အမေရိကန် အတွက် မြန်မာသည် အဘယ်ကြောင့် အရေး ပါလာရသနည်း

by Hla Soewai - Jun 07 2025

မြန်မာ သည် သာမန် အမေရိကန် နိုင်ငံသား တဦး အတွက် လွန်စွာ ဝေးလံသော အရပ်ရှိ နိုင်ငံတနိုင်ငံ ဟု မှတ်ယူကောင်း မှတ်ယူ နိုင်သော်လည်း အင်ဒို-ပစိဖိတ် ဒေသရှိ အမေရိကန် လုံခြုံရေး အတွက်မူ လွန်စွာ အရေးပါလာပြီ ဖြစ်သည်ဟု Just Security ဝက်ဆိုဒ် တွင် အချက် သုံးချက်ကို အားပြု တင်ပြလာသည်။

 

ပထမဆုံး အချက် အဖြစ် အ‌မေရိကန်သည် ဒေသတွင်း တရုတ်၏ ညှစ်အားကို ဖြေလျော့ပစ်ပြီး ဘူမိနိုင်ငံရေး တွင် ဩဇာသက်ရောက်နိုင်ရန် ကြိုးပမ်းလာနေသည် နှင့် အမျှ မြန်မာ၏ သယံဇာတ များကို ရယူ နိုင် ဖို့ မဖြစ်မနေ လိုအပ်လာသည်။

 

ကချင် နှင့် ရှမ်းပြည်နယ်များ တွင် ကမ္ဘာစီးပွားရေး အတွက် ရှေ့လျောက် အရေးပါလာမည့် ရှားပါး မြေသား သတ္တုများ နှင့် အခြား အရေးပါ‌ သော သယံဇာတ ပစ္စည်းများ ပေါများစွာ ရှိနေသည်။ ထိုသို့ အရေး ပါနေသည်ကို ကောင်းစွာ သိထားသော ဘီဂျင်းသည် လက်မဲ ကုမ္ပဏီများ နှင့် တရားမဝင် တူးဖေါ်‌နေကြသော ဂိုဏ်းများကို သုံးကာ လက်ဝါးကြီး အုပ်လာကြသည့် အတွက် သဘာဝ ပတ်ဝန်းကျင် နှင့် လူသား တို့ အတွက် အန္တရာယ်ကြီး ကျရောက်လာပြီ ဖြစ်သည်။

 

ဖက်ဒရယ် ဒီမိုကရေစီ အစိုးရ တရပ် ကောင်းစွာ ထွက်ပေါ်လာမည်ဆိုလျင် တရုတ်၏ လက်ဝါးကြီး အုပ်ထားမှု မှ ရုန်းထွက် နိုင်ပြီး အနောက်အုပ်စု အတွက် supply chain ကြီး ထွက်ပေါ်လာနိုင်ပေသည်။

 

ဒုတိယ အချက် က မြန်မာသည် အရှေ့တောင် အာရှ ကုန်း‌ မြေ ကြီး တွင် အချက်အချာ ကျသော နေရာတွင် ရှိနေ၍ အမေရိကန် ပြည်ထောင်စုအတွက် အခြေခံ အဆောက်အအုံ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုတို့တွင် လွန်စွာ အရေးပါနေသည်။ ထို့အတွက် တည်ငြိမ်ပြီး ဒီမိုကရေစီ အစိုးရမျိုးသည်သာ တောင် နှင့် အရှေ့တောင်အာရှကို သာ ချိတ်ဆက်ပေးနိုင်မည့် အချက်အခြာ နေရာ အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိပေမည်။ တချိန်တည်း မှာပင် တရုတ် တို့ ဩဇာလွှမ်း နိုင်မည့် လမ်းကြောင်းကိုလည်း တန်ပြန် ထိန်းညှိပေးနိုင်မည် ဖြစ်သည်။ အမေရိကန် အဖို့ အာဆီယံ နှင့် အင်ဒို-ပစိဖိတ် ဒေသတွင် ဆက်၍ ဩဇာသက်ရောက်မှု ကို ထိန်းသိမ်းထားလိုလျင် မြန်မာအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရတော့မည် လည်း ဖြစ်သည်။

 

တတိယ အချက် အ‌နေဖြင် အ‌မေရိကန် တို့ တန်ဖိုးထားသည့် စံနှုန်းများကို ထိန်းသိမ်းနိုင်ရန် မြန်မာသည် အရေးပါလာ ပြန်သည်။ နှစ်ဆယ့်တစ် ရာစုတွင် ဒီမိုကရေစီ ထွန်းကားရေး ရည်မှန်းချက်များ နှင့် အာဏာရှင်စနစ်ဖြင့် ဖိနှိပ် အုပ်ချုပ်မှု များ အကြား၊ လူမျိုးရေး အခြေခံ အမျိုးသားရေး ဝါဒ ကြောင့် ဖြစ်ပေါ်လာမည့် ကွဲပြားမှု နှင့် ပြည်သူလူထု ပူးပေါင်းလာဝင်လာမှု အကြား၊ လူမျိုးတုံး သတ်ဖြတ်မှု နှင့် တာဝန်ယူ မှု၊ တာဝန်ခံမှု တို့ အကြား အားပြိုင်ရာ ကစားကွင်းကြီး ထွက်ပေါ် လာနေပြီ ဖြစ်သည်။

 

မြန်မာ တိုက်ပွဲသည် နယ်မြေစိုးမိုးရေး အတွက်သာ မဟုတ်တော့ဘဲ ကျင့်ဝတ် တရားပိုင်းနှင့် ဆိုင်လာသည်။ ကိုယ့်မင်းကိုယ်ချင်း ထင်ရာစိုင်းနေသူများကို ဆန့်ကျင်တွန်းလှန်သူ များ ပေါ်ထွက်လာသည့် အခါ အမေရိကန်ပြည်ထောင်စုက မည်သို့ဆောင်ရွက်သည် သို့မဟုတ် မဆောင်ရွက်ဘဲ ထားမည် ဆိုသည်က အရေးကြီးလာသည်။ ၎င်းတို့ အဖို့လည်း နိုင်ငံ ပြန်လည် တည်ဆောက်ရေးး အတွက် လက်များ ရုန်းမရအောင် ချည်နှောင်ခံရသလို ဖြစ်မည်မှာ သေချာသော်လည်း ၎င်းတို့ နိုင်ငံ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့က မဖြစ်မနေ ရုန်းကန်သွားကြမည်သာ ဖြစ်သည်။

 

ဝါရှင်တန် အတွက် လုပ်မည် ဆိုလျင် လုပ်၍ ရသည့် မူဝါဒ များ ရှိနေပြီး ဖြစ်သည်။

 

ယခု အခါ တော်လှန်ရေး အဖွဲ့များ စစ်မြေပြင်တွင် အောင်ပွဲများ ရလာသည် နှင့် အမျှ ထရမ့် အစိုးရ အဖို့ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ အား နိုင်ငံရေး အရ အသိအမှတ် ပြုနိုင်မည့် အခွင့်အလန်း ထွက်ပေါ်နေပြီ ဖြစ်သည်။ လက်ရှိ အ‌နေအထားတွင် သံတမန်ရေး အရ အသိအမှတ် မပြု နိုင်သော်ငြားလည်း ထိတွေ့ ဆက်သွယ်မှု များ တိုးမြှင့်ခြင်း၊ ထောက်လှန်းရေး သတင်းများ ဝေငှခြင်း၊ နည်းပညာပိုင်း ပံ့ပိုးပေးခြင်း၊ ဒေသတွင်း ‌ဆွေးနွေးပွဲများတွင် ပါဝင်‌စေခြင်း၊ ရုပ်ဝတ္ထုပိုင်း အကူအညီပေးခြင်း၊ တော်လှန်ရေး အဖွဲ့များ၏ ထိန်းချုပ် နယ်မြေများတွင် အုပ်ချုပ်ရေး အား ကောင်းအောင် အကူအညီ ပေးခြင်းမျိုး များ ဖြင့် မြန်မာ၏ ဖက်ဒရယ် အနာဂတ်အတွက် အောက်ခြေမှစ၍ ပြုစု ပျိုးထောင်ပေးနိုင်သည်။

 

ဒုတိယ အချက် အနေဖြင့် လွတ်မြောက်‌ဒေသများတွင် အုပ်ချုပ်ရေး တည်ငြိမ်ခိုင်မြဲမှု ရှိအောင် အမေရိကန်သည် အာဆီယံ နိုင်ငံများ သို့မဟုတ်ကလည်း ဂျပန် နှင့် QUAD အဖွဲ့ဝင် နိုင်ငံများ၊ အီးယူ တို့ နှင့် ပူးပေါင်း၍ စောင့်ကြည့် ပေးနိုင်သည်။ ထိုမှတဆင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ၊ နိုင်ငံရေး အသွင်ကူးပြောင်းမှု များ၊ အခြား ဖွံ့ဖြိုးရေး အကူအညီများ လည်း ပေးနိုင်မည် ဖြစ်သည်။

 

တတိယ အချက် အနေဖြင့် ဝါရှင်တန်သည် ၎င်းတို့ တွင် ရှိ စီးပွားရေး အရ နိုင်ကွက်များကို အလေး အနက်ထား စဉ်းစားရမည် ဖြစ်သည်။ တရုတ်နှင့် ဆက်နွယ်နေသည့် တရားမဝင် တူးဖေါ်ထုတ်ယူ‌ နေကြသူ များ၊ သစ်ခုတ်လှဲ ထုတ်ယူနေကြသူများအား ဒုတိယ တန်းစား ပိတ်ဆို့ဒဏ်ခတ်မှု များ ဖြင့် အရေးယူရမည်၊ ငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးနေကြသူများ အားလည်း ထိန်းချုပ်ထားနိုင်ဖို့ လိုသည်။

 

ထိုအတော အတွင်း ဝါရှင်တန်သည် အာဆီယံ နိုင်ငံများ နှင့် ပူးပေါင်း၍ အနာဂတ် မြန်မာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် အသစ် အတွက် လမ်းပြ မြေပုံတရပ် ရေးဆွဲထားရတော့မည် ဖြစ်သည်။

 

ယခုအခါ ဘူမိနိုင်ငံရေး မြေကြောကြီး ရွေ့လျားနေသည်ကို တရုတ်သည် ကောင်းစွာ အသုံးချနေပြီ ဖြစ်သည်။ တရုတ် သံတမန်များသည် လားရှိုးတွင် အလုပ်များနေကြပြီး အပစ်အခတ် ရပ်စဲရေး၊ ကိုယ့်ဖက် ပါလာအောင် ဆွဲဆောင်နေကြသည်။ ဝါရှင်တန်သည် ယခုအခါ တုံဏှိဘာဝေ နှင့် ရှိပြီးသား ပါတနာများကိုပင် မျက်နှာလွှဲ ခဲပစ် လုပ်လာ‌နေသည်။

 

ဘူမိ နိုင်ငံရေး တွင် ‌ပေါ်ပေါက်လာသည့် အလားအလာများက မျက်စိတမှိတ် လျပ်တပြက်မျှသာ ဖြစ်သည်။ မြန်မာ၏ ပြည်တွင်းစစ်သည် အနေအထား အသစ်သို့ ဝင်ရောက်လာနေပြီ ဖြစ်သည်။ ယင်းသည် ဖိနှိပ် အုပ်ချုပ်မှု များ၊ ကသောင်းကနင်း ဖြစ်ရပ်များဖြင့် ပုံဖေါ်လာမည်လော၊ အားလုံး ပါဝင်လာမည့် တည်ငြိမ်မှု များ ဖြစ်လာမည်လော ဆိုသည်က မြန်မာပြည်သူများ အပေါ်သာ မက လာမည့် လများ အတွင်း အင်အားကြီး နိုင်ငံများက ဘယ်လမ်းကို ရွေးမည် ဆိုသည် ကလည်း မူတည်လာနေသည်။

 

ယင်းသည် အမေရိကန် အမျိုးသား လုံခြုံရေး အတွက် လည်း လွန်စွာ အရေး ပါလာနေ၍ နည်းလမ်းရှာဖို့ လိုအပ်လာပြီ ဖြစ်သည်။

 

ဝါရှင်တန်အနေဖြင့် ဆုံးဖြတ်ရဖို့ ဖြစ်လာရသည်က - ရှေ့လျောက် အမေရိကန် အတွက် နစ်နာအောင် ဖြစ်ပျက်လာနေသည့် သမိုင်းကို ထိုင်ကြည့်နေမည်လား၊ သို့မဟုတ် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည့် သမိုင်းကို ကိုယ်တိုင် ရေးသားမလား ဆိုသည်ပင် ဖြစ်ပေသည်။

 

မိမိအမြင်အရ ဆိုမူ ထရမ့်သည် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ကို စီးပွားရေး သမား ပီပီ စိတ်ခံစားချက် မပါဘဲ ပကတိတည်ရှိနေမှု နှင့် ချိန်ထိုးသူ ဖြစ်သည်ဟု ပြော၍ ရနေသည်။ ဥပမာ ဆိုရက ယူကရိန်းသည် မည်သို့ပင် ဆိုစေ ရုရှား၏ ဩဇာ စက်ဝန်းမှ ရုန်းမထွက် နိုင်၊ ထို့အတွက် ယူကရိန်း၏ ဒီမိုကရေစီ နှင့် လွတ်လပ်ခွင့် အတွက် အင်အားကြီး နိုင်ငံတနိုင်ငံ အား အံတုဖက်ပြိုင်နေပါက ငွေကုန်လူပမ်း ယုံသာ ရှိမည်ဟု ယူဆထားပုံရသည်။

 

မြန်မာ အတွက် အထက်တွင် ‌ပညာရှင်များ ထောက်ပြခဲ့သလို မည်မျှပင် အကျိုး ရှိ‌နေစေကာမူ တရုတ်၏ နောက်ဖေးခြံဟု အမေရိကန် သမ္မတ အဆက်ဆက် ယူဆထားကြသည်၊ ထို့အတူ အမေရိကန်၏ နောက်ဖေးခြံဟု ယူဆထားသော လက်တင် အမေရိကား တွင် တရုတ်တို့ သိသိသာသာ ဝင်ရောက်လာခြင်းမျိုး မရှိသည်ကို တွေ့ရသည်။ ထိုသို့ နှစ်ဦး နှစ်ဖက် ဖွင့်မပြောပဲ နားလည်မှူ ဖြင့် လက်ရှောင်နေကြခြင်း ဖြစ်နိုင်စရာ ရှိနေသည်။

 

ပြည်သူများ၏ တရားသော ခုခံစစ် မုချ အောင်ရမည်!!!