ်ရပ်များ၊ အနောက်အုပ်စု ၏ စိတ်ဝင်စားမှု လျော့နည်းလာခြင်း၊ အခြားသူများ၏ ကိုယ်နှင့် မဆိုင်သလို စိတ်မဝင်စား ပဲ နေ နေခြင်းများ ဖြင့် မြန်မာသည် ဒုက္ခနွံထဲ ဆက်၍ သက်ဆင်းနေဦးမည်သာ ဖြစ်သည်။

 

မြန်မာ ၏ အဖြစ်သည် ကြေကွဲစရာ ဖြစ်လာခဲ့ရသည်သာမက အခြားသူများ အား လည်း သတိပေးသလို ဖြစ်လာနေပေသည်။

 

(၂၀၂၅ ဇွန်လ ၄ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်း တွင် "Myanmar is a demonstration of Chinese hegemony in action" ခေါင်းစဉ် ဖြင့် ရေးသားထား‌ သော အယ်ဒီတာ အာဘော်ကို ကောက်နှုတ်တင်ပြသည်။)