အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။
4. TAKE RESPONSIBILITY FOR THE FACE OF THE WORLD
ယနေ့ခေတ်၏ သင်္ကေတ အမှတ်အသားများသည် နောင်တချိန်တွင် တကယ်တမ်း ဖြစ်လာနိုင်သည်များပင် ဖြစ်သည်။ နာဇီ စကြာ တံဆိပ် နှင့် အခြား အမုန်းတရား နှင့် ဆိုင်သော အမှတ်အသားများကို သတိပြုမိအောင် ကြည့်ပါ၊ တွေပါက မျက်နှာလွှဲမသွားပါနှင့်၊ အသားကျ သွားသည် အထိ အဖြစ်မခံပါနှင့်၊ ကိုယ်တိုင် ဖယ်ရှားပြီး၊ အခြားသူများအတွက်လည်း နမူနာ ဖြစ်အောင် ရှေ့ဆောင်ပြပါ။
ဘဝ ဆိုသည်က နိုင်ငံရေး ပင် ဖြစ်သည်။ ဆိုလိုသည်မှာ လောကကြီးသည် သင်၏ ခံစားချက် ကို အရေးထား နေမည် မဟုတ်ဘဲ၊ သင် မည်သို့ ခံစားသည် ဆိုသည့် အပေါ် သာ တုန့်ပြန် တတ်ခြင်း ကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့ပြုလုပ်သော ရွေးချယ်မှု အသေးစားလေးများသည် အနာဂတ်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ခြေကို များစေခြင်း သို့မဟုတ် နည်းစေခြင်းကို ဖြစ်စေ နိုင်သည့် မဲပေးခြင်း တစ်မျိုးပင် ဖြစ်သည်။ နေ့စဉ် ဖြတ်သန်း နေရသည့် နိုင်ငံရေး တွင် ကျွနုပ်တို့ စကား၊ ကျွနုပ်တို့ အပြုအမူ များ သို့မဟုတ် ထိုအရာများ ကင်းမဲ့နေခြင်းကပင် လွန်စွာ အရေးပါနေသည်။ ဤသည် နှင့် ပတ်သက်၍ လွန်စွာ အစွန်းရောက်ခဲ့သည့် ဖြစ်စဉ် အနည်းငယ်၊ အနည်းအကျဉ်း အစွန်းဖက် ရောက်ခဲ့သည့် ဖြစ်စဉ် အချို့ နှစ်ဆယ်ရာစု အတွင်း ရှိခဲ့သည်များကို နမူနာ ထုတ်ပြလိုပေသည်။
ဂျိုးဇက် စတာလင် လက်ထက် ဆိုဗီယက် ပြည်ထောင်စု တွင် ချမ်းသာသော လယ်သမား များ အား ဝက် များ အဖြစ် ပုံဖေါ်ထားသည့် ဝါဒဖြန့် ပိုစတာများ ချိတ်ဆွဲခဲ့ကြသည်။ ထိုသို့ လူ ကို တရိစ္ဆာန် ဘဝ ရောက်အောင် ပုံဖေါ်လာခြင်းသည် ကျေးလက်လို နေရာမျိုး တွင် သတ်ဖြတ်ပစ်ဖို့ နမူနာ ချပြလိုက်ခြင်း မျိုးပင် ဖြစ်သည်။
ထိုအချိန်က ၁၉၃၀ ကျော် နှစ်များ အစောပိုင်းကာလ တွင် ဖြစ်သည်။ ဆိုဗီယက် အစိုးရသည် စက်မှု လုပ်ငန်းများ အလျင်အမြန် တိုးတက်လာအောင် ဝင်ငွေ ရရာ ရကြောင်း အဖြစ် ကျေးလက်ကို အုပ်စီးမိရန် ကြိုးပမ်းလာခဲ့သည်။
အခြားသူများထက် မြေများ၊ ကျွဲနွားများ ပိုင်ဆိုင်ထားသည့် လယ်သမား များ သည် ၎င်းတို့ ပိုင်သမျှ ဆုံးရှုံးရမည့် အရေး နှင့် ရင်ဆိုင်လာကြရသည်။ ဝက် တကောင် ဟု ပုံဖေါ်ခံထားရသည့် အိမ်နီးချင်း တဦးထံမှ မြေ ကို ယူပိုင်ခွင့် ရှိလာသည်။ ထိုသို့ သင်္ကေတ အမှတ်အသား များ အပေါ် ယုံယုံကြည်ကြည် နှင့် လုပ်ခဲ့ကြသူများလည်း မကြာမီမှာပင် ၎င်းတို့ အလှည့် ပြန်ရောက်လာခဲ့တော့သည်။
ဆင်းရဲသော လယ်သမား များအား ၎င်းတို့ထက် ချမ်းသာသူ များ နှင့် ရန်တိုက်ပေးပြီး နောက် ဆိုဗီယက် အာဏာပိုင်များသည် လူတိုင်းလက်ဝယ်ရှိ လယ်မြေများကို သိမ်းယူကာ စုပေါင်းလယ်ယာ အဖြစ် အသွင် ပြောင်းပစ်ခဲ့ကြသည်။ ထိုလုပ်ရပ်ကြောင့် လယ်သမား များ အငတ်ဘေး နှင့် ကြုံတွေ့လာခဲ့ကြရသည်။
၁၉၃၀ နှင့် ၁၉၃၃ အကြားတွင် ဆိုဗီယက် ယူကရိန်း၊ ဆိုဗီယက် ကာဇာတ်စတန်၊ ဆိုဗီယက် ရုရှား တို့ရှိ သန်းပေါင်းများစွာသော လူများသည် စားရမဲ့ သောက်ရမဲ့ ဘဝဖြင့် အရှက်ကို မငဲ့ကွက် နိုင်တော့ပဲ သစ်မြစ်များကို တူးဆွစားသောက်ရင်း သေဆုံးခဲ့ကြရသည်။ မသေဘဲ ကျန်ခဲ့သူ များသည်လည်း သေသွားသူ များ၏ အသားကိုပင် ခုတ်ထစ် စားသောက်ခဲ့ကြရသည်။
၁၉၃၃ တွင် ဆိုဗီယက်တွင် ငတ်မွတ်ခေါင်းပါးမှုသည် အမြင့်ဆုံးသို့ ရောက်လာခဲ့ချိန်တွင် နာဇီ ပါတီသည် ဂျာမဏီ တွင် အာဏာရလာခဲ့သည်။ အောင်မြင်မှု များ နှင့် ယစ်မူးလာနေသော နာဇီ တို့သည် ဂျုး များ ပိုင်သော ဆိုင်များကို သပိတ်မှောက် ရန် ကြိုးစားလာကြသည်။ ပထမပိုင်း တွင်တော့ ၎င်းတို့၏ ကြိုးပမ်းမှု များသည် အောင်မြင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း ဂျုးများ ပိုင်သော ဆိုင်များကို "ဂျုး" ဟူ၍၎င်း၊ အခြားဆိုင်များကို "အာယန်" ဟု ဆိုင်ပြတင်းပေါက်များ၊ နံရံများပေါ်တွင် အမှတ်အသား လုပ်လာခဲ့ခြင်းများ ကြောင့် ဂျာမန် တို့၏ အိမ်တွင်း စီးပွားရေး အပေါ် သက်ရောက်မှု ရှိလာခဲ့သည်။
"ဂျူး" ဟု အမှတ်အသား ပြုခံရသော ဆိုင်များ၏ အနာဂတ်သည် ပျောက်ကွယ်သွားခဲ့ရသည်။ နာဇီတို့၏ လောဘကြီးသော အစီအစဉ်များ၏ ပစ်မှတ် ဖြစ်လာခဲ့သည်။ ပိုင်ဆိုင်မှု တခုအား လူမျိုးနွယ်စု ပိုင် အဖြစ် အမှတ်အသား လုပ်လာသည့် အခါ မနာလိုမှု သည် ကိုယ်ကျင့်တရားကို ပြောင်းလဲသွားစေခဲ့သည်။
ဆိုင်များကို ဂျုးပိုင် ဟု ဆိုနိုင်ခဲ့လျင် အခြား ကုမ္ပဏီ များ နှင့် ပိုင်ဆိုင်မှု များသည် မည်သို့ ဖြစ်လာနိုင်မည်နည်း။ ဂျုးများအား ပျောက်ကွယ်သွားအောင်၊ သို့မဟုတ်ကလည်း နှိပ်ကွပ်ထားချင်သည့် ဆန္ဒများသည် လောဘ ၏ ဖေါက်ပြန်လာမှု ကြောင့် ထကြွလာခဲ့ရသည်။
ဤသို့ဖြင့် ဆိုင် များကို "ဂျုး" ပိုင် အဖြစ် လိုက်လံ အမှတ်အသား လုပ်လာကြသည့် ဂျာမန်များသည် ဂျူးများ တကယ်တမ်း ပျောက်ကွယ်သွားရေး လုပ်ငန်းစဉ်များတွင် ပါဝင်လာခဲ့ကြသည်။ ထိုသို့ လုပ်နေသည်များကို ဖာသိဖာသာ ရပ်ကြည့်နေသူ များသည်လည်း အလိုတူ အလိုပါ များ ဖြစ်လာခဲ့သည်။
ထိုသို့ အမှတ်အသား များ နေရာ အနှံ့ပေါ်လာခြင်းကို မြို့ပြ၏ မရှောင်လွှဲနိုင်သော အဆင်တန်ဆာ များအဖြစ် လက်ခံခဲ့ခြင်းကပင် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လူသတ်ပွဲကြီး အတွက် အပေးအယူ လုပ်လိုက်ကြခြင်းလည်း ဖြစ်သည်။
တစုံတယောက်သည်လည်း တနေ့တွင် ၎င်းမည်သည့် ဖက်တွင် သစ္စာရှိစွာ ရပ်တည်နေသည် ဆိုသည်ကို အထိမ်းအမှတ် သင်္ကေတ မျိုး ဖြင့် ပြသနိုင်မည့် အခွင့် အရေး မျိုး ရရှိလာမည် ဖြစ်သည်။ ထိုအခါတွင် တော့ မိမိနှင့် နိုင်ငံသားများ အတူ ရပ်တည်နေသည့် သင်္ကေတ မျိုး ဖြစ်ဖို့ လိုသည်။ တခုခု ကိုသီးခြား ဖယ်ထုတ်ထားသည် မျိုး မဖြစ်သင့်ပေ။
ရင်ဘတ် ပေါ် ထိုးသည့် တံဆိပ် လေးကို ပင် အရေးမကြီးဟု ပြော၍ မရပေ။ ၁၉၃၃ နာဇီ ဂျာမဏီ တွင် "Yes" ဆိုသော ရင်ဘတ် တံဆိပ်အား လူထု ဆန္ဒခံယူပွဲ နှင့် ရွေးကောက်ပွဲ များ တွင် တပ်ဆင်လာကြ ခြင်းသည် တပါတီ စနစ် နှင့် အုပ်ချုပ်သွားမည် ဆိုသည်ကို အတည်ပြု ပေးလိုက်ခြင်းပင် ဖြစ်သည်။
၁၉၃၈ ဩစတီးယား တွင် ယခင်က နာဇီ မဟုတ်ခဲ့သူ များပင် စကြာ တံဆိပ် ကို တပ်ဆင်လာကြသည်။ ဂုဏ်ယူ ဝင့်ကြွားသည့် အနေဖြင့် တပ်ဆင်ခြင်း ဖြစ်သော်လည်း ဖယ်ကြဉ် ပစ်လာခြင်း၏ အရင်း အမြစ်ကြီး ဖြစ်သွားနိုင်ပေသည်။
၁၉၃၀ ကျော် နှင့် ၄၀ ကျော် နှစ်များတွင် ဥရောပရှိ လူ အချို့သည် စကြာတံဆိပ်ကို တပ်ဆင်ရန် ရွေးချယ်ခဲ့ကြသော်လည်း အချိုက မူ အဝါရောင် ကြယ်တံဆိပ်သာ တတ်ဆင်ကြရသည်။
ကွန်မြူနစ် ဝါဒ နေဝင်ချိန်များ တွင် မည်သူကမျှ တော်လှန်ရေး ကို နောက်ထပ် အယုံအကြည် မရှိကြတော့၊ အထိမ်းအမှတ် သင်္ကေတ များ အတွက် နောက်ဆုံး သင်ခန်းစာ ထွက်ပေါ်လာခဲ့တော့သည်။
နိုင်ငံသား များက တော်လှန်ရေး အပေါ် စိတ်ကုန်လာကြပြီး ဖာသိဖာသာ နေချင်လာကြသည်။ သို့သော် လူမြင်ကွင်း ရှိသည့် အမှတ်အသား ဆိုင်းဘုတ်များက အာဏာရှင် အစိုးရများကို ဆက်၍ ပံ့ပိုးပေးနေဆဲပင် ဖြစ်သည်။
၁၉၄၆ တွင် ချက်ကိုစလိုဗက် ကွန်မြူနစ်များ ရွေးကောက်ပွဲ တွင် အနိုင်ရလာပြီး နောက်ဆုံးတွင် အာဏာ သိမ်းခဲ့မှု နှင့် အကြွင်းမဲ့ အာဏာ များ ရရှိသွားခဲ့သည်။ ထိုအချိန် တွင် ချက်ကိုစလိုဗက် နိုင်ငံသားများက ပျော်တပြုံးပြုံး နှင့် ရှိနေကြသည်။
၎င်းတို့ နှင့် ဆန့်ကျင်ဖက် တွေးခေါ်ခဲ့သူ ဗားကလပ် ဟေဗယ် သည် ၁၉၇၈ တွင် "The Power of the Powerless" ခေါင်းစဉ် ဖြင့် ထုတ်ဖေါ်ရေးသားလာခဲ့သည်။ ထိုစာတမ်းတွင် ဖိနှိပ်ချုပ်ချယ်သော အစိုးရများသည် ၎င်းတို့၏ ရည်မှန်းချက် များ နှင့် သဘောတရားများကို ယုံကြည်နေသူ ဟူ၍ အနည်းအကျဉ်းသာ ရှိနေချိန်တွင် ဆက်၍ သွားနိုင်ရန် လုံးပမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။
နမူနာ အဖြစ် ဟင်းသီးဟင်းရွက် ရောင်းသည့် ဆိုင်ပိုင်ရှင်မှ ၎င်း၏ ဆိုင် ပြတင်းပေါက်တွင် "ကမ္ဘာ့ အလုပ်သမားထုကြီး တရပ်လုံး စည်းလုံးကြ" ဟု ရေးသားထားသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်ဟု ဖေါ်ပြခဲ့သည်။
ထိုပုဂ္ဂိုလ်သည် ကွန်မြူနစ် ကျေညာစာတမ်းပါ အကြောင်းအရာ များကို ကိုးကား ချိတ်ဆွဲထားခြင်း မျိုး မဟုတ်၊ ထိုသို့ ရေးပြီး ချိတ်ဆွဲထားမှသာ ၎င်း၏ နေ့စဉ် လုပ်ငန်းများကို အာဏာပိုင်များ၏ အနှောက်အယှက် ပေးခြင်း မခံရဘဲ လုပ်နိုင်မည်ကို သိထား၍ ဖြစ်သည်။
သို့သော် လူတိုင်းသည် ၎င်းကဲ့သို့ ယူဆ နေမည် ဆိုလျင် လူမြင်ကွင်းတွင် သစ္စာရှိမှု ကို ပြသသော အမှတ်အသားများ နှင့် ပြည့်နှက် သွားပေလိမ့်မည်။ ခုခံ တွန်းလှန်ကြရမည် ဆိုသည်ကိုကား စဉ်းစားကြတော့မည် မဟုတ်။
ဗားကလပ် ဟေဗယ်က ယခုလို ရေးသားခဲ့ပြန်သည်။
ဟင်းသီးဟင်းရွက် ဆိုင် ပိုင်ရှင် ချိတ်ဆွဲထားသော ကြွေးကြော်သံ၏ အဓိပ္ပါယ် အစစ်အမှန်သည် တကယ်တမ်း ရေးသားထားသည် နှင့် မည်သို့မျှ မသက်ဆိုင် ဆိုသည်ကို သိခဲ့ကြပြီး ဖြစ်သည်။
သို့သော် ထိုစာသားသည် လူတိုင်း နှင့် အကျွမ်းတဝင် ရှိပြီးသား ဖြစ်၍ အဓိပ္ပါယ် အစစ်အမှန် သည် ရှင်းလင်းပြီး ယေဘုယျ အား ဖြင့် နားလည်နိုင်သည်။ ဟင်းသီးဟင်းရွက် ဆိုင်ပိုင်ရှင်သည် အုပ်ချုပ်သူ များ လက်ခံနိုင်စွမ်း ရှိမည့် နည်းလမ်း မျိုးဖြင့် ၎င်း သစ္စာရှိသည် ဆိုသည်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ယင်းသည် သတ်မှတ်ထားသည့် ထုံးတမ်းစဉ်လာများကို လက်ခံခြင်း၊ အသွင်အပြင်ကို ပကတိတရားအဖြစ် လက်ခံခြင်း၊ ပေးထားသော စည်းမျဉ်းများကို လက်ခံခြင်းတို့ ပင် ဖြစ်သည်။ ဤနည်းဖြင့် အာဏာရှင် တို့၏ လုပ်ရပ်များ ပထမဦးဆုံး ဖြစ်တည်လာရန်နှင့် ဆက်၍ တည်မြဲနေစေရန် ဖြစ်လာနိုင်စေသည်။
အကယ်၍ မည်သူမျှ ထိုသို့ မလုပ်ဟု ဆိုလျင် ဘာတွေ ဖြစ်လာနိုင်မည်လဲဟု ဟေဗယ်က မေးခွန်းထုတ်ထားခဲ့သည်။