ERO တို့ နိုင်ကွက် ကိုင်ပြီး တရုတ်ကို တန်ပြန်ဖို့ လိုပြီ

by Hla Soewai - Jun 07 2025

တရုတ် အထူး သံတမန် တိန်ရီချွန်း မှ ကချင် နှင့် ရခိုင် တော်လှန်ရေး တပ်များအား ၎င်းတို့၏ ပိုက်လိုင်းများ တလျောက် အထူးသဖြင့် ဗန်းမော် နှင့် ကျောက်ဖြူ တဝိုက် ထိုးစစ်မဆင်ကြရန် ပြောလာသည်ဟု အဆိုပါ အဖွဲ့များ နှင့် နီးစပ်သော သတင်း ရပ်ကွက် များအား ကိုးကားပြီး ဧရာဝတီ သတင်း တွင် ဖေါ်ပြလာသည်။

 

ထိုသို့ ရပ်တန့်မည်ဆိုက ရှေ့လျောက် ဆက်ဆံရေး တိုးမြှင့် သွားမည်ဟု မက်လုံးပေးလာခဲ့သည်၊ ဆိုလိုသည်က လိုအပ်သော စစ်လက်နက် ပစ္စည်းများ ပံ့ပိုးပေးသွားမည့် သဘောပင် ဖြစ်သည်။

 

တရုတ်သည် မြန်မာ တွင် အစစ်အမှန် ငြိမ်းချမ်းရေး ရရှိရေးထက် အချင်းချင်း အမြဲလို ရန်စောင်နေကြကာ ချိနဲ့ နေသည့် နိုင်ငံ အဖြစ်သာ ရှိနေစေပြီး ၎င်းတို့ လိုအပ်သမျှ ထုတ်နှုတ်ယူငင်သွား နိုင်ဖို့သာ အလေးထား လုပ်ဆောင်နေသည်က ထင်ရှားသည်ထက် ထင်ရှားလာ‌နေသည်။

 

၎င်းတို့လိုအပ်နေသည်ထက် အလွန်အကျွံလုပ်လာသော ကိုးကန့် အဖွဲ့ကို ငြိမ်ကျသွားအောင် လုပ်နိုင်ခဲ့သည်၊ ထိုသို့ လုပ်၍ မရသော ကချင် နှင့် အာရက္ခ အဖွဲ့များကိုမူ တလေးတစား ဆက်ဆံပြပြီး အပျော့ဆွဲ ဆွဲလာနေသည်။ အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးပေးနေသည်ဟု စစ်အုပ်စု ကျေနပ်အောင်လည်း မက်လုံးပေးနိုင်ဦးမည် ဖြစ်သည်။

 

တရုတ်သည် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများကို သွေးခွဲသည့် နှစ်လမ်းသွား ဗျူဟာ ကို ကျင့်သုံးလာနေသည်ကို တွေလာရသည်။ ၎င်းတို့ အတွက် မဟာဗျူဟာ အရ လွန်စွာ လိုအပ်နေသော မြေရှား သတ္တုများ အဆက်မပြတ် ရရှိရေး နှင့် ယင်းတို့အား တံခါးမှုးကြီး များသဖွယ် ထိန်းသိမ်းထားသည့် တိုင်းရင်းသား အဖွဲ့များ နှင့် စစ်အုပ်စု အားလည်း တရားဝင် အသိအမှတ် မပြုမိအောင် ရှောင်ရှားခဲ့ခြင်းပင် ဖြစ်သည်ဟု တရုတ်ရေးရာ ကျွမ်းကျင်သူ သုတေသီ Athena Awn Naw က ‌ဧရာဝတီ တွင် ဆောင်းပါး ရေးသားလာသည်။

 

တိုင်းရင်းသား အဖွဲ့များသည် အဆိုပါ မြေရှားသတ္တုများ ထုတ်ရောင်ခြင်း ဖြင့် ငွေရှာနေမည် ‌‌ဆိုက တရုတ် အပေါ် အလွန်အကျွံ မှီခို နေရသည့် ဆပ်ကန်ထရိုက်တာ များ အဆင့်ထက် တက်လာမည် မဟုတ်ဟု သတိပေးလာခဲ့သည်။

 

ထိုအဖြစ်မှ ရုန်းထွက်နိုင်ရန် ၎င်းတို့၏ အရောင်းအဝယ် ဆန်သော သဘောတူညီချက်များ နှင့် တင်းတိမ်နေ၍ မရတော့ဘဲ ရေရှည်တည်တံ့မည့် မဟာဗျူဟာ နှင့် မူ များ ချမှတ်သွားရတော့မည် ဖြစ်သည်။

 

ထိုသို့ ချမှတ် နိုင်အောင် တွင်းထွက် သယံဇာတများ စီမံထိန်းချုပ်မှု အားကောင်းအောင် ပြုလုပ်ရမည်၊ သဘာဝ ပတ်ဝန်းကျင် နှင့် လုပ်သားများ အား အကာအကွယ် ပေးမည့် အစီအမံများ အကောင်အထည် ဖေါ်ရန် နှင့် တရုတ် ကုမ္ပဏီ များ နှင့် ပိုမိုပွင့်လင်းမြင်သာပြီး တရားမျှတသော စည်းကမ်းချက်များ ရရှိ‌ အောင် ‌ဆွေးနွေးသွားရန် တို့ ဖြစ်သည်။

 

အရင်းအမြစ်များ ထိန်းချုပ်ထားနိုင်ယုံလောက်ဖြင့် ရေရှည်သွားနိုင်မည် ဟု မမှတ်ယူသင့်၊ ၎င်းအစားပြည်တွင်းပြည်ပ နိုင်ငံရေးဆိုင်ရာ တရားဝင်မှုကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအုတ်မြစ်တစ်ခုအဖြစ် မှတ်ယူရပေမည်။

 

အပြုသဘော ဆောင်မည့် ငြိမ်းချမ်းရေး မျိုး ရရှိအောင် နည်းလမ်းများ ရှာဖွေ လုပ်ဆောင်သွားရမည်။ ထို့အတွက် ဖက်ဒရယ် စနစ်၊ တန်းတူညီမျှ မှု၊ ရေရှည် တည်တံ့မည့် တည်ငြိမ်မှု များ အပေါ် အခြေခံပြီး အပြီးအပြတ် ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားရတော့မည် ဖြစ်သည်။ ဤသည်ကလည်း မြန်မာ၏ အနာဂတ် အတွက်လည်း လွန်စွာ အရေးပါနေသည်။

 

မြေရှား သတ္တုများသည် ‌ကျောက်စိမ်းကဲ့သို့ သာမန် တွင်းထွက် ပစ္စည်းများ မဟုတ်ဘဲ တရုတ်တို့ မဟာဗျူဟာ အရ ရယူလိုသည့် တွင်းထွက်များ ဖြစ်နေသည့် အတွက် တိုင်းရင်းသား အဖွဲ့ များ အတွက် အပေးအယူလုပ်စရာ၊ ဘူမိနိုင်ငံရေး တွင် အရေးပါသည့် အနေအထား တွင် ရှိနေစေရန် အသုံးချစရာ ဖြစ်လာသည်။

 

ဤအားသာချက်သည် ထက်မြက်သော နှစ်ဖက်သွား ဓားတစ်ချောင်းနှင့်တူသည်။ ၎င်းသည် ရေတိုကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အာဏာကို ပေးစွမ်းနိုင်သော်လည်း တရုတ်၏ ခြယ်လှယ်မှု၊ စီးပွားရေးအရ မှီခို နေရမှုနှင့် တရားဝင်မှုဆိုင်ရာ အကျပ်အတည်းများကို ပိုမိုနက်ရှိုင်းလာစေ နိုင်သည်။

 

တိုင်းရင်းသား အဖွဲ့များ အတွက် လမ်းဆုံလမ်းခွ သို့ ရောက်လာနေပြီ ဖြစ်သည်၊ တရုတ်တို့ လိုသမျှ ထုတ်ရောင်းပေးမည့် ဂိတ်မှုးကြီးများ သဖွယ် ဆက်ရှိနေမည်လော၊ နိုင်ငံရေး အရ တရားဝင်မှု နှင့် တည်တံ့ ခိုင်မြဲမည့် ငြိမ်းချမ်းရေးကို ရရှိရန် ကြိုးပမ်းမည်လော ဆိုသည်ကို ရွေးချယ်ရတော့မည် ဖြစ်သည်။

 

ပွင့်လင်းမြင်သာသော စည်းမျဉ်းမူဘောင်များ ချမှတ်ခြင်း၊ အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင် စံချိန်စံညွှန်းများ ပြဋ္ဌာန်းခြင်း၊ နှင့် တာဝန်ယူမှုရှိသော သယံဇာတ စီမံခန့်ခွဲမှုကို ပြသခြင်းတို့ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) / တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်‌ ပေမည်။ 

 

၎င်းသည် ဒေသခံပြည်သူများ အတွက် သာမက၊ ကျင့်ဝတ်သိက္ခာရှိသော ထောက်ပံ့ရေးကွင်းဆက်များကို ရှာဖွေနေသည့် နိုင်ငံတကာ အစုရှယ်ယာရှင်များနှင့်ပါ ပိုမိုယုံကြည်မှုရရှိစေမည်ဖြစ်သည်။ ထိုမှတဆင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ အကူအညီများ ရရှိနိုင်မှုနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိခြင်း စသည့် အခွင့်အလမ်းများကို ဖွင့်လှစ်ပေးနိုင်မည် ဖြစ်သည်။

 

ထိုသို့ပြောင်းလဲမှုမရှိပါက သယံဇာတ ကြွယ်ဝမှုသည် လှောင်အိမ်သဖွယ် ဖြစ်လာနိုင်သည်—အကျိုးအမြတ်ရသော်လည်း ချုပ်နှောင်ခံရသကဲ့သို့ ဖြစ်မည်။

 

နောက်ဆုံးတွင်၊ စွမ်းအားအစစ်အမှန်သည် ထုတ်ယူသည့်အရာ၌ မဟုတ်ဘဲ တည်ဆောက်သည့်အရာ၌ တည်ရှိသည် ဟု အကြံပြု ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo credit - The Economist